ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲမျိုးစုံဈေးကွက်၌ ပဲလွန်းဖြူသီးနှံဈေးနှုန်း ဆက်လက်မြင့်တက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊  ပဲလွန်းဖြူသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ပဲလွန်းဖြူတစ်တင်းလျှင် (၉၈၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၉၇၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲလွန်းဖြူသီးနှံတစ်တင်းလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များ နှင့်ပွဲရုံများသို့ တင်ပို့လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဓနုဖြူမြို့နယ် ကွမ်းသီးနု ထွက်ရှိမှုနှင့် တင်ပို့မှု

     ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော ကွမ်းသီးစိမ်းနုကို ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလ အတွင်း တင်ပို့လျက်ရှိကြောင်း သိရသည်။ ကွမ်းသီးနုကို ခြံမြေတွင် စိုက်ပျိုးပြီး နှစ်ရှည်ပင်ဖြစ်၍ ၁ဧက နီးပါးရှိပြီး အပင်ပေါင်း ၃၀၀၀ကျော်နီးပါးရှိကြောင်းသိရသည်။ ထွက်ရှိသော ကွမ်းသီးနုများကို ရန်ကုန်သို့ အပတ်စဉ် တင်ပို့ကြောင်း တစ်ပတ်လျှင်   ပိဿာချိန် ၂၀၀၀နီးပါးရရှိ၍ ၁လအတွင်း ပိဿာချိ ၈၀၀၀ နီးပါး ထိ တင်ပို့ရောင်းချခဲ့ ကြောင်း စိုက်ပျိုးရောင်းချသူ ဒေါ်လှမေထံမှ သိရသည်။

          လက်ရှိ ကွမ်းသီးနုဈေးနှုန်းအနေဖြင့်  ၁၀ ပိဿာလျှင် ငွေကျပ် ၁၂၅၀၀၀ ထိ ဈေးရရှိကြောင်း ။ ရန်ကုန်ဈေးကွက်ကို စက်တင်ဘာလမှ စ၍ တင်ပို့ရပြီး ၉/၂၀၂၅ လက ပိဿာ ၅၀၀၀ခန်ံ၊ ၁၀/၂၀၂၅ လက ၇၅၀၀ခန့်၊ ၁၁/၂၀၂၅လက ၈၀၀၀ခန့်၊ ၁၂/၂၀၂၅ လက ၈၀၀၀ခန့် တင်ပို့ခဲ့ပြီး  ကွမ်းသီးနု ပိဿာချိန် စုစုပေါင်း ၂၈၅၀၀ပိဿာခန့် တင်ပို့ခဲ့ပြီးကြောင်းသိရသည်။  ဓနုဖြူမြို့နယ်ကနေ ထွက်ရှိတဲ့ ကွမ်းသီးနုတွေကို ပြည်တွင်းဈေးကွက်အပြင် ရန်ကုန်မှ တဆင့်  တရုတ်နိုင်ငံဘက်ကပါ ဝယ်ယူမှုတွေရှိကြောင်းဟု ဓနုဖြူမြို့နယ် ကွမ်းသီး စိုက်ပျိုးသူထံမှ သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်တွင် ရုံးပတီစိုက်ပျိုး ထွက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် သပြုကျေးရွာတွင် ဟင်းသီးဟင်းရွက်သီးနှံ တစ်ခုဖြစ်သည့် ရုံးပတီသီးနှံကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ရုံးပတီသီးနှံသည် စိုက်ပျိုးရလွယ်ကူသော ရုံးပတီ သီးနှံကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

      ရုံးပတီသီးနှံ စိုက်ပျိုးရာတွင် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ရုံးပတီကို ၂၀၂၅ခုနှစ် နိုဝင်ဘာလ တွင် စတင်းစိုက်ပျိုးခဲ့ပြီး  စိုက်ပျိုးပြီး ၂ လခန့်အကြာတွင် အသီးများကို စတင်ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် မျိုးစေ့ ၁၅ ထုပ်ခန့် ကုန်ကျကြောင်း၊ မျိုးစေ့ထုတ်ဈေးနှုန်း ၁ထုတ်လျှင် ၁၅၀၀၀ ကျပ်ဝယ်ယူရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၈၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တန်းခြား ၃ ပေ၊ ပင်ခြား ၁ ပေ - ၁ ပေခွဲ ထား၍ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရပြီး  ရုံးပတီသီးနှံကို တစ်ပတ်လျှင် ၅ ရက်နှုန်း ခူးဆွတ်ကြောင်း၊  ထွက်ရှိမှုအနေဖြင့်  ၂ လအတွင်း  ခူးဆွတ်နိုင်ပြီး တစ်ဧကလျှင် ပိဿာချိန် ၄၀၀၀ ခန့် ထွက်ရှိကြောင်း၊ စိုက်ပျိုးတောင်သူထံမှ သိရသည်။ ရောင်းချမှုအနေဖြင့် ဒေသတွင်းရောင်းချမှု အပြင် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချ ကြကြောင်း၊ ရုံးပတီသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ရာသီမရွေး စိုက်ပျိုးနိုင်သည့်အတွက် တောင်သူများ အနေဖြင့် အကျိုးအမြတ်များရရှိကြောင်း တောင်သူဦးထွန်းဝေထံမှ  သိရသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့ပဲမျိုးစုံဈေးကွက်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲတီစိမ်း

         စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၇၆၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၈၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခုဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် (၈၀၀၀)ကျပ်နှင့် ထွက်တိုးတစ်တင်းလျှင်(၉၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ အများဆုံး တင်ပို့ရောင်းချကြောင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သခွားသီး စိုက်ပျိုးထွက်ရှိုမှုနှင့် အကျိုးအမြတ် တောင်သူရရှိ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အတွင်းရှိ ကျေးရွာများသည် စပါး၊ ပဲ၊ ပြောင်းနှင့် သီးနှံမျိုးစုံကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး၊ ပြောင်း၊ ဗူးသီး၊ သခွား၊ ငရုတ်၊ ကွမ်း၊ နေကြာ၊ ပဲမျိုးစုံတို့ကို စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့်  မိသားစုအပိုဝင်ငွေရရှိနေပြီးကို ဓနုဖြူ သခွတ်ချောင်း ကျေးရွာ တွင် စိုက်ပျိုးကြောင်း သိရသည်။

       သခွားသီးနှံကို ရာသီမရွေးစိုက်ပျိုးနိုင်၍ သခွားသီးပင်သည် ၂၀၂၅ခုနှစ် နိုဝင်ဘာလက  စတင်စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် အသီးစထွက်ပြီး၊ သခွားပင်တစ်ပင်လျှင် သခွားသီးအလုံးရေ (၇)လုံးမှ (၁၀)လုံးအတွင်း ထွက်ရှိကြောင်း၊ စိုက်ပျိုးမှု မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၆ သိန်းခန့် ကုန်ကျကြောင်း၊  သခွားသီး ထွက်ရှိပါက  ၂-၃ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး အလုံးရေ ၄၀၀- ၅၀၀ ခန့် ထွက်ရှိ ရာ တစ်ဧကလျှင် သခွားသီး အလုံးရေ ၅,၀၀၀ ခန့် ထွက်ရှိကြောင်း၊ သခွားဈေးနှုန်းအနေဖြင့် ဈေးကွက်အတွင်း ၁လုံးလျှင် လက်ကားဈေး ၂၀၀ကျပ် ဖြင့် ရောင်းချရပြီး အကျိုးအမြတ် ၄သိန်းခန့် ကျန်ရှိကြောင်း စိုက်ပျိုးတောင်သူက ရှင်းပြသည်။ သခွားကို အကျိုးအမြတ်ကျန်ရှိ၍ သုံးရာသီလုံး စိုက်ပျိုးကြောင်း တင်ပို့မှုအနေဖြင့် ရန်ကုန်နှင့် တိုင်း‌ဒေသကြီး မြို့နယ်များသို့လည်း ရောင်းချကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် ပဲဇီးကွက်သီးနှံဈေးနှုန်း ပြန်လည်မြင့်တက်

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း ပဲဇီးကွက်သီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၉၄၀၀၀)ကျပ်၊ အကွဲအနာပါလျှင် (၉၃၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုဒီဇင်ဘာလ  တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင်(၄၀၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ပဲဇီးကွက်သီးနှံကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ဓနုဖြူမြို့နယ်တွင် ငရုတ်စိုက်ပျိုးမှု အခြေအနေ

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် မြစ်ချောင်းများအပေါ်အခြေခံ၍ သီးနှံ မျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို ဓနုဖြူမြို့နယ် အတွင်း ၉၂၈ ဧက စိုက်ပျိုးရန်ရှိပြီး စိုက်ပျိုးပြီးဧကမှာ ၇၂၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

     စိုက်ပျိုးမှုအနေဖြင့် ငရုတ်သီးကို မှည့်စိမ်း စိုက်ပျိုးခြင်းနှင့် ငရုတ်မိုးမျှော်စိုက်ပျိုးခြင်းများ ရှိသည်။  ယခုစိုက်ပျိုးသော သီးနှံမှာ မှည့်စိမ်းဖြစ်ပြီး ၂၀၂၅ခုနှစ် အောက်တိုဘာလတွင် စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄ လခန့် အကြာတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် စတားဟော့ ကို စိုက်ပျိုးကြကြောင်း၊ မျိုးစေ့ကို ပျိုးထောင်၍ ငရုတ်ပျိုးပင်သက် တမ်း ၁ လသားအရွယ်တွင် ပင်ခြားတန်းခြား တစ်ပေခြားဖြင့် စိုက်ဘောင်၌ စိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၅ သိန်းခန့်ကုန်ကျ၍ ယခင် နှစ်က ငရုတ်သီးအခြောက် ပိဿာချိန် ၅၀၀-၆၀၀ ခန့်ထွက်ရှိကြောင်း၊ ယခုအချိန်တွင် ငရုတ်စိုက် ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ငရုတ်ဈေးကောင်းရန် မျှော်လင့်နေရကြောင်း၊ ငရုတ်သီးထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းများ ကောင်းမွန်ပါက တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ဓနုဖြူမြို့နယ် ငရုတ်စိုက် တောင်သူဦးထွန်းဝင်း၏  ပြောကြားချက်အရ သိရသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်၌ ဆီနေကြာသီးနှံဈေးနှုန်း အနည်းငယ်ကျဆင်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ကြက်ဆူနှင့် နေကြာသီးနှံတို့ကို စိုက်ပျိုးလျက်ရှိကြောင်း၊ ဆီနေကြာစိုက်ပျိုးရာတွင် မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ (၂)မျိုးရှိကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ သွင်းအားစုနှင့် မြေအနေအထားအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၅၄၅၀၀)ကျပ်၊ နေကြာညံ့လျှင် (၅၄၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကန့်ဘလူမြို့နယ်တွင် နေကြာသီးနှံကို ဆီကြိတ်၍ ကုန်ချောထုတ်လုပ်ပြီး ပိုလျှံသောနေကြာများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များ သို့တင်ပို့လျက်ရှိကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပဲဈေးကွက်၌ စွန်တာနီ(ပဲနီ)ဈေးနှုန်း ပြန်လည်မြင့်တက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး မိုးသီးနှံ စွန်တာနီ(ပဲနီ)(၂၂၀၀)ဧကကျော် စိုက်ပျိုး ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

          ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၉၅၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၉၄၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဒေသတွင်းစားသုံးပိုလျှံသည့်ပဲများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့သီးနှံဈေးကွက်၌ ကြက်ဆူစေ့ဈေးနှုန်း အနည်းငယ်ကျဆင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် ကြက်ဆူသီးနှံကိုစိုက်ပျိုးကြောင်း၊ ကြက်ဆူသီးနှံသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးပြီး ကန့်ဘလူမြို့ပေါ်သို့ လာရောက်ရောင်းချကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း  ကြက်ဆူစေ့တစ်တင်းလျှင် (၄၈၀၀၀)ကျပ်၊ ကြက်ဆူစေ့ညံ့လျှင် (၄၇၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ကြက်ဆူစေ့(၁)တင်းလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကြက်ဆူစေ့များကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း