ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထက်မင်းလှမြို့နယ်၌ ကုလားပဲသီးနှံအထွက်နှုန်းကောင်း၍ ဈေးကောင်းရလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ရွာတော်၊ မန်းသံပုရာကန်၊ ညောင်ပင်သာ၊ ဥယျာဉ်၊ ပန်းတော်ပြင်၊ ဇီးတော၊ မယ်ဇလီတော၊ ရွာသစ်၊ ဘွဲ့၊ ကုန်ကြီး၊ ဂျင်ရဲမြောင်စသည့်ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ စပါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူစသည့် သီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ဇီးတောကျေးရွာ၌ ကုလားပဲသီးနှံကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလဆန်းတွင်စိုက်ပျိုးပြီး ၂၀၂၅ခုနှစ်၊ မတ်လဆန်းတွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

          မျိုးအနေဖြင့် ကုလားပဲ(မြကြေး)မျိုးကို အများဆုံးစိုက်ပျိုးထားပြီး ဟော်လန်မျိုးကိုလည်း အနည်းငယ်စိုက်ပျိုးထားကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ (၂)တင်း ခန့်ကုန်ကျ၍ ထွန်ကြောင်းဆွဲအစေ့ ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခနှင့် ရိတ်သိမ်းခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၈၀၀၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၁၅)တင်းခန့်ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ရာသီဥတုသမမျှတ၍ (၁၆)တင်း မှ (၂၁)တင်း ထိထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် မတ်လ(ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၉၀၀၀၀)ဖြင့် ရောင်းချရ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၆၄၀၀၀၀-၁၀၉၀၀၀၀)ခန့်ရရှိကြောင်း သိရသည်။

          ဈေးကွက်အနေဖြင့် မင်းလှမြို့နှင့် မကွေးမြို့ရှိ  သီးနှံပွဲရုံများသို့ ရောင်းချကြောင်း၊ ထိုမှတဆင့် ဒေသတွင်းရှိ ပဲကြော်၊ ပဲလှော်၊ မုန့်လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်းနှင့် ရန်ကုန်၊ မန္တလေးမြို့ များသို့တင်ပို့ကြောင်း ဇီးတောကျေးရွာနေ ကုလားပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

မအူပင်မြို့နယ်တွင် ဟော်လန်သံပုရာ စိုက်ပျိုး၍ တောင်သူ အကျိုးအမြတ်ရ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ အနောက်ဘက်ကမ်း ကျေးရွာများတွင် ဟော်လန်သံပုရာသီးနှံကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် စိုက်ဧက ၉၃၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

          မျိုးအနေဖြင့် ဟော်လန်  သံပုရာသီးမျိုးကို ပေ ၆၀ ပတ်လည်ခြံတွင် စိုက်ပျိုးပြီး သံပုရာအပင်ရေ ၈၀ခန့်စိုက်ပျိုးထားသည်။ သုံပုရာကိုင်းကို ၁ကိုင်းလျှင် ၁၂၀၀/-ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။  စိုက်ပျိုးမှုအနေဖြင့် ၂၀၂၄ခုနှစ် ဇွန်လတွင် ၈လာအကြာ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလတွင် စတင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  စိုက်ဧကလျှင် ငွေကျပ် ၂၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ၁ပင်လျှင် အသီး ၅၀၀ခန့်သီးပြီး အလုံးရေ ၄၀၀၀၀ ခန့်ထွက်ရှိသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ် မတ်လ လက်ကာဈေး သံပုရာ ၁လုံးလျှင် ငွေကျပ် ၁၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၃၈၀၀၀၀၀သိန်း ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်သို့ တင်ပို့ရောင်းချပြီး ဈေးနှုန်းကောင်းမွန်မှုကြောင့် အကျိုးအမြတ်များရရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ရုံးပတီသီး စိုက်ပျိုး၍ တောင်သူဝင်ငွေရ

           မန္တလေးတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများကိုစိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုလည်း နှစ်စဉ် ရာသီအလိုက် စိုက်ပျိုးကြပါသည်။ 

          စိုက်ပျိုးသီးနှံများအနက်မှ ဆေးဖက်ဝင် ဟင်းချက်စားသုံးရသော ရုံးပတီသီးသီးနှံကို မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ တစ်ဧက၏ (၀.၅၀)ဧက ဝက်စိုက်ပျိုးပြီး  မျိုးစေ့(၆)ထုပ်စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင် (၆၅၀၀၀)ကျပ်ပေးရကြောင်း၊ အပင်ရေ ၉၀၀၀ပင်စိုက်ပျိုးထာကြောင်း သိရသည်။   ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် စတင်၍ခူးဆွတ်ရပါသည်။ ခူးဆွတ်မှုအနေဖြင့် တစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ပေးရပါသည်။ ပူပြင်းသောရာသီဥတုတွင် အသီးရင့်မှည့်လွယ်သောကြောင့် တစ်ရက်တစ်ကြိမ် ခူးဆွတ်ရခြင်းဖြစ်ပါသည်။ သက်တမ်းအနေဖြင့် (၂)လထိခူးဆွတ်ရကြောင်း၊ ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ဖောက်သည်ဈေးမှာ ၁ ပိဿာလျှင် (၆၀၀)ကျပ်ဈေးနှုန်းရရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ရုံးပတီတစ်ပင်လျှင် အတောင့် ၅၀ခန့်ထွက်ရှိပြီး ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် ဈေးနှုန်းအတက်အကျရှိကြောင်း၊ စိုက်ပျိုးမှူ ဧက(၀.၅၀)တွင် အထွက်နှုန်းအနေဖြင့် ပိဿာချိန် အနေဖြင့်  (၁၅၀၀) ခန့်ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၄)သိန်းကျပ်ခန့်မြတ်ပြီး ကုန်စိမ်းပွဲစားများမှာ စိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း၊ ရန်ကုန်ကို့သော ကုန်စိမ်းကားများ တစ်ရက်ခြားတစ်ခါ ဟင်းသီးဟင်းရွက်လာကောက်ပြီး ရန်ကုန်ဈေးကွက်တင်ပို့ရောင်းချသလို မြို့နယ်အနီးဒေသများသို့လည်း ရောင်းချသည်။  ရုံးပတီသီးသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိသည့်အပြင် စားသုံးသူအတွက် ဆေးဖက်ဝင်သည့်သီးနှံဖြစ်သည့်အတွက် ဟင်းစားရုံးပတီသီးသီးနှံအား တိုးချဲ့စိုက်ပျိုးသင့်ကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံဝါစိုက်ပျိုး၍ တောင်သူအကျိုးအမြတ်ရ

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ကြံစိုက်ပျိုးမှု (၇၈)ဧက စိုက်ပျိုးထားရှိပြီး စျေးကောင်းရရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

          မအူပင်မြို့နယ်အနေဖြင့် သတလုပ်လပ်အနောက်ကျေးရွာတွင် ၁ဧကတွင် K-9584 ကြံမျိုးများကို စိုက်ပျိုးခဲ့​သည်။ စိုက်ပျိုးမှု ၁ဧကတွင် ကြံဝါ ၃၆၀၀ပင်စိုက်ပျိုး နိုင်သည်။ မျိုးအနေဖြင့် ၃ဆစ်မျိုးဟုခေါ် ပြီး ၁ပင်ကို ၁၀၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။ စိုက်နည်းစနစ်မှန်ကန်စေရေး၊ မြေသြဇာစနစ်တကျ ကျွေးရပြီး စိုက်ပျိုး မြေအနေအထားအရ တစ်ဧကလျှင် ကြံတန်ချိန်အထွက်နှုန်းမှာ (၂၅)တန်ထွက်ရှိမှု လျာထား သတ်မှတ်ခဲ့ရာ (၂၈)တန်ထွက်ရှိလာကြောင်းသိရသည်။

            ကြံဝါစိုက်ပျိုးရာတွင် ပထမစိုက်မြောင်းထပ်တိုးခြင်းလုပ်ငန်း လုပ်ဆောင်ရခြင်း၊ ဒုတိယအကြိမ် အပင်ပေါက်အလွှာထိုး အစာလိုက်ပေးရခြင်း၊ တတိယ အစားထိုး စိုက်မြောင်းလုပ်ဆောင် ပေးရခြင်း တို့ကို လုပ်ဆောင်ရပြီး ရေကို ၁၀ရက် တစ်ကြိမ် တင်ပေးရကြောင်း၊ နှစ်တစ်နှစ်၏ ဇွန်လတွင် စတင်စိုက်ပျိုးပြီး ၈-၉ လအကြာတွင် ရောင်းတမ်းဝင်သည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ရေတင်ခ၊ အနေဖြင့် ၂၄သိန်းကျပ် ကုန်ကျကြောင်း သိရသည်။  ကြံချောင်းတစ်ချောင်းကို ၈၀၀ ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင် ၁၀၀၀-၁၂၀၀ ကျပ်အထိ ရရှိကြောင်း၊ စိုက်ပျိုးမှု အပင် ၃၆၀၀ပင်တွင် အထွက်နှုန်းအနေဖြင့်  ၇၀၀၀ ပင်အထိထွက်ရှိကြောင်း သိရသည်။ အကျိုးအမြတ် အနေဖြင့် ငွေကျပ် ၆ ၀၀၀ ၀၀၀ ရရှိကြောင်း သိရသည်။

          မအူပင်မြို့နယ်မှ ထွက်ရှိလာသော ကြံများကို ရန်ကုန်သကြားစက်သို့ တင်ပို့ရောင်းချရကြောင်း ယခင်နှစ်ကထက်ပို၍ စျေးကောင်းရရှိကြောင်းနှင့် ဒေသတွင်း ကြံရည် ရောင်းချသူများကလည်း လာရောက်ဝယ်ယူကြကြောင်း ကြံဝါသည် အကျိုးအမြတ်ပေးနိုင်လို့ စီးပွားဖြစ်စိုက်ပျိုးထုတ် လုပ်သင့်တဲ့သီးနှံတစ်ခုဖြစ်သောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကွမ်းသီးအရည်သောက်(ခေါ်)ကွမ်းသီးအနုဈေးကွက်ကြောင့် ကွမ်းသီးအခြောက်လုပ်ငန်း ဈေးကောင်းရရှိ

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အမှတ်၁ရပ်ကွက် ဝေဋုဝန်ကျောင်းလမ်း တွင် ကွမ်းသီးအရည်သောက် ဟူခေါ်သော ကွမ်းသီးအနု နှစ်စဉ် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။ ကွမ်းသီးအရည်သောက် (သို့) ကွမ်းသီးအနုသည်ကွမ်းသီးပင်စတင်သီးချိန်၊ အရည်နုလေးများ စတင်ထည့်ချိန် အရွယ်အစားလုံးပတ်အချင်း ၁ လက်မခန့်၊ အလေးချိန် 20kg နှင့် 30kg အကြားတွင် စတင်ဆွတ်ခူး၍ ရောင်းချကြသည်။ အဝိုင်းသီးနှင့်အချွန်းသီးပုံစံနှစ်မျိုးဖြင့် သီးလေ့ရှိပြီး အဝိုင်းသီးခေါ်သံပုရာသီးပုံစံကို ပယ်၍အချွန်းသီး (အရှည်သီး) ကိုသာအဝယ်ဒိုင်များက ဝယ်လေ့ရှိသည်ဟူ သိရသည်။ မအူပင်မြိုတွင် ကွမ်းသီးအရည်သောက်(ခေါ်) ကွမ်းသီးနု စိုက်ပျိုးသူ ၂၀ ဧကရှိပြီး ကွမ်းသီးခြောက်စိုက်ပျိုးသူ ၁၅၂ ဧကရှိကြောင်း မြို့နယ်မြေစာရင်းအရ သိရသည်။

           ကွမ်းသီးအရည်သောက် (ခေါ်) ကွမ်းသီးအနုအားတရုတ်နိုင်ငံက အများအပြားဝယ်ယူကြောင်း၊ မြန်မာနိုင်ငံတွင် ကွမ်းသီးအနုများအားမီးအပူဖြင့်ပေါင်း၍ အခြောက်ခံပြီး တရုတ်နိုင်ငံသို့တင်ပို့ ရောင်းချကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးစိမ်း၊ ကွမ်းသီးအခြောက်များကို ကွမ်းယာယာ၍ စားသုံးကြသော်လည်း တရုတ်နိုင်ငံတွင် သရေစာအဖြစ် ထုတ်လုပ်ရောင်းချကြောင်း  စိုက်ပျိုးသူမှ သိရသည်။

            ကွမ်းသီးအရည်သောက် (ခေါ်) ကွမ်းသီးအနုကို စိုက်ပျိုးသူက ၂၀၀၉ခုနှစ်ကတည်းက စတင်စိုက်ပျိုးလာခဲ့ပြီး အပင် ၅၀၀စတင်စိုက်ပျိုးလာခြင်းဖြစ်သည်။ မျိုးအပင်ကို ၂နှစ်သားအပင်ကို ၁ပင်လျှင် ငွေကျပ် ၈၀၀နှုန်းဖြင့် ဝယ်ယူ၍ စိုက်ပျိုးလာခဲ့ပြီး အစာရေစာကျွေးပြီး ၆နှစ်သက်တမ်း ကြာသည့်အခါ အသီးစတင်သီးလာသည်။ ယနေ့အချိန်အထိ စိုက်ပျိုးမှု  ၁ဧက ပေါ်တွင် အပင်ရေ ၁၀၀၀၀ခန့် ရှိကြောင်း သိရသည်။ ကွမ်းသီးပင်ကို အသီးမသီးခင် အပင်လုံးကောင်းဖို့ ပုလဲမြေဩဇာကျွေးရသည်။ အရေသောက် ကွမ်းသီးစိမ်းကို အမှည့်အထိ မထားပဲ ရောင်းချကြောင်း သိရသည်။ ကွမ်းသီးစိမ်း ၁ပင်လျှင် ၁ခိုင်သာ ထွက်ရှိပြီး ကွမ်းသီးအလုံးရေ ၂၀၀-၃၀၀ကြားထွက်ရှိသည်။ ရာသီကကွမ်းသီးအရင့်တစ်လုံးကိုပျမ်းမျှ (၁၇၀)ကျပ် စျေးရှိနေချိန်တွင် ကွမ်းသီးနု ကွမ်းသီးတစ်လုံးလျှင် အနည်းဆုံး (၅၀၀) ကျပ်ပေးကာဝယ်ယူနေပြီး အခြောက်ကဲ့သို့ ကုန်ကျစရိတ်မရှိပဲ စျေးကောင်းပေးဝယ်ယူနေသဖြင့် ကွမ်းသီးခြံလုပ်ငန်းရှင်များမှာ ကွမ်းသီးအနုများ ရောင်းချရန်စိတ်ဝင်စားလာကြသည်။

            စိုက်ပျိုးမှု ကုန်ကျစရိတ် သိန်း ၅၀ နီးပါး ကုန်ကျခဲ့ကြောင်း သိရသည်။ ကွမ်းသိန်းအရည်သောက် (ခေါ်) ကွမ်းသီးအနုကို နှစ်စဉ် တန်ခူးလတွင် ဝယ်လက်ကုန်သည်များမှ လာရောက်ဝယ်ယူကြပြီး ၂၀၁၈ ခုနှစ်ကတည်းက တစ်နှစ်ကို သိန်း ၂၀ အထိ ရောင်းချရကြောင်းနှင့် ၂၀၂၀ခုနှစ်နောက်ပိုင်း ၁နှစ်ကို  သိန်း ၄၀ အထိ ပိုမိုဈေးကောင်း၍ ရောင်းချရခဲ့ပြီး ယနေ့ ၂၀၂၅ခုနှစ် တွင် ဈေးပိုမိုကောင်းနေ၍ သိန်း ၇၀ထိ ရောင်းချနိုင်မည်ဖြစ်ကြောင်းကို စိုက်ပျိုးရေခြံပိုင်ရှင် ဦးလှအုန်းထံမှ သိရှိရပါသည်။

 

DOCA (ဧရာဝတီ)

ကွမ်းဈေးကောင်း၍ ကွမ်းခြံပိုင်ရှင် မိသားစုများ ဝင်ငွေရ

              ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်းရှိ တလုပ်လပ်အနောက်ရွာတွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုး လျက်ရှိပြီး ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ စိုက်ပျိုးကြကြောင်း၊ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် ဆောင်းစိုက်ကိုသာ ဦးစားပေး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသည့် ကွမ်းအမျိုးအစားများမှာ ကွမ်းရွက်စိမ်း ကိုသာ စိုက်ပျိုးကြကြောင်း သိရသည်။

          ကွမ်းစိုက်ပျိုးရန်အတွက် ကွမ်းမျိုး(ကွမ်းအညွန့်)များကို တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၂၀၀ ဖြင့် ဝယ်ယူကာ တစ်ဧက၏ လေးပုံတစ်ပုံခန့်(၀.၅၀ဧက)အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၃၄၀၀ ခန့် စိုက်ပျိုးရကြောင်း၊ ကွမ်းကို ဝါခေါင်လတွင် စတင်စိုက်ပျိုး၍ တပေါင်းလတွင် စတင်ခူးဆွတ်ရပြီး မြေအနေ အထားနှင့် ကွမ်းညွန့် မျိုးကောင်းမျိုးသန့်အပေါ်မူတည်၍ အနည်ဆုံး နှစ်နှစ်မှ ငါးနှစ်ခန့်အထိ ခူးဆွတ် ရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက၏ လေးပုံ တစ်ပုံခန့်(၀.၅၀ဧက)လျှင် ငွေကျပ် ၂၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ၁၀ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် ၁၀ ပိဿာခန့် ထွက်ရှိရာ တစ်လလျှင် ပိဿာချိန် ၆၀ ထွက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ ဖြင့်ရောင်းချရပြီး အကျိးအမြတ်အနေဖြင့် ငွေကျပ် ၄၀၀၀၀၀/-ကျန်ရှိပြီး ယခုရက်ပိုင်းအတွင်း ကွမ်းဈေးအနည်းငယ်ကျကြောင်း သိရသည်။ ကွမ်းကို မအူပင်မြို့ရှိ ကွမ်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကွမ်းဒိုင်များမှတစ်ဆင့် ရန်ကုန်မြို့သို့ အများဆုံးတင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပဲဈေးကွက်အခြေအနေမင်းလှ

          ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်ရှိ ပဲဈေးကွက်အနေဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့်မတ်လပထမပတ်တို့တွင် မတ်ပဲ((၂၀)ပိဿာတစ်တင်းကို ၉၉၀၀၀/ကျပ်ရှိခဲ့ပြီး မတ်လဒုတိယပတ်တွင် ၉၆၃၀၀ ကျပ်ရှိခဲ့ရာ အနည်းငယ်ကျဆင်းသွားကြောင်း  ပဲငပိ (၂၀)ပိဿာ တစ်တင်းကို ၁၁၂၀၀၀ကျပ်၊ကုလားပဲ(၂၀)ပိဿာတစ်တင်းလျှင် ၆၉၀၀၀ကျပ်၊စားတော်ပဲတစ်ပြည်ကို ၉၀၀၀ကျပ်၊ပဲဖြူသေးတစ်ပြည်လျှင် ၁၁၀၀၀ကျပ်၊ဘိုကိတ်တစ်ပြည်လျှင် ၇၅၀၀ ကျပ်၊ပဲနီစေ့တစ်ပြည် လျှင် ၇၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးအတွင်းပဲမျိုးစုံရောင်းချနေသော ဆိုင်ရှင် တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ်စပါးဈေးကွက်အခြေအနေ

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် စပါးဈေးကွက်အခြေအနေမှာဖေဖော် ဝါရီလနောက်ဆုံးပတ်နှင့် မတ်လပထမပတ်တို့တွင် ဆင်းသုခ၊မနောသုခစပါး ၄၆ပေါင်တင်း ၁၀၀လျှင် ၁၆၅၆၀၀၀/ရှိခဲ့ပြီး မတ်လဒုတိယပတ်တွင် ၁၇၀၂၀၀၀/ရှိခဲ့ကာ စပါးဈေးအနည်းငယ်သာ မြင့်တက် ခဲ့ပြီး အရောင်းအဝယ်အေးလျက်ရှိပါသည်။

        ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခ၊မနောသုခ အသစ်တစ်ပြည်လျှင် ၃၀၀၀ကျပ်၊အ‌ဟောင်းတစ် ပြည်လျှင် ၄၅၀၀ ကျပ်၊ပေါ်ဆန်းမွေး(အသစ်)တစ်ပြည်လျှင် ၆၅၀၀ကျပ်၊(အဟောင်း)တစ်ပြည်လျှင် ၈၀၀၀ကျပ်၊ရတနာတိုးတစ်ပြည်လျှင် ၇၅၀၀ကျပ်၊ကောက်ညှင်းဆန်တစ်ပြည်လျှင် ၇၅၀၀ကျပ်၊ဆင်း သုခ၊မနောသုခ (အ‌ဟောင်း)တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်မှ၈၅၀၀၀ကျပ်၊ (အသစ်)တစ်အိတ်လျှင် ၇၀၀၀၀ကျပ်မှ၇၂၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းချသူ တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

 

ငါးခြောက်ဈေးကွက်အရောင်းသွက်

     ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ် ယခုနှစ်မတ်လပထမပတ်မှစ၍အလှူအတန်း များပေါများသဖြင့် ငါးခြောက်ဈေးကွက်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးကြီး အတွင်းငါးခြောက်ကုန်သည်ကြီးများထံမှ သိရှိရပါသည်။ အများအားဖြင့်ငါးအသားခြောက်၊ငါးတံခွန် ခြောက်များ ပိုမိုရောင်းရပြီး ငါးခြောက်ထောင်းပြုလုပ်ရန် ဝယ်ယူလျက်ရှိကြကြောင်း ရန်ကုန်မှမှာယူ ရောင်းချကြောင်းသိရှိရပါသည်။

      ငါးခြောက်ဈေးများအနေဖြင့် ငါးအသားမြှောင်းခြောက် ၄၆၀၀၀၊ငါးတံခွန်ခြောက် ၂၈၀၀၀ ကျပ် မှ၃၀၀၀၀ ကျပ်၊ငါးပုလွေခြောက် ၂၇၀၀၀၊ငါးပုတ်သင်အလုံး ၂၆၀၀၀ ကျပ်၊ငါးပုတ်သင်အခြမ်း ၃၀၀၀၀ ငါးဝက်မခြောက် ၂၄၀၀၀ ကျပ်၊ပုဇွန်ခြောက် ၆၀၀၀၀ကျပ်မှ၇၅၀၀၀ကျပ်၊အာဗြဲခြောက် ၂၀၀၀၀ကျပ် ငါးနီတူခြောက် ၁၈၀၀၀ ကျပ်ဖြင့် တစ်ပိဿာဈေးနှုန်းရောင်းချကြပြီး  ဖောက်သည်ဈေးအနေဖြင့် ပိဿာ(၁၀)အထက်ဝယ်ပါက ၁၀%လျော့ပေးပြီး ရောင်းဝယ်ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

လက်ပံတန်းမြို့ဈေးကွက်အတွင်း၌ကျဆင်းနေတဲ့ဂျင်းနှင့်ကြက်သွန်ဖြူ

          ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ဂျင်း ဈေးနှုန်းများမှာ ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဂျင်း (၁၀)ကျပ်သားလျှင် ၁၀၀၀ ကျပ်ရှိခဲ့ပြီး မတ်လဒုတိယပတ်တွင်လည်း ၈၀၀ ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်းသိရှိ ရပါသည်။     

          ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၈၀၀ ကျပ်၊ယခု  မတ်လဒုတိယပတ်တွင် ၁၆၀၀ ကျပ်ဈေးနှုန်းဖြင့် ဈေးအနည်းငယ်ကျဆင်းလျက်ရှိပါသည်။

          ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့်  ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် (၁၀) ကျပ်သား လျှင် ၁၅၀၀/ ကျပ်ပေါက်ဈေးရှိနေပြီး ယခုမတ်လဒုတိယပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) ၁၀ကျပ်သားလျှင် ၁၃၀၀/ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်ဖြူဥ တစ်လုံးဈေးကွက်လည်းရှိ နေပြီး တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း