ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ပဲတီစိမ်းဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ကိုအဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း လေ့လာသိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ မတ်လတတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၇၇၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီးအကွဲအနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးနှုန်း

             မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိက စိုက်ပျိုးသီးနှံတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြား မှုရှိကြောင်း သိရသည်။

          ပဲစဉ်းငုံသီးနှံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍(၂)မျိုးရှိပြီး ဈေးနှုန်းအနေဖြင့် မတ်လဒုတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၅၀၀၀ကျပ်နှင့် ပဲစဉ်းငုံဖြူ (၁)တင်းလျှင် ၈၃၀၀၀ကျပ်ရှိခဲ့ရာ မတ်လ တတိပတ်တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၄၇၀၀ကျပ်၊ ပဲစဉ်း ငုံဖြူ(၁)တင်းလျှင် ၈၂၆၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း ပဲစဉ်းငုံ နီ(၁)တင်းလျှင် ၃၀၀ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၄၀၀ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ပဲစဉ်းငုံများကို ဒေသတွင်းပွဲရုံများမှတဆင့် ရွှေဘိုမြို့၊ မန္တလေးမြို့တို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကွမ်းဈေးနှုန်း

           မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ မတ်လတတိယပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းရွက်ဈေးနှုန်းများအနေဖြင့် အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၇၀၀၀-၈၀၀၀)ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှင့် နှိုင်ယှဉ်ပါက ယခုပတ်အတွင်း ကွမ်းဈေးနှုန်းကျဆင်းလာကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသောရာသီစာ ဂွေးတောက်ရွက်ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဂွေးတောက်ရွက်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့်  ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင် (၄၆၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၅၀၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဂွေးတောက်ရွက်များကို ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့်အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း ဈေးသည်လုပ်ငန်း ရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဇီးကွက်သီးနှံဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲကြားသီးနှံများသည် ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲဇီးကွက်တစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ အကွဲအနာပါလျှင် (၇၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော ပဲဇီးကွက်သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ကုလားပဲအသစ်ဈေးနှုန်းများ ပြန်လည်မြင့်တက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ် သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံကို ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြပြီး ယခုအခါ ဈေးကွက်အတွင်း ကုလားပဲအသစ်များ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

           ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးလျက်ရှိသည့် ကုလားပဲသီးနှံမျိုးမှာ ထိုင်ဝမ်မျိုး၊ (929)မျိုးနှင့် (V2)မျိုးဟူ၍(၃)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် မတ်လ တတိယပတ်တွင် ကုလားပဲအသစ် ထိုင်ဝမ် တစ်တင်းလျှင် (၇၂၀၀၀)ကျပ်၊ ကုလားပဲ(929)တစ်တင်းလျှင်(၇၅၀၀၀)ကျပ်နှင့် ကုလားပဲ (V2)တစ် တင်းလျှင်(၇၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကန့်ဘလူခရိုင်မှထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံများလည်း စိုက်ပျိုးကြကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍(၂)မျိုးရှိကြောင်း ဆောင်းနေကြာကိုရာသီဥတုပေါ်မူတည်၍ အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

           နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် မတ်လဒုတိယပတ်အတွင်း နေကြာ(၁)တင်းလျှင် (၄၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုလ တတိယပတ်တွင်နေကြာ(၁)တင်းလျှင် (၄၈၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသောကြောင့် နေကြာဈေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ပဲနီသီးနှံဈေးနှုန်း ကျဆင်းလျက်ရှိ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲနီသီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

             ၂၀၂၅ ခုနှစ် မတ်လ တတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲနီတစ်တင်းလျှင် (၈၁၅၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲနီတစ်တင်းလျှင်(၅၀၀)ကျပ် ကျဆင်းသွားကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်လျက်ရှိသော အာလူးသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကား ကုန်သည်များမှ ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော အာလူးသီးဈေးနှုန်းများမှာ အာလူးသီးအလုံးကြီး(၁)ပိဿာလျှင် ၄၅၀၀ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့်ရောင်းချကြောင်း ၊ ယခင်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အာလူးသီးဈေးနှုန်းမှာ တစ် ပိဿာလျှင်(၁၀၀၀)ကျပ် ကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ဂျင်း(ချင်း)တက်ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

             ၂၀၂၅ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂျင်း(ချင်း)တက်ဈေးနှုန်းမှာ (၁)ပိဿာလျှင်(၅၀၀)ကျပ် ကျဆင်းသွားကြောင်း၊ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း