ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“တိုင်ထောင်ပဲတောင့်ရှည်ဈေးနှုန်းအနည်းငယ်ကျ”

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် တိုင်ထောင်ပဲတောင့်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ပဲတောင့် ရှည်သီးနှံကို မျိုးအနေဖြင့် အစိမ်းရောင်နှင့်ကတ္တီပါရောင်ဟူ၍နှစ်မျိုးရှိရာ အစိမ်းရောင်မျိုးကို အဓိကထား စိုက်ပျိုးကြကြောင်း၊ တိုင်ထောင်ပဲသည်စိုက်ပျိုးပြီး တစ်လအတွင်း ထွက်ပေါ်ကြောင်း (၁)ဧကကုန်ကျ စရိတ်အနေဖြင့် တိုင်ထောင်ဝါး၊မျိုး၊သွင်းအားစုနှင့်လုပ်သားခ အပါအဝင်စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ပိဿာ‌(၅၀၀) ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်လတွင် လက်ကားဈေး (၁)ပိဿာလျှင်(၃၀၀၀/-)ကျပ်၊ လက်လီဈေး (၄၅၀၀/-)ကျပ်၊ ယခုလတွင် လက်ကားဈေး (၁)ပိဿာလျှင် (၂၀၀၀/-)ကျပ်၊ လက်လီဈေး (၃၀၀၀/-) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ယခင် လထက်ဈေးနှုန်း အနည်းငယ် ကျဆင်းကြောင်း၊ ခူးဆွတ်ရာတွင် (၁)ရက်ခြား ခူးဆွတ်ရကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည်အတွက် တစ်ပတ်နှင့်တစ်ပတ် ဈေးနှုန်းမတူညီကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် (၁၀၀၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း ပဲတောင့်ရှည်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါ သည်။

DOCA(မန္တလေး)

 

 

 

 

၉.၁၀.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

   ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက် ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၉.၁၀.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ ပန်းရဲ(AC) အမြင့်ဆုံးဈေး ကျပ် ၁၁၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ မြှားနီ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၈၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံး ကျပ် ၁၁၀၀၀၊ ပျော်ဘွယ် မိုးထောင် ကျပ် ၁၀၅၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ ဆင်ဖြူကျွန်း(ပု) (AC) ကျပ် ၂၁၀၀၀၊ မြစ်ဝ (ပု) (AC) အမြင့်ဆုံးဈေး ကျပ် ၁၉၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၂၀၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်း ရရှိပါသည်။  ယခုတစ်ပတ်တွင် ငြုပ်သီးဈေးနှုန်း မှာ ပျော်ဘွယ်(မိုးထောင်) ကျပ် ၅၀၀ ဈေးတက်ပါ ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရှိရပါ သည်။

DOCA(ရန်ကုန်)

ရေချို ပုစွန်ဆိတ် နှင့် ပုစွန်ခြောက် ဈေးနှုန်း

         ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိသည့်အပြင် သဖန်းဆိတ်ဆည်မှ ထွက်ရှိသည့် ရေချို ပုစွန်ဆိတ် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ပုစွန်ဆိတ် ဈေးနှုန်းအနေဖြင့် ဆကာတင် အကောင်ကြီး လက်လီဈေး တစ်ပိဿာ(၂၃၀၀၀)ကျပ်နှင့် ပုစွန်ဆိတ် အလတ်စ လက်လီဈေး(၁၈၀၀၀)ကျပ်နှင့် ပုစွန်ဆိတ် ဆကာကျ အကောင်သေး လက်လီ တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်း အသီးသီးတို့ဖြင့်လည်းကောင်း၊ ပုစွန်ခြောက် ဈေးနှုန်းများအနေဖြင့် ပုစွန်ခြောက် အကြီး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ ပုစွန်ခြောက် အကြီး နို့ဆီ(၁)ဘူးလျှင်(၇၀၀၀)ကျပ်၊ ပုစွန်ခြောက် အလတ် တစ်ပြည်လျှင်(၄၀၀၀၀)ကျပ်၊ ပုစွန်ခြောက်  အလတ် နို့ဆီ(၁)ဘူးလျှင်(၅၀၀၀) ကျပ် နှင့် ပုစွန်ခြောက်  အသေး တစ်ပြည်လျှင်(၃၂၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း နှင့် ကျွန်းလှမြို့ သဖန်းဆိပ်ဆည်မှ ထွက်ရှိသည့် ရေချို ပုစွန်ဆိတ် နှင့် ပုစွန်ခြောက်သည် အကောင်သေးပြီး အရမ်းချိုကာ အသားကျစ်လစ်သည့်အတွက် လူကြိုက်များပြီး  အရောင်းသွက်ကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

“ချဉ်ပေါင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုး”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက် ရှိပြီး ဆည်ရေသောက် ဒေသတစ်ခုဖြစ်သောကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရသော ဝယ်လိုအားရှိသော ချဉ်ပေါင်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးသော မျိုးများမှာ ချဉ်ပေါင်လက်ချား၊ ချဉ်ပေါင်ခါးနှင့် ဘီးလပ်ချဉ်ပေါင်မျိုးများကို စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးမှာ ဘီးလပ်ချဉ်ပေါင်မျိုးဖြစ်ပြီး အသီးသီး ချိန်တွင်လည်း ချဉ်ပေါင်ဖူးကိုပါ ရောင်းချရသောကြောင့် ဝင်ငွေနှစ်မျိုးရရှိကြောင်း ဝါဆိုလနှင့် သီတင်းကျွတ်လများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစနစ်အနေဖြင့် ထယ်ထိုး၊ ထယ်မွှေကာ မြေတွင် တစ်တန်းနှင့်တစ်တန်း (၂)ပေခွာပြီး (၄)လက်မခြား၍ အစေ့ချ စိုက်ပျိုး ကြကြောင်း၊ (၁)ဧက စိုက်ပျိုးမှုမျိုးအနေဖြင့် ချဉ်ပေါင်စေ့(၁)ပြည် ကုန်ကျကြောင်း၊ မျိုးစေ့ (၁)ပြည်လျှင်(၅၀၀၀/-)ကျပ် ပေးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်(၃၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊  စိုက်ပျိုးပြီး (၁)လခွဲသားတွင် အရွက်၊ ကိုင်းနှင့် အပင်များခူးညှပ်၍ ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ချဉ်ပေါင်တစ်ဧကအနေဖြင့် အရွက်ပိဿာ (၁၀၀၀)ပိဿာ ထွက်ရှိပြီး၊ အနေတော် အပင်ပေါက် ကလေးများကိုနုတ်၍ အစီးလေးများဖြင့်ရောင်းချပါက တစ်ဧက အစီးပေါင်း (၁၀၀၀၀)စီးခန့် ထွက်ရှိကြောင်း၊ လက်ကားဈေးနှုန်းအနေဖြင့် ချဉ်ပေါင်တစ်စီးလျှင်(၈၀/-)ကျပ်၊ လက်လီစျေးအနေဖြင့် (၁၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပြီး ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲရုံများ နှင့် ကုန်စိမ်းပွဲစားများမှ အခင်းထဲအရောက် လာရောက်ဝယ်ယူသူများရှိသလို ကုန်စိမ်းပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ ရောင်းချပေးလျက်ရှိကြောင်း၊ (၁)ဧက အကျိုးအမြတ် အနေဖြင့် စိုက်ပျိုးစရိတ်နုတ်ပြီး (၇၀၀၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း၊ ချဉ်ပေါင်ရွက်ကိုမျှစ် သို့မဟုတ် ပုစွန်၊ ဝက်သားတို့နဲ့ ရောကြော်ပြီးသော်လည်းကောင်း၊ ချဉ်ရည်ဟင်းအနေနဲ့သော် လည်းကောင်း၊ ဟင်းချိုချက်ပြီးသော်လည်းကောင်း စားသုံးနိုင်ကြောင်း၊ ချဉ်ပေါင်သီးနှံကို တောင်သူ များမှ မိသားစုဝင်ငွေတိုးပြီး စီးပွားဖြစ်သော ကြောင့် တိုးချဲ့စိုက်ပျိုး လျက်ရှိကြောင်း တောင်သူတစ်ဦး ပြောကြားချက်အရ သိရှိရပါသည်။ 

DOCA(မန္တလေး)

                  

                                               

မုံရွာမြို့တွင် ရောင်းချနေသောခါကြက်ဥနှင့် ဂေါ်ဖီထုပ် ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း ခါကြက်ဥ နှင့် ဂေါ်ဖီထုပ် များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ခါကြက်ဥနှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့် ဒေသများမှ ဝင်ရောက်လာသည့် ခါကြက်ဥနှင့် ဂေါ်ဖီထုပ်များကို အရောင်းအဝယ် ကောင်း နေကြောင်း သိရှိရပါသည်။ ခါကြက်ဥ နှင့် ဂေါ်ဖီထုပ်များကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

    ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အသေး(၁)ထုပ်လျှင် (၂၀၀၀)ကျပ်နှင့်ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၃၀၀၀) ကျပ်၊ ခါကြက်ဥ စျေးနှုန်း ခါကြက်ဥ(ဗမာ) (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် ၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် (၁)ပိ ဿာလျှင်(၁၀၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်) (၂၅)ကျပ်သား လျှင်(၆၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ရွှေဖရုံသီးဈေးနှုန်းဈေးကွက်”

         ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံဖြစ်သော ရွှေဖရုံသီးသီးနှံကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးလျက်ရှိရာ တစ်နိုင်တစ်ပိုင်သာမက စီးပွားဖြစ်လည်း စိုက်ပျိုးလျက်ရှိပါသည် ။ ရွှေဖရုံသီးကို မိုးဦးကာလဖြစ်သော မေလ နှင့် ဇွန်လများတွင်လည်းကောင်း ဆောင်းရာသီကာလဖြစ်သော အောက်တိုဘာ နှင့် နိုဝင်ဘာလများတွင်လည်းကောင်း စိုက်ပျိုးကြ ကြောင်း၊ ရွှေဖရုံသီး စိုက်ပျိုးမှု တစ်ဧကကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အပင်သက်တမ်းအနေဖြင့် ရက်ပေါင်း (၁၀၀-၁၂၀)ကြားတွင် အသီးသီးကြောင်း၊ တစ်ဧကလျှင် ရွှေဖရုံသီး အလုံးပေါင်း (၂၀၀၀-၂၁၀၀) ထိ အသီးသီးကြောင်း၊ ရွှေဖရုံသီးဈေးနှုန်း အနေဖြင့် လက်လီ အလုံးကြီး တစ်လုံးလျှင် (၁၀၀၀/-)ကျပ်နှင့် အလုံးသေး တစ်လုံးလျှင် (၅၀၀/-) ကျပ် ရှိပါကြောင်း ၊ လက်ကား ရွှေဖရုံသီးဈေးနှုန်းအနေဖြင့် အလုံးကြီး တစ်လုံးလျှင် (၈၀၀/-)ကျပ် နှင့် အလုံးသေး တစ်လုံးလျှင် (၄၀၀-၃၀၀)ကျပ် စျေးနှုန်းများ ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့တို့သည် အရိုးကြီးထွားမှုကို အထောက်အပံ့ ဖြစ်စေသည့်အပြင် အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းတို့ကိုလည်း သက်သာစေကြောင်း၊ ရွှေဖရုံသီး တွင် ဗီတာမင်စီ အလုံအလောက်ပါရှိသဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ကြောင်း ၊ ဗီတာမင်ဒီကြွယ်ဝစွာပါရှိသောကြောင့် အာရုံကြောအဖွဲ့အစည်းများကို တိုးတက်ကောင်းမွန်စေ ကြောင်း၊ ရွှေဖရုံသီးကို သက်သတ်လွတ်ဟင်းလျာအဖြစ် စားကြသကဲ့သို့ မိမိနှစ်သက်ရာ ပုစွန် သို့မဟုတ် အသားတစ်မျိုးမျိုးနှင့်ရော၍  ချက်ပြုတ်စားသုံးနိုင်ကြောင်း ၊ ရွှေဖရုံသီးပေါင်း ၊ ရွှေဖရုံသီးစွပ်ပြုတ် နှင့် ရွှေဖရုံသီးဆန်ပြုတ်အဖြစ် စားသုံးလေ့ရှိကြကြောင်း၊  ရွှေဖရုံသီးစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေပြီး တစ်ဧကစိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် စိုက်ပျိုး စရိတ်နှုတ်ပြီး (၇၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း ရွှေဖရုံသီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

                            

မုံရွာမြို့တွင် ရောင်းချနေသော မုန့်ညှင်းရွက် နှင့် အိုးမုန့်ညှင်းရွက် ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက်များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ အေးသောဒေသကိုပို၍ နှစ်သက်သည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

      ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  မုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၉.၁၀.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

   ၉.၁၀.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ ကျပ် ၁၁၀၀၀ ၊ အောင်ပန်းထူး-၂ ကျပ် ၄၀၀၀ ၊  အောင်ပန်းထူး-၃ ကျပ် ၅၀၀၀အောင်ပန်းထူး-၄ ကျပ် ၆၀၀၀အောင်ပန်းထူး-၅ ကျပ် ၇၀၀၀၊ ကြက်သွန်နီ ဈေးနှုန်း များမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၈၅၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၅၀၀၊  ဆိပ်ဖြူ(သစ်) လတ်သန့် ကျပ် ၁၀၀၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၆၅၀၊ မြင်းခြံ (သစ်) ရှယ် ကျပ် ၁၆၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၂၅၀၊ မြင်းခြံ(သစ်) လတ်သန့် ကျပ် ၈၅၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၆၅၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၉၀၀၊  မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၅၅၀၊ မုံရွာ(သစ်) လတ်သန့် ကျပ် ၁၁၀၀၊ မုံရွာ(သစ်) လတ်ချော ကျပ် ၇၀၀ ၊ တရုတ်အာလူး ကျပ် ၆၅၀၀/၆၇၀၀ ရှိကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်တွင် ကြက်သွန်ဖြူ ဈေးနှုန်းများမှာ ကြူကုတ် (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ဈေးတက်ပြီး၊ အောင်ပန်း ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ကျပ် ၁၅၀၀ ဈေးတက်ပါ ကြောင်း၊ ကြက်သွန်နီဈေးနှုန်းမှာ  တစ်ပိဿာလျှင် ကျပ် ၁၀၀ မှ ကျပ် ၁၅၀  ဈေးတက်ပြီး  တရုတ် အာလူး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀ ဈေးနှုန်းတက်ပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ဈေးကွက်အတွင်းသို့ ရာသီစာပိန်းဥများ ဝင်ရောက်လျက်ရှိ”

          ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ ရာသီစာဖြစ်သော ပိန်းဥများ ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး ဒေသခံစားသုံးသူများ၏ ဝယ်ယူမှုဖြင့် အရောင်းအဝယ် သွက်လက်လျက်ရှိကြောင်း၊ ပိန်းဥများကို စားသုံးသူများက ပြုတ်၍ဖြစ်စေ၊ ပိန်းဥရွက်နှင့် ရောချက် ပြုတ်၍ဖြစ်စေ နှစ်သက်စွာ စားသုံးလျက်ရှိကြောင်း၊ ပိန်းဥသည် သွေးလည်ပတ်မှုကောင်းစေခြင်း၊ ကိုယ်ခံအားစနစ်မြှင့်တင်ပေးခြင်း၊ မျက်စိကျန်းမာရေးကောင်းစေခြင်း စသည့်ကျန်းမာရေးကောင်း ကျိုးများစွာပါဝင်သည့် ရာသီစာဟင်းသီးဟင်းရွက်တစ်မျိုးလည်း ဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် (၁၈၀၀/-)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၂၅၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပိန်းဥကို   သက်သတ်လွတ်ဟင်းလျာအဖြစ် အာဟာရပြည့်ဝစွာ သုံးဆောင်နိုင်သလို မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုး  (သို့မဟုတ်)  ငါး (သို့မဟုတ်) ပုစွန်ဖြင့်ရော ချက်၍လည်းကောင်း၊ စွပ်ပြုတ်အဖြစ်လည်းကောင်း စားသုံးနိုင်ကြောင်း၊ ပိန်းဥကိုပြုတ်၍ ဆီ၊ ဆားဖြင့်စားခြင်းသည်  အလွယ်ကူဆုံးသော စားသုံးနည်းဖြစ်ပြီး ကလေး၊ လူကြီးအားလုံး ကြိုက်သော သရေစာတစ်မျိုးလည်းဖြစ်ကြောင်း၊ တိုးတက်ခေတ်မီသောနိုင်ငံများတွင် ပိန်းဥကို အမှုန့်ပြုလုပ်၍ ဟင်းခတ်စားဖွယ်အဖြစ်လည်းကောင်း၊  ရေခဲမုန့် သို့မဟုတ် မုန့်ချိုပြုလုပ်၍ လည်းကောင်း၊  နို့မှုန့်အစားထိုး ပိန်းဥဖျော်ရည်အဖြစ်လည်းကောင်း  အရသာရှိရှိ စားသုံးကြကြောင်း၊ ပိန်းဥများ ဈေးကွက်ဝင်ရောက်လာခြင်းနှင့်အတူ ဒေသခံစားသုံးသူများအနေဖြင့် ဈေးနှုန်းသင့်တင့်စွာ ဖြင့် ဝယ်ယူစားသုံးနိုင်ခြင်းကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ဈေးကွက်ထဲသို့ ဝင်ရောက်လာသည့် တောင်ပို့မှိုများ”

        ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ စက်တင်ဘာလ တွင်  ခရိုင်အတွင်းမှထွက်ရှိသော တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက် ရှိကြောင်း၊ ဈေးကွက်ထဲတွင် မိုးရာသီချိန်တွင်ရရှိသည့် ပြင်ဦးလွင်ဒေသထွက်တောင်ပို့မှိုများ၊ ငွေနှင်းမှို၊ ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ ဝါးမှိုများ၊ ငှက်ပျောမှို၊ မှိုအုံးနက်များ တွေ့ရှိရ ကြောင်း၊   စျေးကွက်အတွင်း   သဘာဝအတိုင်းထွက်သည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုးတို့ တွေ့ရှိရ ကြောင်း၊ တောင်ပို့မှို လက်ကားတစ်ပိဿာလျှင်   (၃၀၀၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၃၅၀၀၀/-) ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ တောင်ပို့မှို မျိုးစိတ်များသည် အမျှင်များခြင်း၊ ကယ်လိုရီနည်းခြင်း၊ ဆိုဒီယမ် ပါဝင်မှုနည်းခြင်း၊ ဂလူးကိုစ်အချိုဓာတ်  ပါဝင်မှုနည်းခြင်း၊ မင်နရယ်နှင် ဗိုက်တာမင်များခြင်း၊ အာဟာရအတွက်သာမက ဆေးဖက်ဝင်သည့် တောင်ပို့မှို စားသုံးခြင်းဖြင့် ကင်ဆာဖြစ်စေမှု လျော့ကျခြင်း၊ အအေးမိခြင်း၊ ဖျားနာခြင်းမှ လွတ်ကင်းခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းစေခြင်း၊ သွေးတွင်းကိုလက်စ ထရော အဆင့်ညီမျှအောင် ဆောင်ရွက်ပေးခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ နာတာရှည် ရောဂါများဖြစ်နိုင်ချေမှ ကာကွယ်ပေးခြင်း၊ ကယ်လိုရီနည်းပြီး အမျှင်များသော အစားအစာဖြစ်သည့် အတွက် မှိုများကို ဆေးဖက်ဝင်ဖြည့်စွက်စာ အဖြစ် သုံးလာကြကြောင်း သတင်းရရှိပါသည်။       

DOCA(မန္တလေး)

                            

                  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း