ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ရှိ နှင်းဆီပန်းဈေးနှုန်း

    ထားဝယ်မြို့ရှိ ကမ်းနားဈေး၊ ညနေဈေး၊ စည်ပင်သာယာဈေးနှင့် ပိန္နဲတောဈေးတို့တွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူ ပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ထားဝယ်အခေါ်) ညောင်အိုးပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များပြီး ပွဲအခမ်းအနားအမျိုးမျိုးတို့တွင်အသုံးပြုကြ သည့်အပြင် အိမ်တိုင်း၌တွေ့ရတတ်သောနှင်းဆီပန်းများကို နေပြည်တော်၊ မော်လမြိုင်မြို့မှလည်း တင်ပို့လျက်ရှိပြီး အောက်တိုဘာလအတွင်း သီတင်းကျွတ်မီးထွန်းပွဲတော်ရှိသည့်အတွက် လပြည့်နေ့ ဘုရားသွားသူများပြားလျက်ရှိရာ နှင်းဆီပန်းအပြင် တစ်ခြားပန်းများသည်လည်း ဈေးကောင်းလျက်ရှိ ကြောင်း နှင်းဆီပန်း(၁)ပွင့်လျှင် (၅၀၀)ကျပ်မှ (၇၀၀)ကျပ်အထိရောင်းချလျက်ရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

“စဉ့်ကိုင်မြို့နယ်၌ မိုးနှောင်း ချည်မျှင်ရှည်ဝါများအောင်မြင်ဖြစ်ထွန်း”

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပဲ၊ပြောင်း၊ကြက်သွန်နှင့်ငရုတ် သီးနှံများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး လူတို့အသုံးအဆောင်ဖြစ်သော အဝတ်အထည်များ ယက်လုပ်ရန်အတွက် ဝါသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိပါသည်။ ခရိုင်အတွင်း မိုးနှောင်းဝါ စိုက်ဧက (၂၀၇၇၃)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း၊ စဉ့်ကိုင်မြို့နယ်တွင် မိုးနှောင်းဝါစိုက်ပျိုးဧက (၈၁၁၇) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ဝါစိုက်ပျိုး သောရွာများမှာ ပင်ချား၊ တောင်ဦးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ဝါစိုက်ပျိုးမှု အနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကျကြောင်း ၊ မျိုးအနေဖြင့် ငွေချည်-၆ ၊ ရွှေတောင် - ၈ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးထုပ်(၂-၃)ထုပ်အထိ ကုန်ကျ ကြောင်း၊ မျိုး(၁) ထုပ်စျေးနှုန်းအနေဖြင့် (၆၄၀၀၀-၆၉၀၀၀)ကျပ် စျေးဖြင့်ဝယ်ယူ စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် ပိဿာ(၃၀၀-၄၀၀) ခန့် ထွက်ရှိခဲ့ပြီး ဝါ(၁)ပိဿာလျှင် (၃၂၀၀/-) ကျပ်ဖြင့် ရောင်းချခဲ့သောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၆၂၀၀၀၀/-) ကျပ်ဝန်းကျင်ခန့် မြတ်ခဲ့ကြောင်း၊ ဝါစျေးနှုန်းအနေဖြင့် ယခုလက်ရှိပေါက်စျေး ဝါအသစ် (၁)ပိဿာ လျှင်(၃၅၀၀-၃၈၀၀)ကျပ်၊ ဂွမ်းအသစ် (၁)ပိဿာလျှင် (၈၉၀၀-၉၀၀၀)ကျပ်၊ အရည်အသွေး ကောင်းမွန်သော ဝါအသန့်(၁)ပိဿာလျှင်(၄၀၀၀/၄၂၀၀)ကျပ်၊ ဂွမ်းအကောင်း(၁) ပိဿာလျှင် (၉၉၀၀-၁၀၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ ဝါထွက်ပေါ်ချိန်တွင် စျေးကွက်အနေဖြင့် မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ဝါစက်များ၊ ချည်မျှင်ယက်ကန်းရုံများနှင့် မန္တလေးစက်မှုဇုံ(၁)သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ ဝါအထွက်နှုန်း ကောင်းမွန်ရန်နှင့် တောင်သူအကျိုး အမြတ်ပိုမိုဖြစ်ထွန်းရန်အတွက် မျိုးရိုးဗီဇ မှန်ကန်‌သောမျိုးများ နှင့် စုပ်စားပိုးဒဏ်ခံနိုင်သောမျိုးများ အာမခံချက်ပေးနိုင်ရန် သက်ဆိုင်ရာဌာန၏ ပံ့ပိုးမှုများ လိုအပ်လျှက်ရှိကြောင်း ဝါစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

                              

ထားဝယ်မြို့ရှိ ဆလပ်ရွက်ဈေးနှုန်း/ဈေးကွက်

    ထားဝယ်မြို့နယ်အတွင်း ဆလပ်ရွက်များကို မြို့ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် တောင်မင်း ပြောင်ကျေးရွာ၊ နခံတောကျေးရွာနှင့် သပြေချောင်းကျေးရွာများမှ အဓိကတင်ပို့လျက်ရှိပြီး ဒေသထွက် ဟင်းသီးဟင်းရွက်များအဖြစ် စားသုံးသူများက နှစ်သက်စွာ ဝယ်ယူစားသုံးလျက် ရှိကြောင်း သိရှိရသည်။ မိုးရာသီကုန်ခါနီးဖြစ်သည့်အလျောက် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ အနည်းငယ် မြင့်တက် နေသော် လည်း ဒေသထွက်ထုတ်ကုန်များဖြစ်သည့်အတွက် ဈေးနှုန်းအတန်အသင့် သက်သာမှုရှိကြောင်း၊ ထားဝယ်မြို့ရှိကမ်းနားဈေးတွင် ဆလပ်ရွက်တစ်စည်းလျှင် (၅၀၀) ကျပ်မှ (၇၀၀) ကျပ် အထိရှိကြောင်း သိရှိရပြီး ရောင်းကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ကြက်ဟင်းခါးသီးစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရသော စပါး၊ ပဲ၊ ပြောင်း သီးနှံများ အပြင် စားဖိုဆောင် သီးနှံများဖြစ်သော ငရုတ်၊ ကြက်သွန်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ၎င်းသီးနှံများအနက် ကြက်ဟင်းခါးသီး သီးနှံကိုလည်း တောင်သူများမှ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။ ခဝဲသီးစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဗမာမျိုးနှင့် ကြက်ဟင်းခါးရှည်မျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ ကြက်ဟင်းခါးအပုမျိုးသည် ဗမာမျိုးဖြစ်ပြီး ကြက်ဟင်းခါးရှည် စိုက်ပျိုးရာတွင် စင်ခံ၍ စိုက်ပျိုးရကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ အင်ရောင်း၊ လက်ဝဲစုနှင့် အုန်းခရိုင်ရွာ များတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊  တစ်ဧကမျိုးအသုံးပြုမှုအနေဖြင့် (၅)ထုပ်မှ (၆)ထုပ် ကုန်ကျကြောင်း၊ မျိုးတစ်ထုပ် ဈေးနှုန်းအနေဖြင့် (၅၀၀၀-၆၀၀၀)ကျပ်အထိ ဝယ်ယူစိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ တိုင်ထောင်ဝါးများအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ (၁၂၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး တစ်လခွဲခန့်တွင် ရောင်းတန်းဝင် အသီးများရရှိကြောင်း၊ တစ်ဧက ပိဿာ(၁၃၀၀)ခန့် ထွက်ရှိကြောင်း၊ ကြက်ဟင်းခါးစိုက်ပျိုးချိန်အကောင်းဆုံးမှာ မိုးတွင်းကာလနှင့် ဆောင်းကာလများတွင်  စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းကြောင်း၊ ကြက်ဟင်းခါးသီးဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်ကားဖောက်သည်ဈေး (၂၀၀၀/-)ကျပ်ဖြင့် ရောင်းချပေးကြောင်း၊ လက်လီ တစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ်အထိ ရောင်းချလျက်ရှိကြောင်း၊ ကြက်ဟင်းခါးသီးကို လူတိုင်း ကြိုက်နှစ်သက်ကြပြီး ကြက်ဟင်းခါးသီး ပုဇွန်ခြောက်ချတ်၊ ကြက်ဟင်းခါးသီးကြော် အဖြစ်လည်း စားသုံးကြကြောင်း၊ ကြက်ဟင်းခါးသီးစားသုံးခြင်းဖြင့် ရေဓာတ်၊ ပရိုတင်းဓာတ်နှင့် အမျှင်ဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်များပါရှိသောကြောင့် အသက်ရှုလမ်းကြောင်းတစ်လျှောက်၊ အဆုတ်ထဲမှ ချွဲသလိပ်များကို ဖယ်ရှားပေးနိုင်ကြောင်း၊ ဝမ်းချုပ်ခြင်းအား သက်သာစေကြောင်း၊ အစာခြေစနစ်ကို ကျန်းမာစေပြီး အစာစားခြင်စိတ်ကို တိုးပွားစေနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ကြက်ဟင်ခါး စိုက်ပျိုးခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးကြောင်း တစ်ဧကကုန်ကျစရိတ် နှုတ်ပြီး (၁၄၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း ကြက်ဟင်းခါးဈေးကောင်းမွန်သောကြောင့် တောင်သူများအကျိုးအမြတ်ဖြစ်ထွန်းကြောင်း ခဝဲစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)

                                                                  

ထားဝယ်မြို့ရှိ ဇော်စိမ်းပန်း(ထားဝယ်အခေါ်) ညောင်အိုးပန်းဈေးနှုန်း

     ထားဝယ်မြို့ရှိ ကမ်းနားဈေး၊ ညနေဈေး၊ စည်ပင်သာယာဈေးနှင့် ပိန္နဲတောဈေးတို့တွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူ ပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ထားဝယ်အခေါ်) ညောင်အိုးပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များပြီး အိမ်တိုင်း၌တွေ့ရတတ်သော  ဇော်စိမ်းပန်း (ထားဝယ်အခေါ်)ညောင်အိုးပန်းများက ထားဝယ်ဒေသအနီးတစ်ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိသလို မော်လမြိုင်မြို့မှလည်းတင်ပို့လျက်ရှိကြောင်းသိရှိရပြီး ဇော်စိမ်းပန်း(၁၀) ခက်တစ်စည်းလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ သင်္ဘောသီးအစိမ်းဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်းများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး ကြပြီး စည်ပင်သာယာဈေးနှင့် ကျေးရွာဈေးများသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။

    ၂၀၂၅ခုနှစ်၊ အောက်တိုဘာလအတွင်း ထားဝယ်မြို့နယ်ရှိ ဈေးများ၌ ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်းဈေးနှုန်းမှာ သင်္ဘောသီးစိမ်း(၁)လုံးလျှင် (၅၀၀)မှ (၁,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံ ကုန်စိမ်းရောင်းချသူများထံမှ သိရှိရသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ပုဇွန်ဈေးနှုန်းများသိသိသာသာတက်

     ထားဝယ်မြို့အတွင်း အလှူအတန်းရာသီစပြီဖြစ်သည့်အတွက်ကုန်ဈေးနှုန်းများ မြင့်တက် လျက် ရှိရာ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး ပုဇွန်ထုတ်များကို ငါးဒိုင်များမှ ဝယ်ယူရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတွင် ထားဝယ်မြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများ အနေဖြင့် လက္ကားဈေး (၁)ပိဿာလျှင်(၆၇၀၀၀)ကျပ်၊ လက်လီဈေး(၁)ပိဿာလျှင်(၆၉၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက် ရှိကြောင်း ယခင်အပတ်ထက် ပုဇွန်ထုတ်ဈေးနှုန်းသိသိသာသာတက်လာသော်လည်း ဝယ်ယူသူများလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့၏ ဗုံလုံသီးဈေးနှုန်း

     ဗုံလုံသီးကို ပဲလင်းမြွေသီးဟုလည်းခေါ်တွင်ကြပြီး ဝက်သားအစာသွပ်၊ ဟင်းချို၊ ရခိုင်ချက်အပြင် ကြိုက်နှစ်သက်ရာအသားများနှင့် အစာသွပ်၍ ချက်ပြုတ်စားသောက်သည့်အတွက် စိုက်ပျိုးသူတောင်သူများနှင့် အိမ်တွင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးသူ‌တောင်သူများအနေဖြင့် ရောင်းအားကောင်း လျက် ရှိပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိပါသည်။ ထားဝယ်ဈေးကွက်အတွင်းသို့ ဗုံလုံသီးများ ဝင်ရောက်လာနေပြီး ရာသီပေါ်ဖြစ်သည့်အတွက် ဈေးကောင်းရနေကြောင်း သိရှိရပါသည်။ အလုံးကြီး တစ်လုံးလျှင် (၁၅၀၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၈၀၀) ကျပ်ခန့်ရှိကာ စိုက်ပျိုးသူများ ဝင်ငွေ ကောင်းလျက်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

“ခဝဲသီးများဈေးကောင်းရ၍စိုက်ပျိုးမှုများလာ”

          မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည်ဆည်ရေသောက်ဒေသတစ်ခုဖြစ်သောကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရသော စပါး၊ ပဲ၊ ပြောင်း သီးနှံများအပြင် စားဖိုဆောင် သီးနှံများဖြစ်သော ငရုတ်၊ ကြက်သွန်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ၎င်းသီးနှံများအနက် ခဝဲသီးသီးနှံကိုလည်း တောင်သူများမှ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုး လာကြပါသည်။ ခဝဲသီးစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ခဝဲပုမျိုးနှင့် ခဝဲရှည်မျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ ခဝဲပုမျိုးသည် ဗမာမျိုးဖြစ်ပြီး ခဝဲရှည်မျိုးသည် ထိုင်ဝမ်မျိုးဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသော မျိုးမှာ ခဝဲရှည်မျိုးဖြစ်ပြီး စိုက်ပျိုးရာတွင် စင်ခံ၍ စိုက်ပျိုးရကြောင်း၊ အများဆုံးစိုက်ပျိုးသော ရွာများမှာ ပင်တလယ်၊ ကျောက်ခုံရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊  တစ်ဧကမျိုးအသုံးပြုမှုအနေဖြင့် (၅)ထုပ်မှ (၆)ထုပ်ကုန်ကျကြောင်း၊ မျိုးတစ်ထုပ် ဈေးနှုန်းအနေဖြင့် (၅၅၀၀-၆၅၀၀)ကျပ်အထိ ဝယ်ယူစိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ တိုင်ထောင်ဝါးများအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ (၁၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး တစ်လခွဲခန့်တွင် ရောင်းတန်းဝင် အသီးများ ရရှိကြောင်း၊ တစ်ဧက ပိဿာ(၂၀၀၀)ခန့် ထွက်ရှိကြောင်း၊ ခဝဲစိုက်ပျိုးချိန်အကောင်းဆုံးမှာ မိုးတွင်းကာလဖြစ်သော ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းကြောင်း၊ ခဝဲသီးဈေးနှုန်း အနေဖြင့် တစ်ပိဿာလျှင် လက်ကားဖောက်သည်ဈေး (၁၈၀၀/-)ကျပ်ဖြင့် ရောင်းချပေးပြီး လက်လီတစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀)ကျပ်အထိ ရောင်းချလျက်ရှိကြောင်း၊ ခဝဲသီးကို လူတိုင်း ကြိုက်နှစ်သက်ကြပြီး ခဝဲဟင်းချို၊ ခဝဲသီးနှင့် ကြာဇံကြော်၊ အတို့အမြှုပ်အဖြစ်လည်း စားသုံးကြ ကြောင်း၊ ခဝဲသီးစားသုံးခြင်းဖြင့် ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း၊ အရိုးပွရောဂါကို ကာကွယ်ပေး ခြင်းနှင့် နှလုံးကို ကျန်းမာစေကြောင်း လေ့လာသိရှိရပါသည်။ ခဝဲစိုက်ပျိုးခြင်းဖြင့် ကုန်ကျစရိတ် သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးကြောင်း တစ်ဧကကုန်ကျစရိတ်နှုတ်ပြီး (၁၅၆၀၀၀၀/- )ကျပ်ခန့် မြတ်ကြောင်း ခဝဲဈေးကောင်းမွန်သောကြောင့် တောင်သူများအကျိုးအမြတ်ဖြစ်ထွန်းကြောင်း ခဝဲစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

                                                                  

ထားဝယ်မြို့ရှိ ပဲတောင့်ရှည်စျေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည် သီးကိုလည်း မိသားစုစီးပွားရေးလုပ်ငန်းများအဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မ စျေးကြီးများနှင့် ကမ်းနားပျံကျစျေးများတွင် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    ယခုအခါ ထားဝယ်မြို့ရှိ အောက်တိုဘာလဒုတိယအပတ်တွင် ပဲတောင့်ရှည်သီး စျေးနှုန်း များမှာ ပဲတောင့်ရှည်သီး အစီးငယ်တစ်စီးလျှင် (၆၀၀)ကျပ်ရှိပြီး ပဲတောင့်ရှည်သီးတစ်စီးလျှင် (၂၅၀၀) ကျပ်ရှိကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း