ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ငှက်ပျောစိုက်ပျိုးဝင်ငွေတိုး”

             မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် စပါး၊ပဲမျိုးစုံ၊ဆီထွက်သီးနှံမျိုးစုံ၊ငရုတ်၊သရက်နှင့်ငှက်ပျောစသည့် သီးနှံများအား ရာသီအလိုက် စိုက်ပျိုးလျှက်ရှိရာ ၄င်းသီးနှံများအနက် ငှက်ပျောသီးနှံအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။ငှက်ပျောစိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ ကျောက်ဆည်ခရိုင်တွင် (၃၁၁၃)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ ကျောက်ဆည်မြို့နယ်တွင်(၁၂၈၂)ဧက စိုက်ပျိုးထားရှိပြီး (၈၀၄)ဧက ရိတ်သိမ်းပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ငှက်ပျောကို ရာသီမရွေး စိုက်ပျိုးနိုင်ကြောင်း၊ငှက်ပျောစိုက်ပျိုးရာတွင် (၁)ဧကလျှင်အပင်(၈၀၀)စိုက်ပျိုးရကြောင်း၊ တစ်ပင်နှင့် တစ်ပင်(၈)ပေခြားကာ စိုက်ပျိုးရပြီး (၉-၁၀)လ အကြာတွင် ငှက်ပျောဖူးများ စတင်ထွက်ရှိ၍ ငှက်ပျောဖူးထွက်ပြီး(၃)လကြာလျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်များရရှိလာပါသည်။ ကျောက်ဆည် ဒေသ၌ အများအားဖြင့် ဖီးကြမ်းငှက်ပျောမျိုးများကို အဓိကထားစိုက်ပျိုးကြပါသည် ။ (၁)ဧက စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၂၀)သိန်းကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ငှက်ပျောခြံများမှ ငှက်ပျောအခိုင်(၄၀)ပါလှည်းတစ်စီးလျှင် (၄၅၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်ဖြစ်နေကြောင်း ၊ ငှက်ပျောသီးဖီးကြမ်း တစ်ဖီးစျေးနှုန်းမှာ လက်ရင်း(၃၅၀၀-၄၀၀၀)ကျပ် ၊ လက်ဖျား(၂၅၀၀-၃၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ် လျှက်ရှိကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် သိန်း(၇၀) ဝန်းကျင်ခန့်မြတ်ကြောင်း၊ ကျောက်ဆည်မြို့နယ်ရှိ ငှက်ပျောပွဲစားများသည် ငှက်ပျောခြံအထိ လာရောက်ဝယ်ယူကြကြောင်း ၊ စျေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ပဲခူးမြို့များ သို့တင်ပို့ရောင်းချကြောင်း၊ ငှက်ပျောစိုက်ပျိုးခြင်း ဖြင့် ဝင်ငွေတိုးပြီး တွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း ဖီးကြမ်းငှက်ပျော စိုက်ပျိုးသော တောင်သူ တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

မုံရွာမြို့တွင် ရောင်းချနေသော ဒူးရင်းသီး နှင့် ကြက်မောက်သီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်တွင် ဒူးရင်းသီး နှင့် ကြက်မောက်သီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဒူးရင်းသီး နှင့် ကြက်မောက်သီး များကိုဒေသတွင်း စားသုံးခြင်းသာမက ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒူးရင်း နှင့် ကြက်မောက်သီး စိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိပြီး အသီးသီး ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။ 

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ဒူးရင်းသီး တစ်လုံးလျှင် (၁၂၅၀၀)ကျပ်၊ အလားတူ ကြက်မောက်သီးဈေးနှုန်းများမှာ တစ်လုံးလျှင် (၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ကျောက်ဆည်မြို့နယ်၏နေကြာရိတ်သိမ်းမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

         မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ကျောက်ဆည်ခရိုင်အတွင်း (၆၇၂၈)ဧက စိုက်ပျိုးခဲ့ကြောင်း ၊ ကျောက်ဆည်မြို့နယ် တွင်(၃၁၆၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး(၁၄၉၂)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ နေကြာ(မိုး) စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင်(၄၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခုအချိန်တွင် နေကြာများ ဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ၊ နေကြာစျေးနှုန်းအနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် တစ်တင်းလျှင်(၅၂၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ပြီး အောက်တိုဘာလ ဒုတိယပတ်တွင် တစ်တင်းလျှင်(၅၈၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း  ၊ ယခင်လထက် စျေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း၊ တောင်သူများမှ ကျောက်ဆည်မြို့ပေါ်ရှိပွဲရုံများသို့ လာရောက်ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန်၊မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြ ကြောင်း ၊ အထွက်နှုန်းအနေဖြင့် (၂၀-၂၅)တင်းခန့်ထွက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၇၆၀၀၀၀/-)ကျပ် မြတ်ခဲ့ကြောင်း ၊ နေကြာ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

မုံရွာမြို့တွင် ရောင်းချနေသော ဆူးပုတ်ရွက်နှင့် ပန်းငရုတ်ပွသီး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း ဆူးပုတ်ရွက်နှင့် ပန်းငရုတ်ပွသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဆူးပုတ်ရွက်နှင့် ပန်းငရုတ်ပွသီး များကိုဒေသတွင်း မိမိတို့အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင် အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်နှင့် ပန်းငရုတ်ပွသီးများ စိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိ ရပါသည်။ 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ဆူးပုတ်ရွက် (၁)စည်းလျှင် (၅၀၀)ကျပ်၊ အလားတူ ပန်းငရုတ်ပွသီးဈေးနှုန်းများမှာ (၁၀)ကျပ်သား လျှင်(၂၀၀၀) ကျပ်၊ ၂၅ကျပ်သားလျှင်(၄၀၀၀)ကျပ်၊  ၅၀ကျပ်သားလျှင်(၇၅၀၀)ကျပ်နှင့် တစ်ပိဿာလျှင (၁၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ကျောက်ဆည်မြို့နယ်၏ ငရုတ်စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ငရုတ်သီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်ခရိုင်အတွင်း (၇၄၂၂)ဧက စိုက်ပျိုးခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် (၁၆၁၅)ဧကစိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧက (၆၈၄)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများအရသိရှိရသည် ။ ငရုတ်မျိုးများ အနေဖြင့် သာမို ၊ ဒီမွန် ၊ အက်စတာ၊ ၆၉၂၊ကျားခေါင်း ငရုတ်မျိုးများကိုစိုက်ပျိုးကြပြီး၎င်းမျိုးများအနက် ၆၉၂ငရုတ်မျိုးများကို ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများတွင် စိုက်ပျိုးကြကြောင်း ၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း ၊ အထွက်နှုန်း အနေဖြင့် (၃၅၀-၄၀၀)ပိဿာခန့်ထွက်ရှိကြောင်း ၊ ငရုတ်သီး ဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက် အညှာပါ တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငရုတ်သီးခြောက်အညှာခြွေ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၁၆၅၀၀၀၀/-) ကျပ် ဝန်းကျင်မြတ်ကြောင်း၊ ငရုတ်ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြပြီး ဈေးကွက်ရှိရာ မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ငရုတ်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိသည့် အပြင်မိသားစုစားဝတ်နေရေးပါ ပြေလည်သည့်အတွက် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ငရုတ် စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

 

မုံရွာမြို့တွင် ရောင်းချနေသော ထောပတ်သီး နှင့် ဖီးကြမ်းငှက်ပျောသီးဈေးနှုန်း

 

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင်  ထောပတ်သီးနှင့် ဖီးကြမ်းငှက်ပျောသီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းကြပါသည်။ မုံရွာမြို့နယ်ဒေသ အတွင်း စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ပြီး  ဥယျာဉ်ခြံ စိုက်ပျိုး လုပ်ကိုင်ရာတွင် ရာသီစာ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြသလို ဖီးကြမ်းငှက်ပျောကိုလည်း အများအပြား စိုက်ပျိုး ကြကြောင်း သိရှိရပါသည်။

            ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ ချင်းတွင်းရတနာဈေးရှိ  သစ်သီး ဆိုင်များတွင် ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီးအသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ ထောပတ်သီးအလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် ထောပတ်သီးအကြီး (၁)လုံးလျှင် (၉၀၀) ကျပ် ၊ ဖီးကြမ်းငှက်ပျောသီးဈေးနှုန်းမှာ    ငှက်ပျောတစ်ဖီးလျှင် (၂၅၀၀ -၃၅၀၀) ကျပ် ဖြင့်ရောင်းချပြီး ဖီးကြမ်းငှက်ပျောသီးကို ဈေးကွက် အတွင်းတွင် အဖီးလိုက်၊ အခိုင်လိုက် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ပဲစဉ်းငုံ(မိုးဦး)များအောင်မြင်ဖြစ်ထွန်းမှုနှင့်စျေးနှုန်းအခြေအနေ”

             မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၉၄၀)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၄၅၈)ဧက၊မြစ်သား မြို့နယ်တွင်(၃၀၂)ဧက ၊ စုစုပေါင်း(၁၇၀၀)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှုများရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင် လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလနှင့်မတ်လ များတွင် စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း ၊ ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် ပဲစဉ်းငုံအပင်များ အသီးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း ၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၁၀၈၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး အကျိုးအမြတ် အနေဖြင့်(၇၈၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြောင်း ၊ ယခုအချိန်တွင် ပဲစဉ်းငုံများ ထွက်ပေါ်ခြင်းမရှိသေး သော်လည်း စျေးနှုန်းအနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် တစ်တင်းလျင်(၉၀၀၀၀/-) ကျပ်စျေးနှုန်းများရှိခဲ့ပြီး၊ အောက်တိုဘာလ ဒုတိယပတ်တွင် တစ်တင်းလျှင် (၇၃၀၀၀/-) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်းပွဲရုံများမှသိရှိရပါသည်။ ပဲစဉ်းငုံကို ပဲဟင်း ၊ ပဲကြော် ၊ ပဲစဉ်းငုံ အသီးကို အစိမ်းပြုတ်၍ စားသုံးကြပါသည် ။ ပဲစဉ်းငုံ စားသုံးခြင်းဖြင့်ပန်းနာရင်ကြပ်ရောဂါများကိုလည်း ပျောက်ကင်းစေသည့်အပြင်သွေးအားနည်းရောဂါ၊သွေးတိုးကိုကျစေပြီးကိုယ်ခံအားစနစ်ကိုကောင်းမွန် စေကြောင်း ၊ ပဲစင်းငုံထဲတွင်   ပိုတက်စီယမ် သတ္တုဓာတ်  အဓိက အများဆုံးပါရှိပြီး ၎င်းဓာတ်က ခန္ဓာကိုယ်ထဲ  ရောက်သွားသောအခါ ဓာတ်ပြုပြီးနောက် သွေးဖိအားကို လျှော့ချပေးပါသည် ။ ထို့ကြောင့် သွေးတိုးရောဂါရှိသူများအနေဖြင့် ပဲစင်းငုံကို နေ့စဉ် စားပေးသင့်သည်။ ပရိုတင်းဓာတ် အပြည့်အဝပါရှိသည့် ပဲစင်းငုံကို စားပေးခြင်းဖြင့် ဆဲလ်များ၊ တစ်သျှူးများ၊ ကြွက်သားများ နှင့် အရိုးများကို ကောင်းစွာတည်ဆောက်စေကာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေကြောင်း ကျန်းမာရေး စာစောင်များမှ လေ့လာသိရှိရပါသည် ။ ပဲစဉ်းငုံ စားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိသဖြင့် စားသုံးသင့်ပါကြောင်းရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

မျှစ်ခြောက် နှင့် မျှစ်ခြောက်ပြုတ် ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကြသလို ရောင်းချမကုန်သည်များကို ဟင်းရှားပါးသည့် အရာသီများ အတွက် အခြောက်လှမ်းထားပြီး  ဩဂုတ်လ စတုတ္ထပတ်လောက်တွင် ပေါ်ဦးပေါ်ဖျား မျှစ်ခြောက် ကို စတင်ရောင်းချလျက်ရှိကြောင်းနှင့် မျှစ်ခြောက်ပြုတ်များကိုတော့ ယခုလိုပေါ်ခါစကာလနှင့် နွေရာသီ ဟင်းရှားပါးချိန်များတွင် ပြုတ်၍ ရောင်းချကြောင်း  သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်း မျှစ်ခြောက် တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၅၀၀)ကျပ် နှင့် မျှစ်ခြောက်ပြုတ် ဈေးနှုန်းအနေဖြင့် မျှစ်ခြောက်ပြုတ် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ မျှစ်ခြောက်ပြုတ် (၁၀)ကျပ်သားခန့် တစ်ပုံလျှင် (၁၀၀၀)ကျပ်  ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

“ခရမ်းချဉ်သီးဈေးနှုန်းများအနည်းငယ်မြင့်တက်”

          မြန်မာနိုင်ငံသည် နွေ၊ မိုး၊ဆောင်း ဥတုသုံးပါးညီမျှခြင်းကြောင့် ဒေသမရွေး သီးပင်၊ စားပင်များ အားစိုက်ပျိုးဖြစ်ထွန်းကြပါသည်။ ၎င်းသီးနှံများအနက် ခရမ်းချဉ်သီး သီးနှံကို ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးလျှက်ရှိပါသည် ။ ယခုအချိန်တွင် အောင်ပန်း ၊ အင်းလေးမှထွက်ရှိသော ခရမ်းချဉ်သီးများ ကျောက်ဆည်ခရိုင်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်း ၊ မြို့နယ်အတွင်း စိုက်ပျိုးထားသော ခရမ်းချဉ်သီး သီးနှံများလည်း ထွက်ပေါ်နေပြီဖြစ်ကြောင်း ၊ ခရမ်းချဉ်သီး‌ စျေးနှုန်းအနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင်(၁၅၀၀-၂၀၀၀)ကျပ် ရှိခဲ့ရာမှ အောက်တိုဘာလ ဒုတိယပတ်တွင် တစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀)ကျပ်  စျေးနှုန်းများဖြင့်  ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ် နှင့် ယခုအပတ် နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း ၊ ခရမ်းချဉ်သီးများ ဈေးကွက်အတွင်း ဝင်ရောက်မှုအနေဖြင့် အောင်ပန်း ၊ အင်းလေးမြို့များမှ ဝင်ရောက်ရာတွင် သယ်ယူစရိတ်များပြားခြင်း နှင့် ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် ခရမ်းချဉ်သီး ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသည့် စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

စိုရာသီကုန်တော့မည့် ဗမာပြောင်းဖူး ဈေးနှုန်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ ကျွန်းလှမြို့နယ်အတွင်းရှိကျေးရွာများတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရိုးရိုးဗမာပြောင်းဖူးပင်များကို မိမိတို့ တောင်ယာများတွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ရိုးရိုးဗမာပြောင်းဖူး ဈေးနှုန်း အနေဖြင့် ရိုးရိုးဗမာပြောင်းဖူး အဖူးကြီး တစ်ဖူးလျှင်(၂၅၀)ကျပ်၊ အဖူးသေး တစ်ဖူးလျှင် (၂၀၀) ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၅)ဖူး ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိလျက်ရှိကြောင်း ယခင် အပတ်ထက် ရှားပါးလာသည့်အတွက် ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း