ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ပျားရည် ဈေးနှုန်း အခြေအနေ

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများရှိသလို စာဝတ်နေရေးအတွက် စိုက်ပျိုးရေးမဟုတ်ပဲ ကျရာပင်ပေါက် လုပ်ကိုင်ရသော လက်လုပ် လက်စားသမားလေးများလည်းရှိပါသည်။ ထိုလက်လုပ်လက်စားလုပ်ငန်း လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေးအတွက် တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည်နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ယခု အချိန် တွင် နေကြာပန်းများနှင့် ပန်းမျိုးစုံပေါသည့်ရာသီဖြစ်သည့်အတွက် ပျားရည်ပေါသော အချိန်ဖြစ် ၍ ရှာဖွေရရှိလာသော ပျားသလက် နှင့် ပျားရည်ကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြပါသည်။

   ယခု ဧပြီလ ပထမအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားရည်ဈေးနှုန်းအနေဖြင့် ပျားရည် တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်နှုန်း၊ ပျားရည်(၄၀)ကျပ်သားဝင် ပုလင်း တစ်လုံးလျှင် (၁၅၀၀၀)ကျပ်၊ ပျားရည်(၂၀)ကျပ်သား ဂျပ်ပြားပုလင်း တစ်လုံးလျှင်(၈၀၀၀)ကျပ် နှင့် ပျားရည်(၁၀) ကျပ်သား ဂျပ်ပြားပုလင်း တစ်လုံးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ပျားရည်ရောင်းချနေသည် ဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မိုးမလင်းဈေးတွင် ရောင်းချနေသော တို့ဟူးစိမ်း ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ ပေါ်ရပ်ကွက်တွင် မိသားစု စားဝတ်နေ‌‌ရေးအတွက် ကန့်ဘလူမြို့ မိုးမလင်းဈေးနှင့် မြို့မဈေးကြီးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်းတို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

   တို့ဟူးစိမ်းသည် လူကြီး လူငယ်အရွေး ကြိုက်နှစ်သက်ပြီး မိမိတို့ နေ့စဉ် စားသုံးနေသော ထမင်းအတွက် အရန်ဟင်းတစ်ခွက်အဖြစ် အသုံးပြုကြသလို တို့ဟူးစိမ်းကို မနက်အစောစာအဖြစ် သုပ်စားခြင်း၊ တို့ဟူးကြော်ကို ကောက်ညှင်းပေါင်း နှင့်စားခြင်း၊ မုန့်တီသုပ်ထဲတွင်ထည့်ခြင်း၊ တို့ဟူးစိမ်းကို အစုံသုပ်၊ သင်္ဘောသီးသုပ်တို့ထဲတွင်ထည့်ခြင်း၊ တို့ဟူးစိမ်းကို အခြောက်လှမ်းပြီး တို့ဟူးခြောက်ကြော်စားခြင်းနှင့် တို့ဟူးစိမ်းကို အတုံးလေးတုံးပြီး ခရမ်းချဉ်သီးအနှစ်ဖြင့် အရန်ဟင်းအဖြစ် ချက်စားကြပါသည်။

   ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေး၌ ကုန်စိမ်း သီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ရာသီစာ ညောင်ရွက်ဈေးနှုန်း အခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် မိသားစု စားဝတ်နေရေးတွက်  မိမိတို့ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ယခုအခါ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး တွင် ရာသီပေါ် ညောင်ရွက်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသည့်  ညောင်ရွက်ဈေးနှုန်းမှာ ‌‌ညောင်ရွက်အစိမ်း(၁)ပုံလျှင်(၅၀၀)ကျပ်၊ ညောင်ရွက်ပြုတ်(၁၀)ကျပ်သားခန့် (၁)လုံးလျှင်(၅၀၀)ကျပ် နှင့် ညောင်ရွက်ပြုတ်(၁)ပိဿာလျှင်(၄၈၀၀)ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ ညောင်ရွက်များကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များ၊ ရှမ်းစုကျေးရွာ၊ ကန့်ဘလူမြို့နယ် ပေကုန်းကျေးရွာတို့နှင့် အခြားသောကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိပြီး ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ဆူးပုတ်ရွက်ဈေးနှုန်းများကျဆင်းလျက်ရှိ

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူပုတ်ရွက်ကို ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ   ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ဆူးပုတ်ရွက်ကို မိမိတို့ဒေသတွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများသော အရွက်တစ်မျိုးဖြစ်ပါသည်။

     ၂၀၂၅ ခုနှစ်၊ ယခင် ဧပြီလ ပထမပတ်အတွင်း ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း (၁)စည်းလျှင် (၂၀၀)ကျပ်၊ (၁၀)စည်းပါ တစ်ထုံးလျှင် (၁၈၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်စိမ်းဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ငါးရံ့ ဈေးနှုန်း/ဈေးကွက် အခြေအနေ

   ကန့်ဘလူမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါးဈေးနှုန်းများထဲမှ ငါးရံ့ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

   ငါးရံ့များသည် ကန့်ဘလူခရိုင်အတွင်း ထွက်ရှိခြင်းဖြစ်ပြီး ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်တို့မှ ဝယ်ယူရောင်းချကြောင်း ငါးသည်ထံမှ သိရှိရပါသည်။ ငါးရံ့ကို  စားသုံးသူပြည်သူများက အသားကျစ်လစ်၍ အရိုးနည်းသည့်အတွက် စားသုံးမှုများသလို ငါးရံ့ကို ငါးဒိုင်များနှင့် ငါးသည်များက ငါးရံ့ကို အခြောက်လှမ်းပြီး ငါးရံ့‌ခြောက်ကိုလည်း ရောင်းကြပါသည်။ ငါးရံ့‌‌ခြောက်ကိုတော့  ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် လူကြီးများကန်တော့ရန် လက်ဆောင်ပေးရန်အတွက် အသုံးပြုကြသည့်အတွက် ငါးရံ့များ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် ကန့်ဘလူမြို့၏ ငါးရံ့ ဈေးနှုန်းများ အနေဖြင့် ငါးရံ့(အကြီး)တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ ငါးရံ့(အ‌သေး)တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် (၂၅)ကျပ် သားလျှင် (၅၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငါးချောင်း ဈေးနှုန်း/ဈေးကွက် အခြေအနေ

   ကျွန်းလှမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါးဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက် ရှိပါသည်။

   ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ငါးများကို   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ တံငါလုပ်ကိုင်ကြသူများနှင့် ငါးအရောင်းအဝယ် လုပ်ကိုင် ကြသူများသည် ငါးဒိုင်များသို့ သွင်းရာတွင် ဒေသတွင်း ထွက်ရှိသည့် ငါးချောင်းသည်လည်း ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် ကျွန်းလှမြို့၏ ငါးချောင်း ဈေးနှုန်းများ အနေဖြင့် ငါးချောင်း(အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးချောင်း(အလတ်)နှင့်(အသေး) တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသာ ခရမ်းချဉ်သီး ဈေးနှုန်း

   ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ  စားဖိုဆောင်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြပြီး မိမိတို့မိသားစု စားသုံးပြီး ပိုလျှံမှုများကို မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရောင်းချကြသည့်အတွက် မိမိတို့ ကန့်ဘလူဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ဈေးသက်သာပြီး လတ်ဆတ်သော ဒေသတွင်း ခရမ်းချဉ်သီးများကိုသာ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ယခု ဧပြီလ ပထမအပတ်တွင် ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ထိုင်ဝမ် ခရမ်းချဉ်သီး အလုံး အကြီး/အသေးပေါ် မူတည်၍ တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ချဉ်ပေါင်ရွက်ဈေးနှုန်း အခြေအနေ

     ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ တောင်သူများသည် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် စားဖိုဆောင် သီးနှံမျိုးစုံတို့ကို စိုက်ပျိုးသည့် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြရာတွင် ချဉ်ပေါင်ရွက်ကိုလည်း စိုက်ပျိုးရောင်းချလျက်ရှိကြပါသည်။

          ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ပေါ်ဦးပေါ်ဖျားရာသီစာ ကုက္ကိုရွက်ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ယခုအခါ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ် ကုက္ကိုရွက်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသည့်  ကုက္ကိုရွက်(၁)စည်းလျှင် ၅၀၀ကျပ်၊ ကုက္ကိုရွက်ပြုတ်(၁၀)ကျပ်သားခန့် (၁)လုံးလျှင်(၅၀၀)ကျပ် တို့ဖြင့် ရောင်းချကြောင်း၊ ကုက္ကိုရွက်များကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များ၊ ရှမ်းစုကျေးရွာ၊ ကန့်ဘလူမြို့နယ် ပေကုန်းကျေးရွာတို့နှင့် အခြားသောကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိပြီး ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ‌ဖြစ်ပေါ်လျက်ရှိသော ကြက်သား ဈေးနှုန်း/ဈေးကွက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ကြက်သားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

    ကြက်သားများသည် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချရာ  မွေးမြူရေးကြက် အကောင်အရှင်များကို ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဈေး တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်နှင့် ဗမာကြက် တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူများထံသို့ ရောင်းချသည့်  ကြက်သားဈေးနှုန်းများမှာ ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ်၏ ကြက်သားဈေးနှုန်းများ အနေဖြင့် တစ်ပိဿာလျှင် မွေးမြူရေးကြက်သားဈေးနှုန်း လက်လီဈေး (၂၂၀၀၀)ကျပ်၊ လက္ကားဈေး (၂၀၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး(၃၅၀၀၀)ကျပ် နှင့် ကြက်အရိုးအစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင် လက်လီဈေး (၁၆၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သားသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း