ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေး၌ အရောင်းအဝယ်ဖြစ်သည့် မန်ကျည်းသီးမှည့်ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် မန်ကျည်း ပင်များ အလေ့ကျပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီး မှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်း အဝယ်ပိုဖြစ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြသလို မြို့နယ်အတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း  အစေ့လွတ်မန်ကျည်းသီးမှည့် လက်လီတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ လက်ကားတစ်ပိဿာ (၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် အစေ့ပါမန်ကျည်းသီးမှည့် (၁)ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ ရာသီစာ ပေါ်ဦးပေါ်ဖျား ထောပတ်ပဲအစို

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

   ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ထောပတ်ပဲများစိုက်ပျိုးကြကြောင်း၊ ပေါ်ဦးပေါ်ဖျားထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ အောက်တိုဘာလနောက် ဆုံးပတ်အတွင်း ထောပတ်ပဲ(၁) ပြည်လျှင် (၁၃၀၀၀)ကျပ်၊ ထောပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် (၁၆၃၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ ရာသီစာ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ထောပတ်ပဲအစိုများ အရောင်းအဝယ်သွက် လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲဈေးနှုန်း အနည်းငယ်ကျဆင်းနေကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ CPကြက်သားနှင့် ဗမာကြက်သားဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူ“မြို့မဈေး”တွင် ရောင်းချလျက်ရှိသည့် CPကြက်သား များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

   မြို့မဈေးတွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း  CPကြက်ကောင်လုံး ဈေး(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့် (၅၀)ကျပ်သားလျှင် (၁၅၀၀၀)ကျပ်နှင့် (၂၅) ကျပ်သားလျှင် (၇၅၀၀)ကျပ်၊  ဒေသကြက်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ ကြက်သားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်သည့် ကြက်သွန်နီဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျှက်ရှိရာ အရေးကြီးသီးနှံ(၁၀)မျိုးအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုန်လာ ဥဖြူ၊ မုန်လာထုပ်တို့လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချ ရန်အတွက် ကြက်သွန်နီကို ရာသီချိန်အလိုက် စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကြက်သွန်နီအလုံးကြီး(၁)ပိဿာလျှင် (၁၈၀၀)ကျပ်နှင့် အလတ်(၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ အသေး(၁)ပိဿာလျှင် (၁၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ် ပါက ယခုပတ်အတွင်း ကြက်သွန်နီဈေးနှုန်း အနည်းငယ်ကျဆင်းလာကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ခရမ်းချဉ်သီးအသစ်များ ဝင်ရောက်လာ၍ ဈေးနှုန်းကျဆင်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများမှာ အင်းသီးအလုံးကြီး(၁)ပိဿာလျှင် (၃၅၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၅၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၄၀၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းချ ကြောင်း၊ အောင်ပန်းသီး(၁)ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဈေးနှုန်း များဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်း/ဈေးကွက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဟင်းသီးဟင်း ရွက်များအပြင်  ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများ ရောင်းချလျက်ရှိရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကြက်ခြံ များနှင့် မန္တလေးမြို့မှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်ဥ အကြီး(၁)လုံးလျှင် (၅၅၀)ကျပ်၊ လက်ကား(၁၀)လုံးလျှင် (၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၅၀၀) ကျပ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဘဲဥ(၁)လုံးလျှင် (၆၈၀)ကျပ်နှင့် ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ဥဈေးနှုန်း အနည်းငယ်ကျဆင်းလာကြောင်း ကြက်ဥ၊ဘဲဥလက်လီ/လက္ကား ရောင်းချသည့် လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူဈေးနှုန်း အနည်းငယ်မြင့်တက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူ ရှမ်းဥအလုံးကြီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဗမာဖြူ(၁)ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ အသေး(၁) ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် ဗမာဖြူ(၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်ဖြူဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း၊ စားသောက်ဆိုင်များနှင့် အိမ်ရှင်မများအတွက် အစားအသောက် ချက်ပြုတ်ရာတွင် အနံ့အရသာအတွက် ကြက်သွန်ဖြူကို အသုံးပြုကြသည့်အတွက် ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြိတ်ဒေသစားသောက်ကုန် ကတ်ကြေးကိုက်နှင့် စျေးနှုန်း

    တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ကတ်ကြေးကိုက်သည် အထင်ကရ အစားအစာအဖြစ်ကျော် ကြားပြီး လူကြိုက်များသည် အစားအသောက်လည်းဖြစ်သည်။  ‌ကတ်ကြေးကိုက်ကို ကတ်ကြေးကိုက် မုတ်ဖတ်၊ ဆီ၊ ကြက်ဥနှင့် အသားများအားအသုံးပြု၍ ကြော်စားကြပြီး ဝယ်ယူသောအမျိုးအစား ပေါ်မူတည်၍ စျေးနှုန်းကွဲပြားလျက်ရှိသည်။ ကတ်ကြေးကိုက်ကို ရေစာ(ပင်လယ်စာ)၊ ဝက်၊ သက်သတ်လွတ်၊ ကြက်သား၊ အစုံဖြင့် အမျိုးမျိုးရရှိနိုင်ပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလစျေးနှုန်းအရ ရေစာကတ်ကြေးကိုက်တစ်ပွဲလျှင် ၄၀၀၀ကျပ်၊ ဝက်သားဖြင့်  ကတ်ကြေးကိုက်တစ်ပွဲလျှင် ၃၅၀၀ ကျပ်၊ သက်သတ်လွတ်ကတ်ကြေးကိုက်တစ်ပွဲလျှင် ၂၀၀၀ကျပ်၊ ကြက်သား ကတ်ကြေးကိုက်တစ်ပွဲ လျှင် ၃၅၀၀ကျပ် နှင့် အစုံကတ်ကြေးကိုက်တစ်ပွဲလျှင် ၄၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကန့်ဘလူမြို့ပန်းဈေးကွက်၌ အရောင်းသွက်သည့် သပြေပန်းဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသ များတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက် ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ခြံဖွဲ့၍ တောသပြေ၊ အာဆီယံသပြေ၊ ရက်(၁၀၀)သပြေနှင့် ရွှေသပြေများစိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့ ပန်းဈေးကွက်တွင် သပြေပန်းငုတ်၊ သပြေပန်းခက်အစည်း စသည်ဖြင့်ရောင်းချလျက်ရှိရာ တောသပြေပန်းခက်(၁)စီး လျှင်(၁၀၀၀)ကျပ်၊ တောသပြေငုတ်အကြီး(၁)ငုတ်လျှင်(၅၀၀၀)ကျပ်၊ အသေး(၁)ငုတ်လျှင်(၂၀၀၀မှ ၃၀၀၀)ကျပ်၊ ရက်(၁၀၀)သပြေငုတ် (၁)ငုတ်လျှင်(၃၀၀၀)ကျပ်နှင့် အာဆီယံသပြေ(၁)စည်းလျှင် (၇၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း  ပန်းရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့ပေါ်ရှိ ငါးငယ်သီခြောက် ဈေးနှုန်း/ဈေးကွက်

      တနင်္သာရီတိုင်း၊ မြိတ်မြို့သည်  ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ပြီး ငါး၊ ပုစွန်အစရှိသည့် ပင်လယ်ဒေသထွက်ကုန်များဖြင့် ကျော်ကြားသောမြို့လည်းဖြစ်သည်။ ဖမ်းဆီးရမိသော ငါးများကို မြို့အတွင်းရှိဈေးများနှင့် ငါးလေလံဈေးများသို့ ပို့ချရောင်းချကြပြီး ငါးခြောက်ပြုလုပ်၍ ရောင်းချသောရေထွက်ကုန်သည်လည်း ထင်ပေါ်ကျော်ကြားလျက်ရှိသည်။ ငါးခြောက် ကျေးရွာများတွင် အဓိကပြုလုပ်ကြပြီး မြို့ပေါ်ရပ်ကွက်များတွင်လည်း ပြုလုပ်ရောင်းချကြကြောင်း သိရှိရပါသည်။ ငါးခြောက်များထဲမှ ငါးငယ်သီခြောက်များသည်လည်း လူကြိုက်များလျက်ရှိသည်။

      စျေးကွက်တွင်  ငါးငယ်သီခြောက် တစ်သီတွင် (၁၀)ကောင်နှုန်းဖြင့်သီပြီး ရောင်းချကြပါပြီး မြိတ်မြို့အောက်တိုဘာလတွင် ရောင်းချနေသောစျေးနှုန်းအရ ငါးငယ်သီ(ခေါ်)ငါးအခြောက်သီ တစ်သီလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း