ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်းသွက်သည့် လီလီပန်းစျေးကွက်

         မန္တလေးပန်းစျေးကွက်သို့ ပြင်ဦးလွင်ခရိုင်နှင့် ရှမ်းပြည်နယ်တို့မှထွက်ရှိသည့် လီလီပန်းများ စတင်ဝင်ရောက်ျက်ရှိပြီး၊ နတ်တော်လအခါသမယကာလတွင် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံးတွေ့ရသော လီလီပန်းများမှာ အဖြူရောင်၊ပန်းရောင်၊ လိမ္မော်ရောင်၊ ချယ်ရီရောင်အမျိုးမျိုးတွေ့ရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း လက်လီစျေးအနေဖြင့် အပွင့်ကြီးတစ်ရိုး(၄ ပွင့်နှင့် ၇ ပွင့်ပါ) တစ်ခက်လျှင် ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ အပွင့်သေးတစ်စီး(၁၀ ခက်ပါ )လျှင်  ၅၅၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့၊ စျေးချိုတော်ရှိ ပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)

နတ်တော်လတွင် အရောင်းသွက်သည့် ပုရစ်စျေးကွက်

           မန္တလေးရေကြည်ညောင်ပင်စျေးရှိ ပုရစ်ဈေးကွက်သို့ နတ်တော်လအခါသမယအချိန်တွင်  မြစ်ကြီးနား၊ ရွှေကူ၊  ကသာ၊ မတ္တရာနှင့် ဆည်တော်လေးဒေသတို့မှ ရာသီစာပုရစ်များဝင်ရောက်မှု အနည်းငယ်လျော့ကျသွားပြီး၊  အရောင်းသွက်လျက်ရှိကြောင်း   သိရပါတယ်။  မန္တလေး‌မြို့၊ ရေကြည်ညောင်ပင်စျေးရှိ ပုရစ်စျေးကွက်တွင်၂၀၂၅ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း လက္ကားစျေးမှာ ပုရစ်အကောင်ကြီး (၂၀၀ပါ) တစ်ထုပ်လျှင်   ပုရစ်(အမ) ၅၅၀၀၀ ကျပ်နှင့် ၅၈၀၀၀ ကျပ်၊ ပုရစ်(အထီး)၂၅၀၀၀ကျပ် နှင့် ၂၇၀၀၀ ကျပ်၊သဲပုရစ် ခေါ်ပဲပုရစ်(အကောင်သေး) (၂၀၀ပါ) တစ်ထုပ် လျင် ၁၅၀၀၀ကျပ်နှင့် ၁၆၀၀၀ ကျပ်၊ လက်လီစျေးမှာ ပုရစ်အကောင်ကြီး(၁၀၀)လျှင် ပုရစ်(အမ) ၂၈၀၀၀ကျပ်နှင့် ၃၀၀၀၀ ကျပ်၊ ပုရစ်(အထီး) ၁၄၀၀၀ ကျပ်နှင့်၁၅၀၀၀ ကျပ်၊ သဲပုရစ်(အကောင်သေး) (၁၀၀)လျှင် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်စျေးတို့ဖြစ်ပေါ်လျက်ရှိပြီး၊ နိုဝင်ဘာလတတိယပတ်စျေးနှင့်  နှိုင်းယှဉ်ပါက ပုရစ်ဝင်ရောက်မှု လျော့နည်းသွားသော်လည်း စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နတ်တော်လတွင် မုန့်ညင်းဖြူစျေးအနည်းငယ်ကျဆင်း

      မန္တလေးစျေးကွက်သို့ နတ်တော်လတွင် ဝင်ရောက်သည့် မုန်ညင်းဖြူကုန်စိမ်းများမှာ မန္တလေးတိုင်း‌ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အများအပြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ဆောင်းဦးရာသီချိန်ဖြစ်၍ မုန်ညင်းဖြူကုန်စိမ်းဝင်ရောက်မှုများပြားသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလ တတိယပတ်အတွင်း  မုန်ညင်းဖြူ တစ်ပိဿာလျှင် လက္ကားစျေး ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/- ကျပ်၊ လက်လီစျေး  ၃၅၀ဝိ/- နှင့် ၄၀၀ဝိ/-စျေးဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(မန္တလေး) 

မန္တလေးစျေးကွက်အတွင်း သံပုရာသီးစျေးကျဆင်း

           မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ သံပုရာသီးနှင့် သံပုယိုသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း   ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ   သံပုရာသီး ၁၀ လုံး လျှင် ၁၂၀၀ ကျပ်နှင့် ၁၅၀၀ကျပ်၊သံပုယိုသီး ၁၀ လုံးလျှင် ၈၀၀ ကျပ်နှင့် ၁၀၀၀ ကျပ်စျေးတို့ ဖြစ်ပေါ်လျက်ရှိပြီး၊ အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရပါသည်။  ဆောင်းရာသီဝင်စအချိန်ဖြစ်၍ သံပုရာသီးနှင့် သံပုယိုသီးမှာ  ဝင်ရောက်မှုများပြားသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)    

ကျောက်ပန်းတောင်းမြို့နယ်၏ နိုဝင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

      ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့ စက်သုံးဆီ တစ်လီတာအရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၇၄၅)ကျပ်၊ 95 Octance(၂၈၄၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၀၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၄၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

      စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၁-၁၁-၂၀၂၅ ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၇၁၅)ကျပ်၊ 95 Octance(၂၇၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၁၀)ကျပ် ဖြစ်ကြောင်းသိရှိရသည်။သတ်မှတ်ရည်ညွှန်းဈေး များသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၁၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၅)ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် (၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၁၀) ကျပ်တို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)                   

နတ်တော်လအတွင်း မေမြို့ပန်းစျေးအနည်းငယ်မြင့်တက်

           နတ်တော်လရာသီအခါသမယတွင် ပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှ ထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှမေမြို့ပန်းများဝင်ရောက်မှုလျော့နည်းသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ မေမြို့ပန်း လက္ကားစျေး (အစီးကြီး) ၁စီးလျှင် ၁၂၀၀၀ ကျပ်နှင့် ၁၄၀၀၀ ကျပ်၊ (အစီးသေး) ၁ စီးလျှင် ၂၀၀၀ကျပ်နှင့်၂၅၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးပန်းမျိုးစုံစျေးကွက်အတွင်း ဘုရားပွဲနှင့်အလှူပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ မေမြို့ပန်းမှာ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပခုက္ကူမြို့နယ်(မြစ်ခြေမြို့)မှ ထွက်ရှိသော "သဇင်" ကြိမ်ထည်လုပ်ငန်း

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်(မြစ်ခြေမြို့)၊ သရက်တောကျေးရွာတွင် ကြိမ်ထည်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး "သဇင်"အမှတ်တံဆိပ်ကြိမ်ထည်လုပ်ငန်းမှာတစ်ခုအပါ အဝင်ဖြစ်သည်။ ယခင်က ကြိမ်ထည်လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ယခုအခါတွင် တောင်သူ လုပ်ငန်းနှင့် တွဲလျက်လုပ်ကိုင်လျက်ရှိပါသည်။ ကြိမ်ထည်များကို ရက်လုပ်ရာတွင် ကချင်ပြည်နယ် မြစ်ကြီးနား၊ ချင်းပြည်နယ် ဟုမ္မလင်းမှ ထွက်ရှိသော ကြိမ်များကို အသုံးပြုခဲ့ကြပြီး ယခုအချိန်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် မန္တလေးမှ ကြိမ်များကိုမှာ ယူပြီး လုပ်ကိုင်လျက် ရှိကြောင်း သဇင်ကြိမ်ထည်ရက်လုပ်သော လုပ်ငန်းရှင်မှ သိရှိရပါသည်။ အသုံးပြုသောကြိမ်များမှာ ဖောင်ကြိမ်၊ ‌ရေကြိမ်နှင့်လက်မဲကြိမ်များကို အသုံးပြုကြကြောင်း၊ ကြိမ်(၁)စည်းလျှင်ကြိမ်လုံးရေ (၅၀မှ၁၀၀) ထိပါဝင်ကြောင်း လုပ်ငန်းရှင်မှ သိရပါသည်။

          ဈေးနှုန်းအနေဖြင့်ဖောင်ကြိမ်(၅၀)ပါ (၁)စည်းလျှင် ကျပ်(၂၅၀၀၀)၊ ရေကြိမ်(၅၀)ပါ (၁)စည်း လျှင် ကျပ်(၅၀၀၀၀)၊ လက်မဲကြိမ်(၅၀)ပါ (၁)စည်းလျှင် ကျပ်(၁၀၀၀၀၀)ဖြင့်ဝယ်ယူရကြောင်း၊ လုပ်သားခအနေဖြင့် ပုတ်ပြတ်တစ်ဦးလျှင် ကျပ်(၇၀၀၀မှ၈၀၀၀)ထိဖြစ်ပြီး လုပ်သားဦးရေ (၁၅)ဦးဖြင့် လုပ်ကိုင်နေကြောင်း၊ ကြိမ်ထည်ဈေးနှုန်းအနေဖြင့် ဇကာခုံး အရွယ်အစားကိုလိုက်၍ (၁)လုံးလျှင် ကျပ်(၁၅၀၀၀ မှ ၁၉၅၀၀)၊ ဗန်းအရွယ် အစားကိုလိုက်၍ (၁)ချပ်လျှင် ကျပ်(၁၇၀၀၀ မှ ၂၅၀၀၀)ဖြင့် ရောင်းချနေပြီး၊ ဦးထုပ်(၁)လုံးလျှင် ကျပ်(၆၀၀၀)၊ ရေးနွေးဗန်းတစ်ချပ်လျှင် ကျပ်(၁၇၀၀)၊ အပူခံပြား တစ်ချပ်လျှင် ကျပ်(၁၀၀၀၀) ရောင်းချနေကြကြောင်း၊ ယခုလက်ရှိတွင် အသုံးများသောကြိမ်ထည် များမှာ ဇကာခုံး၊ ဦးထုပ်၊ ခြင်းလုံးများဖြစ်ပြီး ပြည်တွင်း ဈေးကွက် သာမက ပြည်ပဈေးကွက်များ သို့လည်း ကုမ္မဏီများမှတဆင့် တင်ပို့နေကြောင်း၊ ဗန်း၊ ရေနွေးဗန်း၊ အပူခံပြားများရက်လုပ်လျက်ရှိပြီး အပူခံပြားများကို အနောက်နိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

မန္တလေးမြို့၊ ၄၁ လမ်း ကုန်စိမ်းဈေးတွင် ရောင်းချလျက်ရှိသော ပိန်းဥဈေးနှုန်း

            ပိန်းဥကို အရှေ့တောင်အာရှနှင့် အိန္ဒိယတောင်ပိုင်းမှာ စတင်စားသုံးကြတာလို့ ယူဆရပေမယ့် ကမ္ဘာအနှံ့က နေရာဒေသအတော်များများမှာ စိုက်ပျိုးကြပါသည်။ အာဖရိက၊ အိန္ဒိယတို့မှာ အဓိကစားသောက်ကုန်တစ်ခုဖြစ်နေပေမယ့် ဂျပန်၊ အီဂျစ်တို့ကနေ အမေရိကန်၊ ဖီဂျီနှင့် စပိန် တို့အထိ နေရာတိုင်းလိုလိုမှာ စားသုံးနေကြပါသည်။ မြန်မာတွေကတော့ ပိန်းဥကိုပြုတ်စား၊ ဟင်းချက်စားလေ့ရှိကြပြီး အရွက်စုံနဲ့ရောကာ ဟင်းချိုချက်သောက်တာလည်း နှစ်သက်ကြပါသည်။ ပိန်းဥ၏ အဓိကအကျဆုံး အစွမ်းသတ္တိက ကိုယ်ခံအားစနစ်ကိုအားကောင်းစေပါသည်။ ဗီတာမင် C ပါဝင်မှုမြင့်မားသည့်အတွက် သွေးဖြူဥဆဲလ်တွေကို ပိုဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးပြီး ရောဂါဖြစ်စေမယ့်ပြင်ပကပိုးမွှားတွေကို ခုခံနိုင်စေပါသည်။ ဒါ့အပြင် ဓါတ်တိုး ဆန့်ကျင်အာနိသင်ကြောင့် နှလုံးရောဂါနှင့် ကင်ဆာရောဂါလို အခြေအနေတွေဖြစ်မလာအောင်လည်း ကာကွယ်တားဆီးပေးကြောင်း သိရပါသည်။

        မန္တလေးမြို့၊ ၄၁ လမ်း ကုန်စိမ်းဈေးတွင် လက်ကားဈေးနှုန်းအနေဖြင့် ကန်စွန်းဥ (၁)ပိဿာလျှင် ပိန်းဥ (၁)ပိဿာလျှင် (၂၅၀၀ ကျပ်မှ (၃၀၀၀) ကျပ်)နှုန်းဖြင့် လက်လီဈေးနှုန်း အနေဖြင့် ၂၅ ကျပ်သားလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချက်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

သရက်မြို့နယ်ထွက် တန်ဆောင်မုန်း ပဲသီးများ စားသုံးသူ များပြားလျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ရေပေါ် ကျွန်း၊ စမ်းအိုင့်၊ သီးကုန်း၊ ရွာသစ်၊ ကျောက်အိုင် စသည့်ကျေးရွာများမှ ထွက်ရှိသော တန်ဆောင်မုန်း ပဲသီးများကို လူအများအပြား ကြိုက်နှစ်သက်၍ သရက်မြို့၊ မြို့မစည်ပင်သာယာဈေးနှင့် အခွန်လွတ် ဈေးများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)မှစတင်၍ တန်ဆောင်မုန်းပဲသီးများ ထွက်ရှိခဲ့ပြီး (တတိယ ပတ်)တွင် ပဲသီးအတောင့် (၁၅)တောင့်ပါ တစ်စီးလျှင် ကျပ်(၃၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင် (ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက တစ်စီးလျှင် ကျပ်(၁၀၀)ဈေးလျော့ခဲ့ကြောင်း၊ ယခုအချိန်တွင် ပဲသီးများ ဖြိုင်ဖြိုင်ထွက်ရှိလျက်ရှိနေကြောင်း ပဲသီးရောင်းချသူများထံမှ သိရှိရပါသည်။ တန်ဆောင်မုန်း ပဲသီးဟု ခေါ်တွင်ရခြင်းမှာ တော်သလင်းလတွင်စတင်စိုက်ပျိုး၍ တန်ဆောင်မုန်းလတွင် ထွက်ရှိသော ရာသီ သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။ပဲသီး၏ အပေါ်အခွံမှာအနည်းငယ် ကြမ်းတမ်းမှုရှိသော်လည်း သူ၏ အရသာမှာ နူးညံ့၍ဒေသတွင်းထွက်ရှိသော သီးနှံဖြစ်ပါသဖြင့် လတ်ဆတ်ခြင်း၊ အရည်သွေးကောင်းမွန် ခြင်းတို့ကြောင့် မူလသီးနှံ၏အရသာကြောင့် ချက်ပြုတ်ရာတွင် ဟင်းခပ်မှုန့် အကူများထည့်စရာ မလိုဘဲ မူလအရသာတိုင်းချက်ပြုတ်ပါက ရာသီစာဟင်းတစ်ခွက်ရရှိ၍ နေ့စဉ်တိုင်းလိုစားသုံးဖြစ်သည့် ဟင်းတစ်ခွက် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မန္တလေးမြို့၊ ၄၁ လမ်း ကုန်စိမ်းဈေးတွင် ရောင်းချလျက်ရှိသော ကန်စွန်းဥဈေးနှုန်း

         ကန်စွန်းဥလို့ ဆိုလိုက်လျှင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်းလိုလို သိထားပြီးဖြစ်ပါသည်။ ကန်စွန်းကြီးပင်၏ အမြစ်ဥတွေဖြစ်ပါသည်။ အပြင်ခွံက ပန်းရောင်ရင့်ရင့်လေး၊ အတွင်းသားက လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်ဆိုပြီး အမျိုးမျိုးရှိကြပါတယ်။ အရသာက ချိုပြီး အသားက ခပ်မွမွလေးဖြစ်ပါသည်။ အာလူးလိုမဟုတ်ဘဲ ရှည်မြောမြောလေး ဖြစ်ပါသည်။ အရွယ်အသားကတော့ ခပ်ရွယ်ရွယ်ကနေ အကြီးကြီးအထိ အမျိုးမျိုးရှိနိုင်ပါသည်။ ကန်စွန်းဥမှာပါတဲ့ အမျှင်ဓာတ်က ခန္ဓာကိုယ်က ရေဓါတ်တွေ မဆုံးရှုံးရအောင်ကာကွယ်ပေးပါသည်။ ကိုယ်တွင်းရေဓါတ်ကို ထိန်းညှိပေးပြီး ဆဲလ်တွေကောင်းမွန်စွာ လုပ်ဆောင်နိုင်အောင် ကူညီပေးပါသည်။

        မန္တလေးမြို့၊ ၄၁ လမ်း ကုန်စိမ်းဈေးတွင် လက်ကားဈေးနှုန်းအနေဖြင့် ကန်စွန်းဥ (၁) ပိဿာလျှင် (၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်)နှုန်း၊ လက်လီဈေးနှုန်းအနေဖြင့် ၂၅ ကျပ်သားလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချက်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း