သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထူးကြီးမြို့ စားသုံးဆီလက်လီ/လက္ကားအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၃.၄.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အမှတ်၅ရပ်ကွက်ရှိ စားအုန်းဆီ လက်ကား၊ လက်လီရောင်းချသည့် လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက်​ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီများရောင်းချရာတွင် ထားရှိရမည့်စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့် အညီ ဆောင်ရွက်ရန်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့်ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန် စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီလုပ်ငန်းရှင်ဘက်မှလည်း သိလိုသည်များ မေးမြန်း၍အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

          ၂၀၂ ခုနှစ်၊ ဧပြီ ရက်နေ့၊ (၁၀း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၁)ပေပါကို ယာဉ်မောင်း ဦးဇော်ဇော်၊ ယာဉ်အမှတ် 9K-9082/ Hino မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ (၄၉) ပေပါနှင့် Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ (၃၅) ပေပါကို ယာဉ်မောင်း ဦး‌ဌေးဟန်၊ ယာဉ်အမှတ် 7F-3017/ Nissan မော်တော်ယာဉ်ဖြင့်လည်းကောင်း တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူးနှင့် ထားဝယ်ခရိုင် စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ ရောက်ရှိလာသော စားအုန်းဆီစုစုပေါင်း (၁၆၅)ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြန်အောင်မြို့နယ် ကြူတောကျေးရွာရှိ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

             ၂၀၂၆ ခုနှစ်၊ ဧပြီလ(၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်သည်၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့်  လုပ်ငန်းရှင်များမှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့်လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများသို့ စားအုန်းဆီများ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူး ရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံမှုအားကောင်းစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့်အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့မှ စားအုန်းဆီအရောင်းဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံပါဝင်သော မြို့နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့သည် (၃.၄.၂၀၂၆)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ် ထူးကြီး​​မြို့၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ် (၁)ရပ်ကွက်ရှိ အိမ်ထောင်စုများအားဆီစာအုပ်များနှင့် ဆီရောင်းချနေမှု၊ ထုတ်ယူရရှိမှုအ​ခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့အနေဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/ မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောင်းချမှု ရှိ/ မရှိ၊ ရောင်းချမှုစာရင်းဇယားများ ပြည့်စုံစွာထားရှိခြင်း ရှိ/ မရှိ စသည်တို့ကို စစ်ဆေးခဲ့ပြီး၊ စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်းတွေ့ရှိရပြီး၊ ကုန်စုံဆိုင်အမည်နှင့် ဈေးနှုန်း၊ နေ့စွဲပါ ဗွီနိုင်းပိုစတာများအား အများမြင်သာသောနေရာတွင် ချိတ်ဆွဲထားမှု ရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် ဦးဆောင်၍ ဒေါ်မြတ်နိုးလွင်(အငယ်တန်းစာရေး)တို့သည် ၇-၄-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နတ်ကြီးကုန်း ရပ်ကွက်ရှိ ခေတ်သစ် (ဆေးဆိုင်) သို့ ကုန်အ ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Albezole အမှတ်တံဆိပ်ပါ သန်ချဆေးသည် ဆရာဝန် ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) အရ  ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင်အား ဆေးပစ္စည်းအမျိုးမျိုးဖြန့်ဖြူးရောင်းချရာတွင် လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ဆေးပစ္စည်းများ ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

အင်ပင်မြို့မစျေး၌ စားသုံးရန်မသင့်သော ဓါတုဆိုးဆေးပါဝင်သည့် ကုန်စည်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ခရိုင် FDA ဦး ဆောင်သောအဖွဲ့နှင့်အတူ (၃.၄.၂၀၂၆) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အင်ပင်မြို့မဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစားအသောက်များတွင် ဓါတုဆိုးဆေး/ ဖော်မလင် ပါဝင်မူ ရှိ/ မရှိ၊ Dateလွန် အစားအသောက်များရောင်းချမူရှိ/ မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် အင်ပင်မြို့မဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသောအစားအသောက်များ၊ ငရုတ်သီးမှုန့်၊ ပဲပြား၊ မုန့်ဖတ်များနှင့် ပြန်လည်ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင်  ဓါတုဆိုးဆေးသုံးစွဲထားမှု ရှိ/မရှိ၊  Date လွန်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးအတွင်းရှိ တစ်ချို့ကုန်မျိုးစုံအရောင်ဆိုင်များတွင် ရောင်းချလျက်ရှိသော ငြုပ်ဆီနှင့်မျှင်ငါးပိများတွင် စားသုံးရန်မသင့်သည့် အရောင်ဆိုးဆေးများ ပါဝင်ကြောင်း တွေ့ရှိရပြီး၊ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းကာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ဖျက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ဈေးကွက်အတွင်းရောင်းချသော အသင့်စားသောက်ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဝင်းသိန်းဦး (ခရိုင်တာဝန်ခံ)ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၇--၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့ရှိ စားသုံးသူ (၈) ဦး တို့အား အရှေ့စုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍  အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အမည်နှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်အကြောင်း ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊ အွန်လိုင်းမှ လိမ်လည်မှုပုံစံအမျိုးမျိုး၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များ အကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက် အလက်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့် ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာဆောင်ရွက်ရန်ကုန်သွယ်ရေးဦးစီးဌာန၏ eComReg System Report နှင့် ပတ်သက်သည့် အသုံးပြုရန် နည်းလမ်းများ၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချခြင်းပြုရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပါပြစ်မှုပြစ်ဒဏ်များအကြောင်း၊ တက်ရောက်လာသော စားသုံးသူများအား 1535 Consumer Call Center လိုင်းခွဲ (1) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)                              

သူနာပြုသင်တန်းကျောင်း(ဟင်္သာတ)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် Consumer Call Center 1535 သို့ ခေါ်ဆိုမှုများ ဆောင်ရွက်

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပန်းပဲတန်းရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်းတွင် (၂.၄.၂၀၂၆)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးမှ  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအသိပညာပေးဟောပြောခြင်း၊ Consumer Call Center (1535)သို့ ဆက်သွယ်ခေါ်ဆိုမှုများနှင့် ဝန်ထမ်းများမှ  စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်  တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူများ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုမျာကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သူနာပြုသင်တန်းသား/ သူများမှ ဆက်သွယ်ခေါ်ဆိုမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီးမှ သိလိုသည်များ မေးမြန်းကာ အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

စနစ်တကျမှန်ကန်စေရေးနှင့် သတ်မှတ်ဈေးနှုန်း၊ သတ်မှတ်ပမာဏအတိုင်းဖြန့်ဖြူးရောင်းချစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်များအတွင်းရှိ မြို့နယ်များတွင် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများ စနစ်တကျမှန်ကန်စေရေးနှင့် စားသုံးသူပြည်သူများ လက်ဝယ်အရောက် သတ်မှတ်ဈေးနှုန်း၊ သတ်မှတ်ပမာဏအတိုင်း ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ရွှေစေတီလမ်းရှိ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်က ဧရာဝတီတိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးနေမှုစနစ်အပေါ် စနစ်ကျမှန်ကန်မှုရှိစေရေးနှင့် စားသုံးသူပြည်သူများ လက်ဝယ်အရောက် သတ်မှတ်ထားသောခွဲဝေမှုများအတိုင်း ပျံ့ပျံ့နှံ့နှံ့ဖြန့်ဖြူးပေးနိုင်ရေး ကိစ္စရပ်များနှင့်စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကိုလည်း လုပ်ငန်းလိုအပ်ချက်အပေါ်မှုတည်ပြီး ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ လက်ကား/လက်လီကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့ခွဲဝေရရှိသောစားအုန်းဆီများကို သတ်မှတ်ချက်များနှင့် အညီ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချရန်လိုအပ်ပါကြောင်း၊ စီးပွားရေးကျင့်ဝတ်နှင့် အညီ စားသုံးဆီဈေးနှုန်းနှင့် ဈေးကွက်တည်ငြိမ်စေရေး စားအုံးဆီဖြန့်ဖြူးမှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတာဝန်ရှိသူများ၊ လက်ကား/လက်လီကိုယ်စားလှယ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက တိုင်းဒေသကြီးအတွင်း ပြည်သူများထံသို့ဆီဖြန့်ခွဲရောင်းချပေးမှုအခြေအနေနှင့် စက်မှုလုပ်ငန်းသုံးဆီ ဖြန့်ဖြူးရောင်းချပေးမှုအခြေအနေများကိုရှင်းလင်းတင်ပြခြင်း၊ ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနမှူး ဦးဇော်မင်းက (၆)မြို့နယ်အတွင်း စားသုံးဆီရရှိမှုနှင့် ဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်စိုးက စားအုန်းဆီဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်းကောင်း၊ မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦးက စားအုန်းဆီ ဖြန့်ဖြူးပေးနေမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်က နိဂုံးချုပ်စကားပြောကြားခြင်းနှင့် ခရိုင်များမှ တင်ပြမှုများအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်ပေးခဲ့သည်။

          အဆိုပါ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်နှင့် တာဝန်ရှိသူများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနများမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ (၆)မြို့နယ်အတွင်းရှိ စားသုံးဆီဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်များ၊ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မော်လမြိုင်မြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

   ၂.၄.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ရုံးရှိ ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်၊ မောင်ငံရပ်ကွက်ရှိ “သီရိမေ” အထည်ရောင်း ဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ