သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပဲယင်းဝါများ စတင်စိုက်ပျိုးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ရွှေဂုံတိုင်ကျေးရွာတွင် ပဲယင်းဝါများကို နိုဝင်ဘာလမှ စတင်၍ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ပဲယင်းဝါများစိုက်ပျိုးရာတွင် (၁)ဧကလျှင် ပဲမျိုး(၁)တင်းကုန်ကျကြောင်း၊ စိုက်ပျိုးပြီးချိန်တွင် ပိုးသတ်ဆေး၊ ထွန်ယက်ခ၊ ပေါင်းနုတ်ခ၊ ရိတ်သိမ်းခ နှင့် လုပ်သားခများ အပါအဝင်(၁)ဧကလျှင် (၁၂၀၀၀၀ဝိ/-)ခန့် ကုန်ကျကြောင်း သိရှိရသည်။

ယခင်နှစ်က ပဲယင်းဝါ(၁)တင်းလျှင် ၁၄၀၀၀၀ ကျပ် မှ ၁၅၀၀၀၀ ကျပ်ထိ ရရှိကြောင်း သိရှိရ သည်။ ယခုနှစ်တွင် မိုးလေဝသနှင့်သဘာဝဘေးအန္တရာယ်တို့ကြောင့် စိုက်ပျိုးမှုနောက်ကျ၍ ပဲအထွက် နှုန်းမှာ  နောက်ကျနိုင်ကြောင်း သိရှိရပါသည်။

ပဲယင်းဝါထွက်ရှိမှုအနေဖြင့် (၁) ဧကလျှင် တင်း(၃၀)ခန့်ရရှိကြောင်း၊ ထွက်ရှိလာသည့် ပဲယင်းဝါ  များကို ပဲပွဲစားများကိုယ်တိုင် ထွက်ရှိရာဒေသများ၌ လာရောက်ဝယ်ယူကြကြောင်းနှင့် အချို့တောင်သူ များမှာ ကုန်စည်ဒိုင်ပေါက်ဈေးဖြင့် ပွဲရုံများသို့ တိုက်ရိုက်ရောင်းချကြကြောင်း ပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ကျင်းပဆောင်ရွက်

ဝန်ထမ်းများ လုပ်ငန်းတာဝန်များ ထမ်းဆောင်ကြသည့်အခါတွင် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဌာနကျိုး၊ အများပြည်သူ၏အကျိုးများကို မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ဆောင်ရွက်တတ်စေရန်၊ ဝန်ထမ်းတစ်ဦးခြင်းအလိုက် သိသင့်သိထိုက်သည့် လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ မြင့်မားစေရန်၊ အသိပညာဗဟုသုတများ၊ စကားပြောစွမ်းရည်များကောင်းမွန်စေရန် တို့အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၆.၁၂.၂၀၂၄) ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက် ညွှန်ကြားရေးမှူး)မှ မိမိတို့ဌာန အနေဖြင့် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသည့် ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဌာနမှပြဌာန်းထားသော ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးသည့်အခါတွင်ဖြစ်စေ၊ ညွှန်ကြားချက်များကို မြေပြင်ကွင်း ဆင်းဆောင်ရွက်သည့် အခါတွင်ဖြစ်စေ  မိမိဟောပြောဆွေးနွေးချက်နှင့်ဆိုလိုရင်းကို အများ ပြည်သူများမှ ရှင်းရှင်း လင်းလင်းနှင့် နားလည်အဘောပေါက်သွားစေရန် ပြောဆိုဆွေးနွေး တတ်ရန် လိုအပ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ များတွင် ဟောပြောဆွေးနွေးရမည့် အချက်အလက်များ၊ ပြောဆိုဆွေးနွေးရမည့် လေယူ လေသိမ်း၊ ကိုယ်ဟန်အနေအထား၊ မျက်နှာအမူအရာ၊ အခြား မိတ်ဖက်ဌာနဆိုင်ရာနှင့် ပရိတ်သတ်များကို လေးစားသမှုပြုတတ်စေရန်၊ အခြေအနေနှင့်အချိန်အခါကို ကြည့်၍ အချိန်ဇယားများတွက်ချက်လုပ်ဆောင်တတ်စေရန် စသည်ဖြင့် အကျယ်တဝင့် သင်ပြပို့ချ ခဲ့ပါသည်။

          ဆက်လက်၍ ဦးစီးမှူးများမှ ဟောပြောဆွေးနွေးပွဲများတွင် ဟောပြောဆွေးနွေးသူမှ သတိပြုရမည့်အချက်များ၊ ဟောပြောနေစဉ် စင်မြင့်ထက်မှ အမှားများအကြောင်း၊ ထိရောက်မှု မရှိသော တင်ဆက်မှုများ၊ အချက်အလက်များလွန်ကဲခြင်း၊ စိတ်အနှောက်အယှက်ဖြစ်စေသော အမူအရာများ၊ ရှည်လျားသော တင်ဆက်မှုများ၊ သင်ကြားမှု၊ ဆွဲဆောင်မှု၊ ဖျော်ဖြေမှု၊ သရုပ်ပြမှု၊ သတင်းပေးမှုများ စသည်ဖြင့် တစ်ဦးခြင်းအလိုက် ဟောပြောဆွေးနွေးပွဲများမှ အတွေ့ အကြုံများ၊ အကြံဉာဏ်များနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ကြပါသည်။ သင်တန်းသို့ မြင်းခြံခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်း(၈)ဦးနှင့် အွန်လိုင်းမှ တက်ရောက်မှုအနေဖြင့် ညောင်ဦး ခရိုင်မှဝန်ထမ်း(၃)ဦး၊ နွားထိုးကြီးမြို့နယ်မှ(၁)ဦး၊ စုစုပေါင်း(၁၂)ဦးတက်ရောက်ခဲ့ကြောင်း သိရ သည်။

DOCA(မန္တလေး)

 

 

ဆန်ဆိုင်ကြီးများနှင့် စားသုံးဆီများအား ‌‌စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၄ ရက်နေ့၊ နေ့လည်(၁၃း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ဖြင့်ပူးပေါင်း၍  ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတ စွာဖြင့် တည်ငြိမ်မှန်ကန်စေရေးနှင့် ပြည်တွင်းထုတ်စားသုံးဆီများတွင် ရောနှောဆီများ၊ FDA ထောက်ခံချက်များ ပါရှိမှု ရှိ/မရှိ ထားဝယ်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်ကြီးများနှင့် စားသုံးဆီ ရောင်း ချသည့် ကုန်စုံဆိုင်များအား စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ၊  စစ် ဆေးခြင်း၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားရှိနိုင်စေရေး လိုအပ်သည်များအား ရှင်းလင်း ပြော ကြားခဲ့ပြီး ၊ စားသုံးဆီများအား စစ်ဆေးရာတွင် ရောနှောဆီများအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချနေမှုများ ရှိ/မရှိ၊ ပြည်တွင်းစားသုံးဆီများတွင် FDA ထောက်ခံချက်များ ပါရှိမှု ရှိ/မရှိ စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

“ပြင်ဦးလွင်မြို့နယ်အတွင်းရှိဆန်ပွဲရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပ”

          ပြင်ဦးလွင်မြို့နယ်အတွင်း ရောင်းချနေသော ဆန်ပွဲရုံ လုပ်ငန်းရှင် (၂၀)ဦး တို့နှင့် မြို့နယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေး‌တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၄ခုနှစ် ၊ ဒီဇင်ဘာ လ(၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မဈေး ရုံးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့်တွေ့ဆုံခဲ့ကြပါသည်။ အဆိုပါ တွေဆုံပွဲတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ ဦီးအာကာမျိုး(ဒု-ဦးစီးမှူး)မှ အသင်းဖွဲ့စည်းနိုင်ရေး ကနဦးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ တစ်ဦးတစ်ယောက်ထက်စုဖွဲ့ဆောင်ရွက်ဖို့လိုပါကြောင်း ၊ စည်ပင် သာယာရေးအဖွဲ့၊ဦးတင်ကိုကို(ဒု-ဦးစီးမှူး)မှ အခြေခံစားသောက်ကုန်များ ကုန်ဈေးနှုန်းတည်ငြိမ် ရေးအပတ်စဉ်ကွင်းဆင်း ကောက်ယူလျှက်ရှိကြောင်းနှင့် ဈေးနှုန်းများကိုအတည်တကျဖြေဆို ပေးရန်လိုကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ခံ ဦီးသက်လွင်ထူး (ဦးစီးအရာရှိ)မှ ဆန်ပွဲရုံ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို လိုက်နာဖို့လိုပါကြောင်း ၊ ဆန်တန်ချိန် (၂၅) နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင် သိုလှောင်ရောင်းချသူမည်သူမဆို မှတ်ပုံတင်ဖို့ လိုအပ်ပါကြောင်း ၊ လစဉ်ထုတ်ပြန်သော သင့်တင်မျှတသော ဈေးကွက် ၊ ဈေးနှုန်း (Reasonable Market Rice) ထုတ်ပြန်ချက်အတိုင်းရောင်းချဖို့လည်းလိုအပ်ပါကြောင်း နှင့် မိမိတို့ဌာနအနေဖြင့် အပတ်စဉ် အခြေခံစားသောက်ကုန်ဈေးနှုန်းအား အထက်အဆင့်ဆင့်သို့ တင်ပြရသောကြောင့် ဈေးနှုန်းအမှန်ဖြင့်ပြောကြားဖို့လိုပြီး ၄င်းဈေးနှုန်းဖြင့် ပြည်သူများသို့ရောင်းချလိုပါကြောင်း ၊ စည်းလုံးခြင်းသည်အင်အားဆိုသည့်အတိုင်း အားလုံးစည်းရုံးစွာဖြင့် အသင်းဖွဲ့စည်းနိုင်ရေးဆောင် ရွက်ပေးနိုင်ရန်လိုကြောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှ သိလိုသည်များ မေမြန်းထားမှုအားပြန်လည်ပြောကြားကာ တွေ့ဆုံဆွေးနွေးမှုအား နံနက်(၁၁:၀၀)နာရီတွင် ပြီးဆုံး ကြောင်းသတင်းရရှိပါသည်။

 DOCA(မန္တလေး)

 

“အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာစားသုံးသူအသိပညာပေး Talk Show ကျင်းပပြုလုပ်”

ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် ကျောက်ဆည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အွန်လိုင်း ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show  ဆွေးနွေးပွဲကိုကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဒေါ်တင်တင်ထွေး (လက်ထောက်ညွှန်ကြားရေးမှူး)မှ အသိပညာပေး    Talk Show  ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ကျောက်ဆည်မြို့နယ်တာဝန်ခံ ဦးစိုးမင်းထွန်းမှ Online Shopping နှင့်ပတ်သက်၍ စားသုံးသူ ပြည်သူများရင်ဆိုင်ကြုံတွေ့နေသည့်အချက်များ၊ Online Shoppingနှင့်ပတ်သက်၍ စားသုံးသူ ပြည်သူများဝယ်ယူခြင်းမပြုမီသတိပြုရမည့်အချက်များ၊ Online မှဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ စားသုံးသူများ၏အခွင့်အရေးနှင့်စားသုံးသူများအနေဖြင့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်း များနှင့်ပြည်ထောင်စုနယ်မြေ တိုင်းဒေသကြီး ၊ ပြည်နယ်များနှင့်ခရိုင်များတွင်လည်း စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများဖွင့်လှစ်ထား

ကြောင်း၊ Consumer Call Center Hotline နံပါတ်ဖြစ်သည်(1535)သို့လည်း တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့၊  ၀၉:၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဆက်ဟိန်းကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၄၈) ပေပါကို ယာဥ်မောင်း ဦးသန်းဇော်ဦး၊ ယာဉ်အမှတ် 5G-7822၊ HINO အမျိုးအစား မော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ (၄၈) ပေပါအား ကုမ္ပဏီ၏ လက်ကား အရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင် လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင် အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူ ပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ် ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထန်းပင်မြစ်နှင့် ကျန်းမာရေး

 (အညာဒေသ) မကွေးတိုင်းဒေသကြီးတွင် ထန်းပင်မြစ်များ လှိုင်လှိုင်ပေါ်လာပြီဖြစ်ရာ ယခင် နှစ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း မကွေးမြို့၊ မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေးတို့ရှိ ထန်းပင်မြစ်ရောင်းဝယ်သူများထံက သိရသည်။ ၂၀၂၄ခုနှစ်၊ ယခုဇန်နဝါရီလ (ဒုတိယပတ်)တွင် ထန်းပင်မြစ်ဈေးနှုန်းအနေဖြင့် ထန်းပင်မြစ်(သေး) ၁၀ချောင်း တစ်စည်းလျှင် ကျပ်(၈၀၀)၊ ထန်းပင်မြစ်(လတ်) ၁၀ချောင်း တစ်စည်းလျှင် ကျပ်(၁၀၀၀)နှင့် ထန်းပင်မြစ်(ကြီး) ၁၀ချောင်း တစ်စည်းလျှင် ကျပ်(၁၂၀၀)ဖြစ်ပြီး အညာကျေးလက်ဒေသရှိ တောင်သူလယ်သမား ကြီးများအတွက် မိသားစုဝင်ငွေတိုးစေနိုင်သော မြေကြီးထဲကရွှေတစ်မျိုးပင်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

အချို့ကလည်း ထန်းမြစ်ကြော်၊ထန်းမြစ်နှမ်းထောင်း စသဖြင့်အမျိုးမျိုးစားလေ့ရှိကြပါတယ်။ ဒါ့ကြောင့် ယာတောသူတို့လည်းအညာစာတစ်မျိုးဖြစ်တဲ့ ထန်းပင်မြစ်ကို လမ်းကြုံရင်စားကြည့်ဖို့ မမေ့ကြပါနဲ့နော် #credit.. ကူးယူဖော်ပြသည်။

Submitted by cincdsmanager on Tue, 01/12/2021 - 11:50  

ထန်းပင်မြစ်ကို တချို့အရပ်ဒေသတွင် “ထန်းမြစ်” ဟုလည်းကောင်း၊  တချို့က “ထန်းပင်ပေါက်”  ဟု လည်းကောင်းခေါ်ကြသည်။  ရုက္ခဗေဒအမည်မှာ Palmyra Sprout (Palmyra Tuber) ဖြစ်သည်။

တမီလ်လူမျိုးများက “dhavanai” ဟု  ခေါ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက ထန်းပင်မြစ်ကို အစိမ်းလိုက်စားကြသည်။ ထို့ပြင်အိန္ဒိယနိုင်ငံရှိ လူကြိုက်များသော အစားအစာအမျိုးအစားထဲတွင် ထန်းပင်မြစ်တစ်ခုလည်း အပါအဝင်ဖြစ်သည်။    ထန်းသီးစေ့မှထွက်ရှိလာသော ထန်းပင်မြစ်သည် မြန်မာနိုင်ငံ၏ အညာဒေသထွက်    စားစရာတစ်မျိုးဖြစ်သည်။

ချိုသော “ဝက်မြေစာဥ” အရသာနှင့်တူသည်။   သို့သော်   ထန်းပင်မြစ်က  စိမ့်သက်အရသာရှိသည်။ ရင့်သော ထန်းပင်မြစ်က စေးထန်းကာ အရသာပိုကောင်းသည်။ အတွင်းထဲမှာ နောင်တွင် အရွက် ဖြစ်လာမည့်  အညွန့်လောင်း (Plumule) လေးများပါရှိသည်။  သူ့ကို ကလေးကစားစရာ ယပ်တောင်လေး၊ သမင်ရုပ်လေးများ ပြုလုပ်ကာ ဆော့ကစားတတ်ကြသည်။ 

ထန်းပင်မြစ်စားဖွယ်စုံ

ဆေးဖက်ဝင်ထန်းပင်မြစ်

မြန်မာ့ဆေးကျမ်းများတွင်   ထန်းပင်မြစ်သည် သွေး၊ သည်းခြေကို ပယ်တတ်၏။  သွေး၊   လေ၊ သည်းခြေတို့ကိုနိုင်၏။ ဝမ်းကိုလားစေ၏။ သလိပ်ကိုကြေစေ၏။ သုက်ကိုပွားစေ၏။ အသားကိုဖြစ်စေ၏။ အားကိုဖြစ်စေ၏။ ပထဝီအားကို  ပြည့်စေ၏။ တေဇောဓာတ်ကိုငြိမ်းစေ၏။  အစာကြေညက်ခြင်းနှင့် ဝမ်းမီးတောက်ခြင်းကိုနိုင်၏ဟူ၍  ဖော်ပြထားသည်။

  •    လူတို့၏ခန္ဓာကိုယ်အတွက် လိုအပ်သော  ဗီတာမင်ဘီဓာတ်ပေါင်းစုအပြင် အဆီဓာတ်နှင့် ပရိုတိန်းဓာတ်များလည်း ပါရှိသည်။
  • အမျှင်ဓာတ်ကြွယ်ဝစွာပါရှိ၍ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးသည်။
  • အမျိုးသားများအတွက် သုက်ပွားစေသော ဓာတ်စာဖြစ်၍ သား၊ သမီး မရနိုင်သော အမျိုးသားများအနေဖြင့် ထန်းပင်မြစ်ကို များများစားပေးသင့်သည်။
  • ခန္ဓာကိုယ်တွင်း အပူဓာတ်ကို  လျှော့ချပေးနိုင်သည်။
  •   ရေကျောက်ရောဂါအတွက် ဆေးဖက်ဝင်သော အစားအစာဖြစ်သည်။
  • အဆီနှင့် ပရိုတိန်းတို့ပါရှိသည့်အတွက် ခန္ဓာကိုယ် ပိန်လှီသူများ စားပေးခြင်းဖြင့် ကိုယ်အလေးချိန် တိုးတက်လာစေပါသည်။
  • အစာအိမ်နာရှိသူများကို ကောင်းကျိုးပြုသည်။
  • အင်ဆူလင်ထွက်ရှိမှုကို လှုံ့ဆော်ပေး၍ ဆီးချိုရောဂါသည်များကို ကောင်းကျိုးပြုသည်။
  •    တိုးတက်ကောင်းမွန်စေပါသည်။
  • အမျိုးသမီးသားအိမ်အတွက် အားဖြစ်စေသော အစားအစာဖြစ်သည်။
  • ကိုယ်ဝန်ဆောင်များ ထန်းပင်မြစ်ကို စားပေးခြင်းဖြင့်   မိခင်နှင့် သန္ဓေသားကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေပါသည်။
  • အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ သားအိမ်ကျန်းမာရေး ရိုးရာကုထုံးအတွက် ထန်းပင်မြစ်ကို အုန်းနို့ဖြင့်တွဲ၍ ကျွေးသည်။

အချုပ်အားဖြင့်ဆိုသော် ထန်းပင်မြစ်သည် ဆောင်းရာသီတွင်သာ ပေါပေါများများရရှိနိုင်ပြီး ခန္ဓာကိုယ်တွင်း  အပူဓာတ်ကို လျှော့ချပေးနိုင်သည့်  ရာသီစာဆေးဖက် ဝင်  အစားအစာတစ်မျိုးဖြစ်သည်။   ဆောင်းဥတု ရောက်သည့်အခါ    ခန္ဓာကိုယ်တွင်းအပူဓာတ်များ သူတွေမှာ  လည်ချောင်းနာ၊ ခံတွင်းနာ၊ သွားဖုံးနာ၊ နှုတ်ခမ်းတွင်ရေယုန်ပေါက်ကာ အပူကန်တတ်ကြသည်။ ထိုသူများက ထန်းပင်မြစ်ကို ပို၍စားပေးသင့်သည်။

ထန်းပင်မြစ်သည်  အညာဒေသတစ်ခုတည်းတွင်သာ   ထွက်ရှိသော ရာသီစာသီးနှံတစ်မျိုးဖြစ်သည့် အတွက် မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် လူအားလုံးစားသုံးနိုင်ရန် လက်လှမ်းမမီနိုင်သေးပေ။ သို့သော် ကျန်းမာရေးရှုထောင့်ကကြည့်ပါက ဘေးထွက်ဆိုးကျိုးမရှိဘဲ အရွယ်သုံးပါးမရွေး စားသုံးသင့်ပြီး ကိုယ်ဝန်ဆောင်များလည်း   စားသုံးသင့်ပါသည်။ 

 

ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိ

ကျောက်ပန်းတောင်း  နိုဝင်ဘာ  ၁၅

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ရှိ တောင်သူများ ပျိုးထောင်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်း ရရှိနေကြောင်း ကျောက်ပန်းတောင်းမြို့နယ်   လက်ပံပင်ကျေးရွာ ထန်းပင်မြစ်ပျိုးထောင် ရောင်းချသူ  ဦးတင်ဝင်း၏ ပြောဆိုချက်အရ  သိရသည်။

ထန်းပင်မြစ်ပျိုးထောင်ခြင်းကို ထန်းသီးမှည့်ချိန်ဖြစ်သည့် ဝါဆိုနှင့် ဝါခေါင်လတို့တွင် ထန်းသီးမှည့်များ ကောက်ယူစုဆောင်းပြီး  တူးဖော်ရန် လွယ်သည့်  မြေနေရာရွေးချယ်ကာ ထန်းသီးမှည့်များပုံ၍ သဲဖုံးထားရခြင်းဖြစ်သည်။ ထန်းသီးမှည့် မြေကျင်းထဲ ပျိုးထောင်ချိန်မှ သုံးလကြာလျှင် ထန်းသီးဆန်များမှ ထန်းပင်အညှောက်များ စတင်ထွက်လာပြီး ထန်းပင်မြစ်ပေါက်များ စတင်ဖွံ့ဖြိုးလာကာ  သုံးလကျော်ကြာမြင့်ပါက တူးဖော် ရောင်းချနိုင်ကြောင်း  သိရသည်။

ထန်းပင်မြစ် ပျိုးထောင် ရောင်းချရာတွင် ငွေကြေးအရင်းအနှီးမလိုဘဲ   လုပ်အားအရင်းအနှီးသာ လိုအပ်ကြောင်း သိရသည်။

ထန်းပင်မြစ် ပျိုးထောင်ရာတွင် မြေဆီ၊ မြေနှစ်ထည့်စရာမလိုဘဲ တူးဖော်ရလွယ် ကူစေရန်အတွက်သာ မြေအမျိုးအစားကို ရွေးချယ် ပျိုးထောင်ကြကြောင်း သိရသည်။

ပေါ်ဦးပေါ်ဖျားထန်းပင်မြစ်     ၁ဝ ချောင်းတစ်စည်းလျှင် ငွေကျပ် ၆ဝဝ ရရှိပြီး  ထန်းပင်မြစ်လှိုင်လှိုင်ပေါ်ချိန်   ၁ဝ ချောင်း တစ်စည်းလျှင် ငွေကျပ် ၃ဝဝ သာ ရရှိကြောင်း သိရသည်။

ထန်းပင်မြစ်ပျိုးထောင် ရောင်းချခြင်းကို မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၊

စီးပွားရေး

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်ရှိ ကျေးလက်တောင်သူများ ပျိုးထောင်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း ၊ညောင်ဦးမြို့၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးလက်တောင်သူများသည် ထန်းပင်မြစ်ပျိုးထောင်ခြင်းအား ထန်းသီးမှည့်ချိန်ဖြစ်သည့် ဝါဆိုလ၊ ဝါခေါင်လတို့တွင် ထန်းသီးမှည့်များ ကောက်ယူစုဆောင်း၍ တူးဖော်လို့လွယ်သည့် မြေနေရာအားရွေးချယ်ပြီး ထန်းသီးမှည့်များပုံကာ သဲဖုံးထားရခြင်းဖြင့် ထန်းပင်မြစ် ပျိုးထောင်ခြင်းခေါ်ဆိုကြောင်း၊ ထန်းပင်မြစ်ကို ထန်းပင်ပေါက်ဟု ခေါ်ဆိုနိုင်ပြီး ထန်းသီးမှည့် မြေကျင်းထဲပျိုးထောင်ချိန်မှ သုံးလကြာလျှင် ထန်းသီးဆန်များမှ ထန်းပင်အညှောက်များ စတင်ထွက်လာပြီး ထန်းပင်မြစ်ပေါက်များ စတင်ဖွံ့ဖြိုးလာကာ သုံးလကျော်ချိန် ဖော်ယူနုတ်ကာ ရောင်းချကြကြောင်း သိရသည်။

အညာဒေသတွင် ထန်းပင်မြစ် ပျိုးထောင်ရောင်းချခြင်းအား ငွေကြေးအရင်းအနှီးမလိုဘဲ လုပ်အားအရင်းအနှီးသာ လိုအပ်ကြောင်း၊ ထန်းသီးမှည့်ချိန် ကြွေကျသည့်ထန်းသီးများ လိုက်လံကောက်ယူပြီး ပျိုးထောင်စိုက်ပျိုးမည့် မြေကျင်းများဆီ စုဆောင်းထားကြပြီး ပြန်လည်တူးဖော်ချိန် လွယ်ကူသည့် မြေကျင်းများကို ရွေးချယ်ပျိုးထောင်ကြကြောင်း

ထန်းပင်မြစ်ပျိုးထောင်ရာတွင် မြေဆီ၊ မြေနှစ်ထည့်စရာမလို၊ မြေအမျိုးအစား မရွေးသည့်အပြင် ပြန်လည်တူးဖော် ရောင်းချသည့်အခါ တူးဖော်လွယ်ကူစေရန်သာ သဲမြေအမျိုးအစားနှင့်တူဖော်လွယ်ကူရန် မြေအမျိုးအစားကို ရွေးချယ်ပျိုးထောင်ကြသည်။ 

ထန်းပင်မြစ်ခေါ် ထန်းပင်ပေါက်များအား ပြုတ်၍ ဆီ၊ ဆားဖြင့် တို့စားခြင်း၊ ဖုတ်စားခြင်းနှင့် ကြော်စားခြင်းများ ပြုလုပ်ကြပြီး ရာသီစာအဖြစ် အညာဒေသတွင် ဆောင်းတွင်းမီးဖိုမီးလှုံကြရင်း  

 ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ဆယ်ချောင်းစီးတစ်စီး ၆၀၀ ကျပ် ရောင်းချနေရပြီး ထန်းပင်မြစ်လှိုင်လှိုင်ပေါ်ချိန် ဆယ်ချောင်းစီးတစ်စီး ၃၀၀ ကျပ်ရောင်းချရကြောင်း၊ ထန်းပင်မြစ်များအား မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ငါ့သရောက်မြို့၊ ပုဂံမြို့ ကျေးလက်တောင်သူများက ထန်းသီးရင့်မှည့်ချိန် ကြွေကျသည့်ထန်းသီးမှည့်များ ကောက်ယူပျိုးထောင်ပြီး ထန်းပင်မြစ်အဖြစ် ရောင်းချကြကြောင်း သိရကာ အရင်းအနှီးမများဘဲ တူးဖော်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ဈေးကောင်းရရှိနေကြောင်း ထန်းပင်မြစ် ပျိုးထောင်ရောင်းချသူများထံက သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း) 

 

ထန်းပန်ဆိုတာ ကျွန်တော်တို့ အညာမှာ ပေါက်တဲ့ ပဒေသာပင်တမျိုးပါ။ ငယ်စဉ်တုန်းက လူကြီးတွေ ပြောတဲ့ ‘ကမ္ဘာဦး ပဒေသာပင်’ ဆိုတာ ဘာမှန်းမသိလို့ လူကြီးသူမတွေထံမှာ မေးမြန်းစုံစမ်းခဲ့ရပါတယ်။

ကမ္ဘာဦးမြေပေါ်မှာ လိုရာဆွတ်ယူ စားသုံးနိုင်တဲ့ ‘ပဒေသာပင်’ ဆိုတာ ရှိသတဲ့။ ဗြဟ္မာကြီးတွေ ရောက်လာပြီး ခူးယူ စားသုံးကြရင်း လောဘသက်ဝင်လာကြတဲ့အခါ အပိုသီးနှံတွေ ခူးဆွတ် သိုလှောင်ကြ၊ သိုဝှက်စားကြ လုပ်ရင်းက ‘ပဒေသာပင်’ ‘ကန်း’သွားသတဲ့။ ဆွံ့သွားသတဲ့။ ဗြဟ္မာကြီးတွေလည်း အရောင်အဝါတေွ ပျောက်သွားပြီး လူထီး၊ လူမတွေ ဖြစ်ကုန်ကြသတဲ့။ ပဒေသာပင် ဆိုတာ အပင်တပင်တည်းက အသီးအရွက်၊ အရိုး စသည် အမျိုးမျိုးကို မကုန်နိုင်၊ မခန်းနိုင်အောင် ဆွတ်ယူစားသုံးနိုင်တဲ့ အပင်ကို ခေါ်တာတဲ့။ ခုခေတ် အလှူမင်္ဂလာပွဲတွေမှာ ‘ပဒေသာပင်သီးတယ်’ ဆိုတာ သစ်သားငြမ်းစင်လေးတခုမှာ ထီး၊ ဖိနပ်၊ သင်္ကန်း၊ စာအုပ် မုန့်ထုပ် အစရှိတဲ့ လှူဖွယ်ပစ္စည်းမျိုးစုံကို အလှူရှင်ပေါင်းစုံက လာရောက်ချိတ်ဆွဲကြတာကို ခေါ်ပါတယ်။

ထန်းပင်ကို ပဒေသာပင်လို့ ခေါ်တာက ထန်းပင်က ထွက်သမျှပစ္စည်းတွေဟာ အသီးအရွက်၊ အလက်က စပြီး အားလုံး စွန့်ပစ်ရတာရယ်လို့ မရှိဘဲ အသုံးဝင်တဲ့အပင် ဖြစ်လို့ပါတဲ့။ ရှေးမင်းတွေက အညာဒေသကို ‘အုန်းထန်းပေ’ ပဒေသာပင်တို့ ပေါက်ရောက်ရာအရပ်လို့ စာထဲ ပေထဲမှာ ထည့်သွင်းရေးသားလေ့ရှိခဲ့ပါတယ်။

ကျွန်တော်တို့ရွာရဲ့ အရှေ့ထိပ်မှာ ရေတွင်းနှစ်တွင်း ရှိတယ်။ ‘ကျား’ ရေချိုးတွင်းနဲ့ ‘မ’ ရေချိုးတွင်း ဆိုပြီး ခပ်လှမ်းလှမ်း ခွဲထားပါတယ်။ ရေတွင်းတွေဘေးမှာ အုန်းပင်နဲ့ ထန်းပင်တွေ တန်းစီပြီး နေကြတာ အလွန်ကြည့်လို့ကောင်းပါတယ်။ ပေပင် ထားလေ့မရှိဘူး။ ‘ပေတသီး၊ ကျီးတသား’ လို့ အဆိုရှိထားတယ် မဟုတ်လား။ ပေပင်က တခါပဲ သီးပြီး သေသွားတတ်သလို ကျီးကန်းများကလည်း တသားမွေးပြီး သေသွားတတ်သတဲ့။ သဘောက မျိုးဆက်ပြတ်သွားတဲ့သဘောပေါ့။ ဒါကြောင့် ရှင်ဘုရင်တွေဟာ ထန်းရွက်ပေါ် ရေးကြတာ။ ဘုန်းကြီးကျောင်းတွေမှာတော့ ပေပင်စိုက်ပြီး ဘုရား တရား စာပေများ ရေးသတဲ့။

တောင်တွင်းကြီးမှာ ‘ပေ လေးပင်၊ ရှင် လေးပါး’ ဆိုတာ ဘုန်းကြီးကျောင်းမှာပေါက်တဲ့ ပေပင်တွေပေါ့။ ပေရွက်က ပိုပြီးပြန့်ကားတယ်။ ရေးလို့ပိုကောင်းတယ်ဆို ထင်ပါရဲ့။ ‘စာပေ’ ဆိုတဲ့ စကားလုံးဟာ ပေရွက်ပေါ်မှာ စာပေကျမ်းဂန်တွေ ရေးကြလို့ ‘စာပေ’ ဆိုတဲ့စကား ဖြစ်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။

ပေသီးခြောက်ကတော့ ကျောက်ခဲလို မာတယ်။ လူနာမည် ‘ကိုပေသီး’လို့တောင် ရှိတတ်ပါတယ်။ ကလေးတွေ ပေသီးပစ်တမ်း ကစားကြပါတယ်။
 

 

 

 

ပင်လယ်ကမ်း ရေငန်ဒေသတွေ၊ ကျွန်းတွေပေါ်မှာတော့ အုန်းပင်က ပိုပေါတာကို ဓာတ်ပုံတွေ၊ ပန်းချီကားတွေမှာ မြင်တွေ့ရလေ့ရှိပါတယ်။ ထန်းပင်ကတော့ တပြည်လုံး အပေါဆုံး ဖြစ်မယ် ထင်ပါတယ်။ ကျောက်ပန်းတောင်း၊ ညောင်ဦးဘက်မှာ ထန်းပင်တွေ အထပ်ထပ်နဲ့ မည်းမည်းတုတ်နေအောင် မြင်တွေ့ရဖူးပါလိမ့်မယ်။ ရှေးဘုရင်တွေ (အလောင်းဘုရား)ခေတ်က ‘ထန်းလုံးတပ်’ ဆိုတဲ့ ဝေါဟာရတောင် သမိုင်းဝင် ဖြစ်ခဲ့ဖူးပါတယ်။ ထန်းပင်တွေ တန်းစီပြီး ကာထားရင် ဘာလက်နက်မဆို ထိုးဖောက်ရတာ ခက်ခဲပါတယ်။ ထန်းတောတွေကို ရှင်ဘုရင်နဲ့ မင်းညီမင်းသားတွေ အပိုင်စီးထားတတ်ပါတယ်။

မန္တလေး ရတနာပုံအရှေ့ဘက်မှာ ‘အိမ်ရှေ့မင်း ထန်းတော’လို့ ရှိပါတယ်။ တောင်ငူမှာတော့ ‘တပင်ရွှေထီး ထန်းတော’ လို့ ရှိသတဲ့။ ထန်းရည် အချို၊ အခါး သောက်သုံးဖို့ အပိုင်စီးထားတာ ဖြစ်ပုံရပါတယ်။ ကျေးရွာတွေမှာတော့ သူကြီးက ပိုင်ဆိုင်လေ့ရှိပါတယ်။ ‘မြေပိုင်ရှင် သူကြီးမင်း’လို့ အလှူမင်္ဂလာ ဖိတ်စာတွေမှာ ကမ္ပည်းလိပ်စာ တပ်ရတဲ့ သူကြီးမင်းများက ပိုင်ပါတယ်။ သူကြီးသမက်တဦး ပြောခဲ့တဲ့ စကားရပ်တခုဟာ ယနေ့အထိ စကားပုံဆိုထုံးလို တွင်ကျယ်နေခဲ့ပါတယ်။ ကြားဖူးကြမှာပါ။

‘မိမိ မြင်သမျှ ငါ့ယောက္ခမ ထန်းချည်းပဲ’ ဆိုတဲ့ စကားစုလေးပေါ့။

ခုခေတ် ဗိုလ်ချုပ်များလို နေမှာပေါ့။ မည်းမည်းမြင်သမျှ တပ်မတော်ပိုင် ဆိုပြီး လက်ညှိုးညွှန်ရာ သူတို့ပိုင် ဖြစ်သွားခဲ့ရတာမျိုးပေါ့။

ထန်းပင်က တောကြီးမျက်မည်း ဖြစ်အောင် ပေါက်ရောက်လေ့ရှိပါတယ်။ လူကလည်း စိုက်ပျိုး စောင့်ရှောက်ရတာပေါ့။ အညာမှာ ‘ထန်းတောမ’ ဆိုတဲ့ရွာအမည်တွေ တွေ့ရဖူးပါလိမ့်မယ်။ ကာလရွေ့လျှောလို့ ‘ထန်းတော်မ’ ကနေ ‘ဂဒေါမ’ (ကတောမ)လို့ အခေါ်ပြောင်းသွားခဲ့ပါသတဲ့။ ‘အုန်းတော’ ဆိုတဲ့ နာမည်ကတော့ မပြောင်ဘူး။ ‘ပေတော’ ဆိုတဲ့ ရွာအမည် မကြားဖူးပေမဲ့ ‘ပေတောက ပူရာဏ်ဆရာ’ ဆိုတာတော့ ကြားဖူးရဲ့။ လူနာမည် ‘ဒီဃတာလာ’ ဆိုတာ မဟော်သဓာဇာတ်မှာ ပါတယ်။ ‘ကိုအုန်း’၊ ‘မအုန်း’၊ ‘ကိုပေသီး’ တို့လည်း ကြားဖူးတယ်။ ဘာပဲဖြစ်ဖြစ် အောက်ပြည် အောက်ရွာ ရေငန်ပိုင်းမှာ အုန်းပင်တွေ ပေါသလို အညာမှာ ထန်းပင်တွေ ပေါတာကတော့ အမှန်ပါ။ ပင်လယ်ထဲက ကျွန်းတွေပေါ်မှာတော့ ရေမျောကမ်းတင် အုန်းသီးတွေ ပေါက်ဖွားလာခဲ့ကြတာ ဖြစ်ပုံရပါတယ်။ တကျွန်းလုံး အုန်းပင်တွေ ဖုံးနေလို့ အင်္ဂလိပ်ခေတ်က ‘ကိုကိုးကျွန်း’လို့ ဗမာ့ပင်လယ်ထဲက ကျွန်းတကျွန်းကို နာမည်ပေးခဲ့ဖူးပါတယ်။

ခုတော့ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေကို စစ်အစိုးရအဆက်ဆက်က ပို့ဆောင်ခဲ့တဲ့ ကျွန်းအဖြစ် ရာဇဝင်တွင်ခဲ့ရပါတော့တယ်။ ဓားပြ၊ သူခိုးတွေကို တကျွန်းမပို့တော့ဘဲ လူတော် လူကောင်းတွေပဲ ပို့တဲ့သဘောပေါ့။

ထန်းပင်တွေကို အညာမှာ ဘာကြောင့် အုန်းပင်တွေထက် ပိုပြီး တန်ဖိုးထားကြသလဲဆိုတော့ အညာသားတွေက အချိုကို အလွန်ကြိုက်ကြလို့ ဖြစ်မယ် ထင်ပါတယ်။ ထန်းရည်ချိုလည်း မက်မက်စက်စက် သောက်ကြတယ်။ အညာသူမတွေဟာ ယာအလုပ်သွားရင် ထမင်းအုပ်ယူသွားပြီး ဟင်းမပါရင် ထန်းသမားဆီက ထန်းရည်ချိုနဲ့ ထမင်းကြမ်းခဲ ဖျော်သောက်လေ့ရှိပါတယ်။ ‘အသည်းအေးတယ်’ လို့လည်း ဆိုကြပါတယ်။ ထန်းလျက်ခဲနဲ့ ထမင်းကြမ်းခဲနဲ့လည်း ကိုက်ကိုက်ပြီး စားကြပါတယ်။ ကလေး သရေစာ မုန့်တမျိုးပါပဲ။ မုန့်လုပ်ရင်လည်း ထန်းလျက်ခဲ ပါတယ်။

ဂျပန်ခေတ်မှာ ဂျပန်တပ်စိတ်ကလေးတခု မျက်စိလည် လမ်းမှားပြီး ရွာကို ရောက်လာတော့ ကျွန်တော့်အမေက ရွာပြင်ကို ရောက်အောင် ခေါ်ထုတ်သွားခဲ့ဖူးပါတယ်။ သူတို့က ‘ဆာကေ’ဆိုပြီး အရက်တောင်းတယ်။ အဖေက ရွာထဲမှာ မရဘူးဆိုပြီး ထန်းတဲကို ခေါ်သွားတော့ ထန်းရည်ခါးထက် ထန်းလျက်ကို စွဲသွားပြီး ထန်းလျက်မီးဖိုကြီးနားက မခွဲနိုင်မခွာရက် ဖြစ်သွားခဲ့ရဖူးပါတယ်။ ထန်းရည်ချို၊ သကာရည်၊ ထန်းလျက် အဆင့်ဆင့် ပြောင်းသွားပုံကိုပြတော့ သုံးဆင့်၊ သုံးမျိုးလုံးကို ကြိုက်နေလို့ အကုန်လုံး သိမ်းကျုံးယူသွားကြလေရဲ့။ ထန်းပင်၊ ထန်းရည်ခံတဲ့ မြူအိုး၊ ထန်းလျက်ချက်တဲ့ မီးဖို စတဲ့ ပစ္စည်းတွေကိုလည်း ကင်မရာမပါတော့ ပန်းချီဆွဲယူသွားကြလေရဲ့။

ထန်းပင်က ထန်းရည်ချိုတွေကို မီးဖိုပေါ်မှာ ချက်လို့ ဆူပွက်လာတဲ့အခါ မနိုင်မနင်း ဖြစ်လာတတ်ပါတယ်။ အဲဒါကို ရွှေပန်းငေါက်တောက်နဲ့ သားငယ်လေးတယောက်က အမှုန့်လေးတချို့ကို ခွက်ကလေးတခုထဲကို လက်ညှိုး လက်မနဲ့ ညှပ်ပြီး အနည်းငယ်ယူပြီး ပွက်ပွက်ဆူနေတဲ့ ထန်းလျက်ရည်အိုးထဲကို ပစ်ပေါက်ထည့်လိုက်တာ ဆူနေတဲ့အိုးဟာ မျက်လှည့်ပြလိုက်သလို ရုတ်ခနဲ ငြိမ်ကျသွားပါတယ်။ အဲဒါကို အထူးအဆန်းလုပ်ပြီး ဂျပန်စစ်ဗိုလ်တွေက မေးကြ၊ ရေးကြပါတယ်။

အဲဒါက ကြက်ဆူစေ့အမှုန့်ကို ပစ်ထည့်လိုက်တာပါ။ ထန်းတဲအနီးမှာ စိုက်ထားလေ့ရှိတဲ့ ကြက်ဆူပင်တွေကို ကျွန်တော့်အဖေက လိုက်ပြရပါတယ်။ သူတို့အထဲမှာ အင်္ဂလိပ်လို ပြောတတ်သူ ဂျပန်တချို့ပါ ရှိလို့ ကျွန်တော့်အဖေနဲ့ အင်္ဂလိပ်လို ပြောကြပါတယ်။ ကြက်ဆူပင်ကို အပင်၊ အရွက်၊ အသီး၊ အပွင့် စသဖြင့် ပဉ္စငါးပါးမကျန် ဆိုသလို ပုံကြမ်းရေးဆွဲ မှတ်တမ်းတင်သွားပါသတဲ့။ (သူတို့ ဂျပန်ပြည်ကို ပြန်ရောက်ရင် ကြက်ဆူပင်တွေ စိုက်ပြီး ကြက်ဆူစေ့ကနေ ဒီဇယ်ဆီထုတ်နည်းကိုများ သိသွားရင် ဗိုလ်သန်းရွှေတို့က ကျွန်တော့်အဖေကိုများ အရေးယူဦးမှာလား မသိပါ။ အရေးယူစေချင်ပါတယ်။ သေရွာလိုက်ပြီး အရေးယူရမှာလေ။)

ထန်းလျက်ကို သရေစာအဖြစ်လည်း စားတယ်။ ထမင်းနဲ့တွဲပြီး ဟင်းအဖြစ်နဲ့လည်း စားတဲ့ပြင် ဂျုံမှုန့်၊ ဆန်မှုန့်၊ ကုလားပဲလှော်မှုန့် စတဲ့ အမှုန့်မျိုးစုံနဲ့ ရောစပ်ပြီး မုန့်အချိုအမျိုးမျိုးလည်း လုပ်လို့ရတယ်။ မန်ကျည်းဖျော်ရည်၊ ဇီးဖျော်ရည် ဆိုတာမျိုးတွေ ဖျော်ပြီး ဘုန်းကြီးနဲ့ ဥပုသ်သည်များ သောက်လို့လည်း ရပါတယ်။

ထန်းလျက်ရည်ကို ပေါင်းခံပြီး အရက်ဖြူချက်လို့ ရပါတယ်။ အရက်ဖြူ ဆိုတာ အညာရဲ့ လက်စွဲအရက်ပါ။ ဂျပန်တွေက အရက်ဖြူကိုလည်း သူတို့ရဲ့ ‘ဆာကေး’အရက်နဲ့ တူလို့တဲ့ ကြိုက်သွားလို့ ရှာပေးရပါသေးတယ်။ သူတို့က ငွေပေးပြီး ရှာခိုင်းတာပါတဲ့။ ထန်းရည်ခါးတိုက်တော့ တချို့က ကြိုက်ပုံမရဘူးတဲ့။ အချဉ်ဓာတ် ပါလို့နဲ့ တူပါတယ်။ ဝမ်းပျက်မှာလည်းစိုးလို့ သိပ်မသောက်ကြဘဲ အရက်ဖြူကိုပဲ ရသမျှ ဝယ်ယူသွားခဲ့ကြပါတယ်။ ဒီကိစ္စကို ပြန်စဉ်းစားတော့ ကျွန်တော်လည်း အနီးမှာ ပါခဲ့သလို၊ မပါခဲ့သလို သိပ်စဉ်းစားလို့မရတော့ပါ။ အဖေကလည်း ကွယ်လွန်ခဲ့ပြီဆိုတော့ မေးမရနိုင်တော့ပါ။ တိုင်းရင်းဆေး ဖော်စပ်ရာမှာလည်း ထန်းလျက် သုံးတာတွေ ကြားဖူးပါတယ်။ ထန်းလျက် အသုံးဝင်ပုံ ရေးရရင် သီးခြားဆောင်းပါးတစောင် ရေးရမှာပါ။

ထန်းပင်တွေမှာ ထန်းဖိုနဲ့ ထန်းမ ဆိုပြီး ကွဲသေးတယ်။ အဖိုပင်က အသီး မသီးဘူး။ ထန်းနို့လို့ ခေါ်တဲ့ အဖိုပန်းခိုင် ထွက်ပေးတယ်။ အမပင်ကမှ အသီးသီးတယ်။ ထန်းသီးကို ခုတ်စဉ်းပြီး နွားစာကျွေးတယ်။ ထန်းသီးနုနုကို မျက်နှာလှီးပြီး ထန်းသီးအရည်ကို လက်မနဲ့ ထိုးကော်ပြီး စုပ်ရ၊ စားရတယ်။ ရင့်လာရင် ခွဲပြီး အဆံကို ထန်းလျက်နဲ့ ယိုထိုးစားတယ်။ အမေရိကမှာ ထိုင်းကလာတဲ့ ထန်းသီးဆံဘူးတွေ ဝယ်စားရတယ်။ ထန်းသီးမှည့် အခွံနုကို အရည်ညှစ်ပြီး မုန့်လုပ်စားရတယ်။ ထန်းသီးမုန့်ပေါ့။ အစေ့ကိုတော့ အများကြီး တခွဲ တတင်းရရင် မြေကြီးပေါ်မှာ တထပ်ချင်း ပုံပြီး မြေကြီးဖုံးထား၊ ရေလောင်း ရေဖျန်းပေးပြီး ပျိုးရတယ်။ အညှောက်ပေါက်လို့ ကြီးလာရင် မြေကြီးထဲက ဖော်စားရတယ်။ ထန်းမြစ်လို့လည်း ခေါ်တယ်။ ထန်းပင်ပေါက်လို့လည်း ခေါ်တယ်။ (ထမြစ်၊ ထပင်ပေါက် လို့ အသံထွက်တယ်။) ဖုတ်စား၊ ပြုတ်စားရတယ်။ ဆောင်းရာသီ မီးလှုံရင်း ဖုတ်ပြီး ပူပူနွေးနွေး ဆီ ဆားလူးပြီး စားရတာ လွမ်းစရာပါ။

အုန်းစေ့ အုန်ဆံရဲ့ အခွံမာကို အရိုးလက်ကိုင်တပ်ပြီး ဆီမှုတ် လုပ်တယ်။ အုန်းစေ့အခွံကတော့ ကြီးလို့ သောက်ရေမှုတ် လုပ်ရတယ်။ ထန်းစေ့မှုတ်က သေးလို့ ဆံထုံးသေးသေးလေးကို ‘ထန်းစေ့မှုတ်လောက် ရှိတယ်’လို့ ခိုင်းနှိုင်းတတ်ပါတယ်။ ထန်းစေ့ကို သစ်သားအဖုံးတပ်ပြီး ဆေးဘူး လုပ်တာလည်း ရှိပါတယ်။ ထန်းအဖိုပွင့် အတံအချောင်းကြီးတွေကို အစို ဆိုရင် ခုတ်စဉ်းပြီး နွားစာကျွေးလို့ရပါတယ်။ အခြောက်ဆိုရင်တော့ ထန်းလျက်ဖိုမှာ ထင်းအဖြစ် ခွေပြီး သုံးပါတယ်။ ရှားသားထင်း၊ ထန်းသားထင်းတို့နဲ့ ရောရတာပေါ့။

ထန်းပင်အရွက်နုကို ထန်းဖူး ခေါ်တယ်။ ထန်းဖူးအရွက်ကို ထန်းရွက်ဖာ၊ ထန်းရွက်ဘူးလေးတွေ ရက်လုပ်ပြီး ထန်းလျက်ထည့် လက်ဆောင်ပေးလေ့ရှိပါတယ်။ ရွှေစာရံဘုရားပွဲမှာ ထန်းရွက်ပုတီး ရောင်စုံ ဆေးဆိုးရောင်းပါတယ်။ ကျေးရုပ်၊ ကျားရုပ်ပုံစံ စတဲ့ အရုပ်ကလေးတွေလည်း လုပ်ပါတယ်။

မန်းကျည်းတော်ဖီ၊ ဆီးတော်ဖီတို့လည်း ထည့်ပြီးရောင်းကြပါတယ်။ ထန်းရွက်ကို ကျား၊ မ ဦးထုပ်အမျိုးမျိုး လုပ်ပြီး ဆောင်းပါတယ်။ ထန်းရွက်ကြီးရဲ့ အလက်ရိုးတံစကြီးကို ထန်းလက်လို့ ခေါ်တယ်။ ထန်းရွက်ကို ဘုန်းကြီးယပ်တောင် လုပ်လို့ရပါတယ်။ ထန်းလက်ကိုတော့ လျှော်ခွာပြီး ထန်းလျှော်တောင်း၊ ထန်းခေါက်ဖာ ဆိုတာမျိုး ရက်လုပ်လု့ ရပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးထဲမှာ ပါတဲ့ ‘ပျောက်သဟာ၊ ဒဂေါက်ဖာတလုံးပါပဲ’ ဆိုတာ ထန်းလျှော်နဲ့ ရက်တဲ့ဖာ ဖြစ်ပါတယ်။ နှီးနဲ့ လုပ်တာကို ‘ပခြုပ်’လို့ ခေါ်တယ်။ ထန်းသမားတွေ တဲဆောက်ရင် အမိုးတန်းတွေကို ထန်းလျှော်နဲ့ ချည်ပါတယ်။ အိမ်တိုင်းမှာ ထန်းလျှော်စည်း တခုတော့ ဆောင်ထားလေ့ရှိပါတယ်။ ထန်းလက်မှာ အရင်းက အပိုင်းကိုဖြတ်ပြီး ဖင်ထိုင်ခုံ၊ ခေါင်းအုံး စသည် လုပ်ပါတယ်။ ထက်ခြမ်း ခပ်သေးသေး ခုတ်ဖြတ်ပြီး နွားချေးကျုံးစရာ လက်ကိုင်ပြားများအဖြစ်လည်း သုံးပါတယ်။

ထန်းပင်တချို့ လေမုန်တိုင်းမှာ အမြစ်ကျွတ် လဲတတ်တာ ရှိပါတယ်။ လဲကျရင် ထန်းရွက်ကြီးတွေအားလုံးရဲ့ အလယ်မှာ ကျန်တာကို ထန်းဖူး(ထန်းရွက်ဖူး) ခေါ်ပါတယ်။ ထန်းဖူးရဲ့ အောက်ခြေကို ခွဲလိုက်ရင် အလွန်နုပြီး ဖြူဖွေးနေတဲ့ ထန်းဖူးနုနုလေး ပေါ်လာတာကို ‘ထန်းဦးနှောက်’လို့ ခေါ်တယ်။ ကလေးတွေ သရေစာအဖြစ် စားကြပါတယ်။ ကြက်ဥနဲ့ ကြော်စားလည်း ရပေမဲ့ ကလေးတေွ လုစားတာနဲ့ ကုန်သွားတတ်ပါတယ်။

ထန်းပင်စည်ကို ထက်ခြမ်း ခြမ်းရင် ထန်းထွင်းလှေ ရတယ်။ လေးလို့ လှေအဖြစ် သုံးခဲတယ်။ နွားစာခွက်၊ နွားစာကျင်းအဖြစ်ပဲ သုံးပါတယ်။ မောင်းလက်ရေတွင်းမှာ ရေတံလျှောက်အဖြစ် လောင်းချပြီး ကြက်သွန်ခင်း ရေလောင်းတာလည်း လုပ်ပါတယ်။ နှစ်ဖက်ပိတ် နွားစာခွက်သဏ္ဌာန် လုပ်ပြီး ရေတွင်းနားမှာ နွားရေတိုက်ဖို့၊ လူရေချိုးဖို့ ရေခွက်ကြီးအဖြစ်လည်း သုံးပါတယ်။ တဝက်ခြမ်းထားတဲ့ ထန်းပင်ကိုမှ ထပ်ပြီး သုံး၊ လေး၊ ငါးစိတ် ဆိုသလို ခွဲစိတ်နိုင်ပါသေးတယ်။ အဲဒီ ထန်းသားစိတ်ကလေးတွေကို တဲတိုင်၊ တဲအမိုးရဲ့ အခြင် ထုပ်လျောက် စသည် လုပ်ပြီး ထန်းရွက်တဲ(ထန်းလက်တဲ) (ထန်းခလက်တဲ့လို့လည်း အသံထွက်တယ်) ဆောက်လုပ်လို့လည်း ရပါတယ်။ တဲတခုလုံး ထန်းပင်ထွက်ပစ္စည်းချည်းပေါ့။ အမိုးအဖြစ် ထန်းရွက်မိုးရင် ဖြစ်စေ၊ အကာအဖြစ် ထန်းရွက်ကာရင် ဖြစ်စေ ချုပ်ဖို့၊ တုပ်ဖို့ လိုရင် ထန်းလျှော်နဲ့ ချည်ပါ၊ တုပ်ပါတယ်။ ထန်းသား၊ ထန်းရွက်၊ ထန်းလျှော်တို့ဟာ ရေနံချေးသုတ်စရာ မလိုပါ။ ခြ မစား၊ ပိုးမထိုး၊ မှိုမတက်ပါ။ ထန်းပင်ဟာ သံမဏိလို မာကျောပါတယ်။

ထန်းသားခြမ်း၊ ထန်းသားစိတ်ကို ခြံစည်းရိုးတိုင်၊ နွားချည်တိုင် စသည် လုပ်လေ့ရှိပါတယ်။ ချောင်းကျဉ်း၊ မြောင်းကျဉ်းလေးများကို တံတားထိုးရင်လည်း အလွန်ခိုင်ပါတယ်။ ယာတောထဲမှာ ကြက်သွန်ခင်း၊ ပန်းခင်း စသည် ရေလောင်းဖို့ မောင်းလက်တပ်ထားတဲ့ မြေရေတွင်းတွေ ရှိပါတယ်။ တွင်းဝမှာ နှစ်ခြမ်း၊ သုံးခြမ်း ကန့်လန့်ဖြတ် တင်ထားတာကို နင်းကြမ်း(နင်းခြမ်းတုံး) ခေါ်ပါတယ်။ နင်းကြမ်းပေါ် နင်းပြီး မောင်းလက်လေးနဲ့ ရေငင်လေ့ရှိပါတယ်။ ရေပုံးကတော့ သွပ်ပုံးအကြီးစားပါ။ မောင်းလက်ဝါးကို အားစိုက်ပြီး တချက်ဆွဲလိုက်တာနဲ့ လျှောခနဲ တက်လာတဲ့ ရေပုံးကို တွင်းဝမှာ မေးတင်ထားတဲ့ နွားစာခွက်သဏ္ဌာန် ထန်းသားခြမ်း ရေတံလျှောက်ထဲကို လောင်းချလိုက်ပါတယ်။ အဲဒီရေတိုမှာ မြေကြီးမြောင်းငယ်လေးတွေ သွယ်ပြီး ဖျာတချပ်စာ ကြက်သွန်ခင်းငယ်လေးတွေထဲကို တကန့်ပြီး တကန့် ရေသွင်းပေးရပါတယ်။ မြေမွပြီး ရေများမှ ကြက်သွန်ဥ ကြီးထွားပါတယ်။ ကြက်သွန်ဥက အသီးအပွင့်တွေ ထွက်လာပြီး အကြီးရပ်မှ ရေသွန်တာ ရပ်ရပါတယ်။ ဒါက အညာ မိုးခေါင်ရေရှားဒေသ စိုက်ပျိုးနည်းပါ။ ဧရာဝတီမြစ်ကမ်းက သဲသောင်တွေပေါ်မှာ ဆေးရွက်ကြီးတို့၊ ကြက်သွန်တို့ စိုက်ရင် ရေမသွန်း မလောင်းရပါ။

ကဲ… ထန်းတပင်လုံး အသုံးကို အကျဉ်းချုံ့ပြီး ရေးလိုက်တာတောင် ဆယ်မျက်နှာနီးပါး ရှည်သွားပါပြီ။ ကျွန်တော် ရေးနေကျ စာမျက်နှာက ၅-၆ မျက်နှာလောက်ပဲ ရှိပါတယ်။ ‘အုန်း၊ ထန်းလ’ ဆိုတာ အမျိုးတူ အပင်ကွဲတွေမို့ ထန်းအကြောင်း ရေးရင်း အုန်းနဲ့ ပေအကြောင်း နည်းနည်းပါသွားလို့ ရှည်သွားရတာလည်း ဖြစ်ပါတယ်။

ထန်းပင်တပင်မှာ ထိပ်ဖျားကနေ အမြစ်အထိ အသီးအရွက်၊ ပင်စည် စသည် မသုံးရတာ မရှိပါ။ ဒါကြောင့် ပဒေသာပင် ခေါ်တာပါ။ ထန်းပင် အမြစ်ပိုင်း၊ ပင်စည်ကို ထွင်းပြီး ပန်းအိုးကြီးတွေ လုပ်ထားတာကိုတော့ မြန်မာပြည်မှာ မတွေ့ဖူးပါ။ တရုတ်ပြည်မှာ ဟိုတယ်ကြီးတွေရဲ့ရှေ့မှာ အလှပန်းအိုးကြီးတွေအဖြစ် တွေ့ခဲ့ရဖူးပါတယ်။ စည်ပိုင်းတွေနဲ့ စိုက်ထားတဲ့ ပန်းအိုးကြီးတွေလိုပါပဲ။ အဲဒါ ခုမှ သတိရလို့ ဖြည့်လိုက်ရာက ‘နှဲခင်’ ခေါ်တဲ့ ပီပီလေးတွေကို ကလေးတွေတောင် ဖန်တီးပြီး မှုတ်တတ်တာလည်း မေ့သွားတယ်။

ဒီဆောင်းပါးဖတ်ပြီး ဖြည့်ပေးနိုင်ရင်လည်း ဖြည့်ပေးကြမယ်ဆိုရင် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ထန်းပင်အောက်ကြီးတဲ့ တောသားပါ။ ထန်းပဒေသာပင်တွေ ဝေဆာစေချင်ပါကြောင်း။

DOCA(မန္တလေး)

 

 

 

 

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၀၂၄  ခုနှစ် ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ၊ ၀၈း၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆာဒိုဝါးဆေးရုံ၊ စံ၊ ဝါဝါလင်းဆေးဆိုင်များအား စျေးကွက်စောင့် ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ သည်။

       ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေး ဝါးများ ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေး ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံဆေးဝါးရောင်းချမှု လိုင်စင်များ ရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါးပြတ်လတ်မှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆေးစျေးနှုန်းများ၏ စျေးကွက်အခြေ အနေများ မေးမြန်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။        

DOCA(တနင်္သာရီ)

ဇီးဖြူသီးအသုံးဝင်ပုံ

          ဇီးဖြူသီးထွက်ရှိရာ ဒေသများဖြစ်ကြသည့် မန္တလေး၊စစ်ကိုင်း အနီးတဝိုက်တို့တွင် ဇီးဖြူပင်များသည် အလေ့ကျပေါက်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ ယခုအခါ ဇီးဖြူပင်များကို ခြံစည်းရိုးအနီးတဝိုက်တွင် စိုက်ပျိုးပြီး မိမိတို့ အိမ်တွင် စားသုံးရန်မက ပိုလျံသည့် အသီးများကို ဈေးသို့ တင်ပို့ရောင်းချပြီး စီးပွားဖြစ်စိုက်ပျိုးလာကြောင်း သိရှိရသည်။ ဇီးဖြူပင်သည် နှစ်ရှည်အသီးတစ်မျိုးဖြစ် သည် ။ သီတင်းကျွတ်လမှ ပြာသိုလအထိ စဉ်ဆက်မပြတ်သီးလျက်ရှိပါသည်။ ဇီးဖြူသီး ၁၀ လုံးလျှင် ကျပ် ၃၀၀ မှ ၄၀၀ ထိ ၊တစ်ပြည်လျှင် ကျပ် ၂၅၀၀ အထိ အရောင်းအဝယ်ရှိပါသည်။  ဇီးဖြူသီးမှာ မြန်မာ လူမျိုးများအတွက် ဟင်းလျာတစ်မျိုးဖြစ်ပြီး အစိမ်းထောင်း၊ဇီးဖြူးသီးပြုတ်ထောင်းစားရုံသာမက ငါးကြော်နှင့်ချက်ပြုတ်စားသောက်ကြပြီး ဇီးဖြူသီးပေါများသည့် ဒေသများတွင် ရက်ရှည်စားသုံးရန် ဆားရည်စိမ်နှင့် ပြုတ်ပြီး အခြောက်လှမ်း၍ လည်းအသုံးပြုကြသည်။ နွေရာသီအချိန်တွင် ခရီးသွားပြည်သူများအား ရေအေးအေးတို့ဖြင့် ဇီးဖြူသီးဆားရည်စိမ်တို့နှင့်အတူ အလှူလုပ်ကြသည်။ ယိုစုံလုပ်ငန်း၊သီးစုံအချဉ်ပေါင်းတို့တွင် ဇီးဖြူသီးသုပ်ကိုလည်းရောင်းချကြသည်။ ဇီးဖြူသီးသည် သံဓာတ် ပါဝင်ကြောင်းသိရှိရပြီး ဇီးဖြူသီးခြောက်များကို တရုတ်ပြည်တွင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရန် အတွက်  တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

 

စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ

၂၃-၁၂-၂၀၂၄ နေ့(တနင်္လာနေ့)နံနက်(၁၀:၀၀)နာရီအချိန် အစိုးရစက်မှုလက်မှုသိပ္ပံ (မြင်းခြံ)ရှိ အစည်းအဝေးခန်းမတွင်  စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)သည် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်း စရာများကို ဟောပြော ဆွေးနွေးခဲ့ပါသည်။

          ဟောပြောဆွေးနွေးပွဲသို့ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၈)ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မြင်းခြံ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမ များ၊ ကျောင်းသူ ကျောင်းသားများနှင့် ကျောင်းဈေးအရောင်းဆိုင်ရှင်များ တက်ရောက်ခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးမှ ဟောပြောဆွေးနွေးရာတွင် အပြည်ပြည်ဆိုင်ရာစားသုံးသူကာကွယ်ရေးစံ သတ်မှတ်ချက်များ၊ ကမ္ဘာ့သမိုင်းတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဖြစ်ပေါ်တိုးတက် လာမှု အခြေအနေများ၊ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းထားရှိမှု၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့နှင့် ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများထိခိုက်နစ်နာမှုများရှိပါက စားသုံးသူသတင်းပြန ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)၊ စားသုံးသူရေးရာဦးစီးဌာန အင်တာနက်စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် စားသုံးသူရေးရာ ဦးစီးဌာနFacebookစာမျက်နှာများတွင် တိုင်ကြားနိုင်ခွင့်ရှိသည့် အခြေအနေများ၊ အရေးယူမှု နည်းလမ်းများ၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးရာ တက်ရောက် လာသည့် ကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြပြီး နံနက် (၁၁:၃၀)နာရီအချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ