သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်၊ မြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးနှင့်ဝန်ထမ်းများသည် (၂၃.၁၂.၂၀၂၄) ရက်နေ့နံနက်(၁၀;၀၀)နာရီက မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေး နှင့်မွေးမြူရေးသိပ္ပံကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး       ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော ဆရာ/     ဆရာမ၊ ကျောင်းသား/သူများအား မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာ ရှင်းလင်းပြောကြားခဲ့ပြီး၊  ဆက်လက်၍ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏   တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါကုန်အညွှန်း  အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ         ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာ တစ်ခု(သို့)တစ်ခု ထက်ပို၍ တွဲလျှက်   ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးတွင်လည်းကောင်း၊  စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏   www.doca.mm.website   တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ စားသုံးသူများ နစ်နာမှု ရှိပါက      စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီ  ဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ လက်ထောက်ကျောင်းအုပ် ဆရာကြီးအား       စားသုံးသူကာကွယ်ရေးဥပဒေ စာအုပ်အားပေးအပ်ပြီး၊ ဟောပြောပွဲသို့ တက်ရောက်လာသောကျောင်းသား/ သူများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်၊ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၅၅)ဦး တက်ရောက် ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရခန့်အပ်ထားသော စစ်ဆေးရေးအရာရှိ များက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ပခုက္ကူနှင့်ဂန့်ဂေါခရိုင်အနေဖြင့် ဒီဇင်ဘာလအတွင်းတွင် ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဒုတိယ ခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ် တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဦးစားပေး ကုန်စည်အမျိုးမျိုးဖြစ်သော စားသုံးဆီအမျိုးမျိုး၊ အသင့်စားမုန့်အမျိူးမျိုး၊ အသင့်သောက် အချိုရည်အမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ပခုက္ကူမြို့တွင် FDAမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော အစားအသောက်များအား ကုန်စုံဆိုင်များ၌ (၁)ကြိမ်၊ ကျောင်းမုန့်ဈေးတန်းနှင့် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် အသင့်စား မုန့်အမျိုးမျိုးနှင့် အရန်သင့်အစားအစာအမျိုးမျိုးတို့အား (၃)ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ အနောက်ပိုင်း ရပ်ကွက်နှင့် ကျောင်းမုန့်ဈေးတန်းရှိ ကုန်စုံဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးအား (၂)ကြိမ်၊ ဂန့်ဂေါမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးအား  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ခြင်း(၁)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၇)ကြိမ် အထူးဈေးကွက်အနေဖြင့် စက်သုံးဆီနှင့် ဆေးဝါးပစ္စည်း အမျိုးမျိုးများအား သတ်မှတ်ရည်ညွှန်းဈေးများနှင့် ဆေးဈေးနှုန်းမြှင့် တင်ရောင်းချခြင်း(သို့)ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကွင်းဆင်းကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား အွန်လိုင်း မှတ်ပုံတင်ခြင်းဆိုင်ရာ အကြောင်းအရာများကိုလည်း သွားရောက်ကွင်းဆင်း အသိပညာပေးဆွေးနွေး ခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားသုံးဆီများ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ခေတ္တပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင်များသို့ မြန်မာနိုင်ငံစား သုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ နှင့် ကိုက်ညီမှု/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင် ရွက်ခဲ့ပါသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအများစုကို တောင်ကြီးမြို့မှ အများဆုံးတင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ၏(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိသော စားသုံးဆီဘူးများကိုသာ တင်သွင်းရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်များ အနေ ဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့် စားသုံးဆီဘူးများတွင် ပင်ရင်း ပါဝင်ပစ္စည်းများ ကိုအခြေခံသော ကုန်စည်၏ အမျိုးအမည်ကို မြန်မာဘာသာဖြင့်ဖော်ပြထားပြီး ကုန်စည်များ၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ဖြင့် တိကျစွာဖော်ပြထားသည့် စားသုံးဆီဘူးများကိုသာ တင်သွင်းရောင်းချကြရန်၊ ဘူးသွင်းဆီ များရောင်းချပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိသော စားသုံးဆီဘူးများကိုသာ ရောင်းချကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ ပြင်ဆင်ဖွဲ့စည်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေကို ပြည်သူ များ သိရှိလိုက်နာစေရန် အသိပညာပေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ ဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာတိုင်းဒေသူကြီး/ပြည်နယ်များအလိုက် စားသုံးသူရေးရာကော်မတီများ ဖွဲ့စည်းပြီး စားသုံးသူကာကွယ်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးမှ ဥက္ကဌအဖြစ် ဦးဆောင်တာဝန်ယူ၍ စုစုပေါင်းအဖွဲ့ဝင်(၉)ဦးဖြင့် ဖွဲ့စည်း ထားပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီတွင် အဖွဲ့ဝင်ဌာနများအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ လူသုံးကုန်နှင့်အလှကုန် ရောင်းဝယ်သူများအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်ဖွဲ့စည်းထားပါတယ်။

ယခုအခါ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဝင် ဌာနအချို့ဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)တို့မှ အဖွဲ့ဝင်များ ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါတယ်။ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီ၏ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှစ၍ အဖွဲ့ဝင်သစ်များနှင့် စားသုံးသူကာကွယ် ရေးလုပ်ငန်းများ ဆက်လက်ညှိနှိုင်းဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

DOCA(မန္တလေး)                                                                                

ရဲအရာရှိ အတတ်သင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို သက်ဆိုင်ရာနယ်ပယ်အသီးသီး အလိုက် ဟောပြောဆောင်ရွက်လျက်ရှိရာ (၁၉-၁၂-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၃၀)နာရီအချိန် တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် (၁၀၀)ဦးတို့အား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲရှိ ဦးစီးမှူး ဦးတင်ချစ်ကောင်းမှ စားသုံးသူ ကာကွယ်ရေးနှင့်ဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူတိုင်ကြားမှုအပေါ် ဦးစီးမှူးရုံးမှ ဖြေရှင်း ဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို ဟောပြောဆွေးနွေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးထွန်းမှ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် ပတ်သက်သော အကြောင်းအရာများနှင့် ဥပဒေပါတားမြစ်ချက်များကို ကျူးလွန်ဖောက်ဖျက်ပါက  ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)  

မန္တလေးမြို့၏ Used Laptop ဈေးကွက်

Laptop ကွန်ပျူတာသည် သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူသောကြောင့် နေရာမရွေး အသုံးပြုနိုင်သည့်အတွက် စီးပွားရေးလုပ်ငန်းခွင်၊ ပညာရေး၊ ဖျော်ဖြေရေးနှင့် နေ့စဉ်ဘဝတို့တွင် အသုံးပြုမှုများပြားလာသော လူသုံးကုန်ပစ္စည်း တစ်ခုဖြစ်လာပါသည်။

  • စာရွက်စာတမ်းများ ရိုက်ခြင်း၊ စာရင်းဇယား ဒေတာများကို စီမံခန့်ခွဲခြင်း၊ Email ပေးပို့ခြင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုကြပါသည်။
  • သင်ခန်းစာများ လေ့လာခြင်း၊ သုတေသနပြုခြင်း၊ စာတမ်းများ ရေးသားခြင်း၊ အွန်လိုင်းသင်တန်းများ တက်ရောက်ခြင်းတို့အတွက် အသုံးပြုကြပါသည်။
  • ဖျော်ဖြေရေးတွင် ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ Short Flim များဖန်တီးခြင်းနှင့် ဆိုရှယ်မီဒီယာများ အသုံးပြုခြင်းတို့အတွက် သုံးစွဲကြပါသည်။
  • နေ့စဉ်ဘဝတွင် အီးမေးလ်များ ဖတ်ခြင်း၊ သတင်းများ ဖတ်ရှုခြင်း၊ ငွေကြေးလွှဲခြင်း၊ စျေးဝယ်ခြင်းတို့အတွက်လည်း အသုံးပြုကြပါသည်။

Used Laptop ကွန်ပျူတာများသည် စွမ်းဆောင်ရည်မြင့်မားလာပြီး ဈေးနှုန်းများလည်း ပိုမိုသက်သာလာသောကြောင့် ငွေကြေးချွေတာသုံးစွဲလိုသူများ ဝယ်ယူအသုံးပြု လာနိုင်ပြီဖြစ်ပါ တယ်။ မိမိတို့ အသုံးပြုမည့် လုပ်ငန်းအပေါ်မူတည်ပြီး Model , Processor, Memory နှင့် Data သိမ်းဆည်းနိုင်မည့် ပမာဏအလိုက် Lenovo တစ်လုံးကို 789000 ကျပ် မှ 990000 ကျပ်၊ HP တစ်လုံးကို 890000 ကျပ်မှ 1050000 ကျပ်၊ Dell 799000 ကျပ် မှ 1030000 ကျပ် နှင့် Acer တစ်လုံးကို 820000 ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပါတယ်။ Hardware ပိုင်း အာမခံ အနေဖြင့် (၁) လ ပေးထားပြီး၊ Software Service ပိုင်းကို Life Time ပေးထားကြောင်း သိရှိ ပါတယ်။

DOCA(မန္တလေး)                                                                                                                                                 

Online Sales Business အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများအတွက် eComreg Online Registration (မှတ်ပုံတင်)စနစ် အကြောင်း

          ယနေ့ခေတ်တွင် Social Media အခန်းကဏ္ဍသည် အလွန်အရေးပါလာခဲ့ပါသည်။ Social Media များအသုံးပြု၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချလာကြသည်ကိုလည်း တွေ့မြင်လာရပါသည်။ ထိုသို့ ရောင်းသူနှင့်ဝယ်သူများအားလုံး အဆင်မပြေမှုပြဿနာများမှ ကင်းဝေးဏေရန်အတွက် eComreg Online Registration www.ecomreg.gov.mm စနစ်တွင် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရယူကြရန် လိုအပ်ပါသည်။ eComreg Online Registration (မှတ်ပုံတင်)စနစ်တွင် မှတ်ပုံတင်ခြင်းဆောင်ရွက်ရမည့် အွန်လိုင်း စနစ်ဖြင့် ရောင်းချသူများမှ (၁) ပြည်တွင်း၌ အခြေပြု သည်ဖြစ်စေ၊ပြည်ပ၌ အခြေပြုသည်ဖြစ်စေ၊ (၂) Website တည်ထောင်၍ Website ပေါ်မှ ဈေးရောင်းချသူများအားလုံး (၃) Social Media ဟု ဆိုရာ တွင် Fcacebook အပြင် အခြားသော Social Media များအသုံးပြု၍ ငွေကြေးယူ ရောင်းချသူများ အားလုံး(၄) Mobile Application တည်ထောင်၍ ထို Mobile Application ဖြင့် ဈေးရောင်းချသူများ အားလုံးတို့သည် မှတ်ပုံတင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်း ကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ထားပြီး Online စနစ်ဖြင့် ရောင်းချသော ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ငန်း ဆောင်ရွက် ရမည်ဖြစ်ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာတွင် ထုတ်ပြန်ပြီး (၆)လပြည့်မြောက်သည့် နေ့မှစ၍ မှတ်ပုံတင်လက်မှတ်မရရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက် ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်လက်မှတ် လျှောက်ထားမှုအား မြေပြင် ကွင်းဆင်း စိစစ်ပြီးမှသာလျှင် ခွင့်ပြုထုတ်ပေးသွားမည် ဖြစ်ပါတယ်။

           အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြသူများအနေဖြင့် eComreg Online Registration www.ecomreg.gov.mm တွင် မှတ်ပုံတင်လက်မှတ်များ လျှောက်ထား ရယူ ကြရန်နှင့် စနစ်တွင် မှတ်ပုံတင်ဆောင်ရွက်ရန် (၂)မျိုးခွဲ၍ လျှောက်ထားနိုင်ရန် ဆောင်ရွက်ထား ပါသည်။ (၁) ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်း (၂)  လူပုဂ္ဂိုလ်တစ်ဦးချင်း တို့ဖြစ်ပါ သည်။ eComreg Online Registration စနစ်တွင် လျှောက်ထားခြင်း လုပ်ငန်းစဉ်အား အဆင့်(၇)ဆင့်ဖြင့် သတ်မှတ်၍ လျှောက်ထားရန်ဖြစ်သည်။ စနစ်တွင် လျှောက်ထားခြင်း (၇)ဆင့် တို့မှာ (၁)Member  အဖြစ်လျှောက်ထားခြင်း (၂) အချက်အလက်များဖြည့်သွင်းခြင်း (၃) Online ကြေးပေးသွင်းခြင်း (၄) ဌာနမှ စိစစ်ခွင့်ပြုခြင်း (၅) လုပ်ငန်းရှင်မှ မှတ်ပုံတင်ကြေးပေးသွင်းခြင်းနှင့် မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း  (၆)  ပြင်ဆင်လိုသည့်  အချက်များ  ပြင်ဆင်‌လျှောက်ထားခြင်း  (၇)  သက်တမ်းတိုးလျှောက်ထားခြင်းတို့ ဖြစ်ပါသည်။ ယင်းသို့ လျှောက်ထားပြီးလျှင် သက်ဆိုင်ရာဌာနမှ လျှောက်ထား ခြင်းကို ခွင့်ပြုပေးပြီးနောက် လုပ်ငန်းရှင်မှ မိမိလျှောက်ထားသည့် လုပ်ငန်း အမျိုးအစားအလိုက် အွန်လိုင်းမှတ်ပုံတင်ကြေး ကျသင့်ငွေကို မိမိနှစ်သက်ရာ Online Payment ဖြင့် ပေးသွင်းရမည် ဖြစ်သည်။ ၎င်းနောက် မိမိလျှောက်ထားသော Certificate ကို ထုတ်ယူနိုင်မည်ဖြစ်သည်။ မှတ်ပုံ တင်လက်မှတ်ရရှိသူများအနေဖြင့် သက်တမ်းမကုန်မီ ရက်ပေါင်း (၆၀) အတွင်း သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ သက်တမ်းမှာ (၂)နှစ်ရရှိမည်ဖြစ်ပါတယ်။

          စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူအသုံးပြု ရာတွင်  ထိခိုက်နစ်နာမှုများ မရှိစေရေးအတွက် မိမိဝယ်ယူမည့် Online Sales Business အွန်လိုင်း စနစ်ဖြင့်ရောင်းချသူများအနေဖြင့် eComreg Online Registration (မှတ်ပုံတင်)စနစ်တွင် အွန်လိုင်း မှတ်ပုံတင်လက်မှတ် ရရှိထားမှု ရှိ/မရှိ စုံစမ်းဝယ်ယူရန်နှင့် Online စနစ်ဖြင့် ရောင်းချမည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း မှတ်ပုံတင်ရရှိပြီးမှသာ မိမိတို့လုပ်ငန်းများကို ဆောင်ရွက်ရပါမည်။ စားသုံးသူ ရေးရာဦးစီးဌာနသည် စားသုံးသူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက် ပြီး လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို အဓိက ဆောင်ရွက် ပေးနေသော ဌာနတစ်ခုဖြစ်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။  ထို့ကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ကို သိရှိလိုပါက www.doca.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

                         DOCA(မန္တလေး)                                                                                

 

ထားဝယ်အထူးစီးပွားရေးဇုန် ၈/၂၀၂၄-၂၀၂၅ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

       ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ၁၈/ ၂၀၂၄-၂၀၂၅ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးသို့ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးမှ Online Virtual ဖြင့်တက်ရောက်ခဲ့ပါသည်။

       အစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ MCအဖွဲ့ဝင်များမှလည်း သိရှိလို သည်များနှင့် လိုအပ်သည်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာ စကား ပြောကြား၍ အစည်းအဝေးအား နေ့လည်(၁၂း၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

Online စနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းများတိုးတက်လာမှုနှင့် ဥပဒေဆိုင်ရာသိကောင်းစရာများ

ကမ္ဘာတဝှမ်းလုံးတွင် Covid-19 ရောဂါဖြစ်ပါပြီးနောက် မြန်မာနိုင်ငံအတွင်း Internet ရှိရုံမျှဖြင့် You Tube၊ Gmail ၊ ဆိုရှယ်မီဒီယာများ အသုံးပြု၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လာကြပြီး Online စနစ်ဖြင့် မိမိတို့၏ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်၊ အထည်အလိပ်၊ အဝတ်အထည် အစရှိသဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်း၊ ကြော်ငြာခြင်း၊ ဝန်ဆောင်မှု ပြုလုပ်ခြင်း လုပ်ငန်းများလည်း ကျယ်ပြန့်စွာ ဆောင်ရွက်လာကြောင်း တွေ့ရှိရသည်။

          တိုးတက်ပြောင်းလဲနေသော ယနေ့ခေတ်စီးပွားရေးသည် မိမိတို့၏ နေအိမ်များမှ အသေးစား လုပ်ငန်းတစ်ခုစတင်ရန် လွယ်ကူသောခေတ်သို့ ရောက်ရှိနေပြီဖြစ်ခြင်းကြောင့် မိမိအနေဖြင့် Online မှ အဝတ်အထည်များရောင်းသည့်လုပ်ငန်းဆောင်ရွက်မည်ဆိုပါက  ရောင်းချမည့် အမျိုးသား/ အမျိုးသမီး အသက်အရွယ်အပိုင်းအခြား၊ ခန္ဓာကိုယ်အလေးချိန်၊ အရပ်အမြင့်တို့ကို ခွဲခြားသတ်မှတ်ခြင်း၊ ရာသီဥတု အပေါ် (နွေ၊မိုး၊ဆောင်း)ဝတ်ဆင်ရန် သင့်တော်မည့် အထည်အလိပ်ရွေးချယ်ခြင်း၊ မိမိရွေးချယ်ထား သည့် အသက်အရွယ်အပိုင်းအခြားအလိုက် ကြိုက်နှစ်သက်တတ်သည့် အရောင် Design ရွေးချယ်ခြင်း များကို ကြိုတင်စဉ်းစားရပေမည်။

          အထည်စများရွေးချယ်ဝယ်ယူရာတွင်လည်း အလိပ်လိုက်(ထွက်သည့် Colour များ အားလုံး ဝယ်ယူရသည့်)ရောင်းသည့် ကုမ္ပဏီများရှိသကဲ့သို့ အနည်းဆုံး ကိုက်(၂၀)အထက် ရောင်းသည့် ဆိုင် များလည်းရှိသည်၊ ဈေးနှုန်းအနည်းငယ်သာ ကွာခြားမှုရှိပါသည်။ မိမိစိတ်ကြိုက် Colour ရွေးချယ် ဝယ်ယူပါက လက္ကားဈေးနှုန်းဝယ်ယူခြင်း မဟုတ်ဘဲ လက်လီဈေးနှုန်းဖြင့်သာ ဝယ်ယူရပါသည်။

          မိမိ၏ ထုတ်ကုန်အတွက် လိုအပ်သော အမှတ်တံဆိပ်၊ LOGO  များအား Packing Service အပ်နှံဆောင်ရွက်ခြင်း၊ မိမိ Target ထားသော အရွယ်၊ အရောင်၊ ဒီဇိုင်းများရှိပါက Designer များထံ သွားရောက်၍ ချုပ်ထည်များ အပ်နှံရမည်ဖြစ်ပါသည်။ Designer အား ချုပ်လိုသော ပုံစံ၊ အမျိုးအစား အလိုက် အထည် (၃၀)၊ အထည်(၅၀)မှ စတင်လက်ခံချုပ်ပေးလျက်ရှိပြီး ချုပ်ခအနေဖြင့် တစ်ထည် လျှင် ၄၀၀ဝ-၅၀၀၀-၆၀၀၀ ကျပ်ခန့်ပေးရပြီး ကြယ်သီး၊ ဇာ၊ ဇစ် စသည့် အပိုပစ္စည်းများအတွက် ကျသင့်ငွေထပ်မံပေးချေရ မည်ဖြစ်ပါသည်။ အဆိုပါ Designer ၏ လက်ရာ ချုပ်ရိုး၊ ချုပ်သား ခိုင်ခံ့မှုရှိ/မရှိ၊ သေသပ်မှု ရှိ/မရှိ အား Simple တစ်ထည်ချုပ်၍ ကြည့်ရှုနိုင်ပါသည်။ အချို့ Designer များ မှာ Simple ချုပ်ခ ၁၅၀၀ဝိ/- ခန့်ယူလေ့ရှိပြီး အချို့ဒီဇိုင်နာများမှာ အင်္ကျီချုပ်ခအတိုင်းသာ ယူကြပါသည်။        

            အထက်ပါ အချက်အလက်များပြည့်စုံပြီးဖြစ်ပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ http://www.ecommerce.gov.mm တွင် ဝင်ရောက်ပြီး သတ်မှတ်ထားသော အချက်အလက် များဖြင့် online  စနစ်ဖြင့်ရောင်းချခြင်းတွင် မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး  မှတ်ပုံတင်လျှောက်ထား ရယူထားမှု မရှိခြင်း၊လျှောက်ထားတင်ပြခဲ့သည့်ကုန်ပစ္စည်းအုပ်စုအတိုင်း ကိုက်ညီမှုမရှိခြင်း၊ ဥပဒေအရ တားမြစ်ထားသော (သို့မဟုတ်)ဥပဒေတစ်ရပ်ရပ်ဖြင့် ငြိစွန်းနေခြင်း၊ ထောက်ခံချက်၊ ညွှန်ကြားချက် များနှင့်ကိုက်ညီမှုမရှိခြင်းနှင့် အခြားတွေ့ရှိချက်များအတွက် အရေးယူခံရမည်ဖြစ်ကြောင်းသိရသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃) ဖြင့် အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခြင်း၊ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)ဖြင့် အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းနှင့် အမိန့်ကြော်ငြာစာအမှတ်(၄၉/၂၀၂၃)ဖြင့် အမိန့်ကြော်ငြာ စာ၊ အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်ခွင့်ကို ကုန်သွယ်ရေးဦးစီးဌာနအား အပ်နှင်းခြင်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၌ ထုတ်ပြန်ခဲ့ပြီး ၂၁.၁၂.၂၀၂၄ ရက်နေ့မှစ၍  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများ မှတ်ပုံတင်ခြင်းလျှောက်ထားမှုများကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

          မြေပြင်စစ်ဆေးရာ၌ Online Registration စတင်ဆောင်ရွက်စဉ် လျှောက်ထားခဲ့သည့်လုပ်ငန်းနှင့် လျှောက်ထားသူ၏ အချက်အလက်များစစ်ဆေးခြင်း၊ ရောင်းချသည့် ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း သည့်  အချက်အလက်များစစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များဖောက်ဖျက်ခြင်းရှိ/မရှိ ၊ လျှောက်ထားသည့် အချက်အလက်များနှင့် မြေပြင်အချက်အလက်များမှန်ကန်မှုရှိ/မရှိ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချရန် မှတ်ပုံတင်မရှိဘဲ လုပ်ငန်းဆောင်ရွက်နေခြင်းနှင့် မှတ်ပုံတင် လက်မှတ်ရရှိသူက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော ပြုမူ ဆောင်ရွက်မှုတစ်ရပ်ရပ်ကို ဆောင်ရွက်နေကြောင်း တွေ့ရှိရပါက ပြစ်မှုကြောင်းအရ အရေးယူဆောင်ရွက် ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အွန်လိုင်းစနစ်ကို အသုံးပြု၍ အရောင်းအဝယ်ပြုလုပ်ခြင်းသည် တစ်ဦးနှင့်တစ်ဦး  ယုံကြည်မှုကို အလေးထား၍ လုပ်ဆောင်နေကြရခြင်းဖြစ်ပြီး ထိုယုံကြည်မှုအပေါ် ဥပဒေဖြင့် ထိန်းကျောင်းဆောင်ရွက် ရခြင်းဖြစ်ပေသည်၊ လူတိုင်းလူတိုင်း ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ကိုယ်ချင်းစာတရားထားရှိမှသာ လူမှုဘဝပတ်ဝန်းကျင် သာယာလှပလာမည်ဖြစ်ပါသည်။

DOCA(မန္တလေး)

 

အွန်လိုင်းမှရောင်းချသည့် လုပ်ငန်းရှင်အား အသိပညာပေးဟောပြောဆွေးနွေးခြင်း

       ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ နံနက်(၁၀း၃၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ အွန်လိုင်းစနစ်နှင့် အဝတ်အထည်၊ အလှကုန်ပစ္စည်းရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်သည့် လုပ်ငန်းရှင်အား အွန်လိုင်းမှတ်ပုံ တင်လျှောက်ထားရာတွင် လိုအပ်သည့်အချက် များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါ သည်။

      အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားရာတွင်  ကြိုတင်ပြင်ဆင်ထားရှိရမည့် အထောက် အထားများ၊ အခြေခံလိုအပ်ချက်များ၊ လျှောက်ထားခြင်း ပုံစံအဆင့်ဆင့်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရမည့် တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

                                               

DOCA(တနင်္သာရီ)              

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ