သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ဒီဇင်ဘာလ စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးခြင်း ဆောင်ရွက်နိုင်မှု အခြေအနေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

          ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူအကာအကွယ် ပေးရေးအသိပညာပေးဟောပြောဆောင်ရွက်ခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ()ရက်နေ့ နံနက် (၀၈;၃၀) နာရီ အချိန်တွင်    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ ခရိုင်၊ ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာရှိ အလယ်တန်းကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း ဆောင်ရွက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှ မြို့နယ် အင်းကောင်းကျေးရွာရှိ အလယ်တန်းကျောင်းတွင် စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့ မှာ ပြဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ပြဌာန်းထား ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အဓိပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများအနေနဲ့ စားသုံးသူအခွင့် အရေး ()ချက်၊ စားသုံးသူများ လိုက်နာ ဆောင်ရွက်ရမည့်တာဝန်()ချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ် အသား ဖေါ်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာ ထင်ရှားစွာဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာဝယ်ယူ စားသောက် အသုံးပြုတတ်ရန် နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြား နိုင်ကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများအား အကျယ်တဝင့် ရှင်းလင်း ပြေားကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသား နှင့်ပတ် သက်သည့် အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ဘိုကလေး ပညာရေးကောလိပ်တွင် ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

     ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည်ဝန်ထမ်းများနှင့်အတူ ဘိုကလေး ပညာရေး ဒီဂရီ ကောလိပ်ရှိ ဆရာ/ဆရာမနှင့် ကျောင်းသူ/သား စုစုပေါင်း (၆၇၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောကျင်းပခဲ့သည်။

     အဆိုပါ ဟောပြောပွဲတွင် ဦးစွာပထမ ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ပြောကြားခြင်း၊ online မှ ဝယ်ယူသုံးစွဲရာတွင် online မှတ်ပုံတင်ထားခြင်းရှိသည့် အချက်အလက်ကိုကြည့်၍ ဝယ်ယူကြရန် ပြောကြားခြင်းနှင့် online နှင့် ပတ်သက်သည့် သိကောင်းစရာများကိုလည်းကောင်း၊ ထို့နောက် မြို့နယ်တာဝန်ခံ ဦးမင်းဇော်မှ ကုန်အညွှန်းအမှတ်အသားများကြည့်၍ ဝယ်ယူစားသောက်ကြရန်နှင့် စားသုံးသူများ နစ်နာမူရှိပါက (1535) သို့ခေါ်ဆို၍ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမူပုံစံများအား ဟောပြောခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

၂၀၂၄-ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)မှ ဦးဆောင်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင် များပါဝင်သော စစ်ဆေးရေးအဖွဲ့ဖြင့် ကသာမြို့ပေါ်တွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီအရောင်း ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့များသည် စက်သုံးဆီအရောင်းဆိုင် များ၏ ဆီရောင်းချမှုအခြေအနေများ၊ ဆီရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန် အခြေအနေ များအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မရှိစေရေး ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်များတွင် လိုအပ်သည့် မီးသတ်ဆေးဘူး များ ထပ်မံဖြည့်တင်းထားရှိရန် မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးက ပြည်ပဈေးကွက်ဝင် လယ်ယာ ထွက်ကုန်ပစ္စည်းများ

          စစ်ကိုင်းတိုင်းဒေသကြီးသည် တွင်းထွက်ရတနာမျိုးစုံနှင့် ပြည်တွင်းပြည်ပဈေးကွက်ဝင် လယ်ယာထွက်ကုန်ပစ္စည်းမျိုးစုံထွက်ရှိသော အဖိုးတန်မြေ ကြီးပိုင်ဆိုင်သော ဒေသကြီးဖြစ်ပါသည်။ တိုင်းဒေသကြီး၏ အနောက်ဖက်တွင် မြောက်မှတောင်သို့စီး ဆင်းသည့် ချင်းတွင်းမြစ်ရှိပြီး သယ်ယူပို့ ဆောင်ရေးနှင့် စိုက်ပျိုးရေးအတွက်အလွန်အရေးပါသော မြစ်တစ်စင်းဖြစ်ပါသည်။ မူးမြစ်သည် တိုင်းဒေသကြီး၏ အလယ်တည့်တည့်မှဖြတ်စီးဆင်းပြီး ရွှေဘိုပေါ်ဆန်းဆန်များ၏ ရေသောက်မြစ် ကြီးလည်းဖြစ်ပါသည်။ ဤဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယဆန်အိုးကြီးနှင့် ဒုတိယဆီအိုးကြီး ဟူ၍ ခေါ်ဝေါ်ခြင်းခံခဲ့ဘူးသည်။

           စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေ၊ ကြေးနီ၊ အဖိုးတန်ကျောက်မျက်များ၊ ကျောက်မီးသွေးနှင့် ပထမတန်းဝင်သစ်များထွက်ရှိပြီး နိုင်ငံကျော် ရွှေဘိုပေါ်ဆန်းဆန်များ၏ အောင်မြေလည်းဖြစ်ပေ သည်။ ထို့အပြင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ကုလားပဲ၊ မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ပဲကြီး၊ မြေထောက်ပဲ၊ ဂျုံ၊ ကြက်သွန်နီ၊ ငရုတ်၊ ခရမ်းချဉ်၊ တမူးနှင့်ကလေးမြို့နယ်များတွင် မျောက်ငို၊ စသည့်သီးနှံများ စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စက်မှုကုန် ကြမ်းများ အဖြစ် ကြံနှင့်ဝါများစိုက်ပျိုးလျက်ရှိကြပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းမှထွက်သော ဂျုံသည် နိုင်ငံတကာဈေးကွက်သို့ ထိုး ဖောက်နိုင်သည်အထိ ဖြစ်ထွန်းခဲ့သည်။ ကုလားပဲသည်လည်း တနိုင်ငံလုံးတွင် အထွက်ဆုံးနှင့် အကောင်းဆုံးအဖြစ်ထင်ရှားခဲ့သည်။  ထို့အပြင် ပဲကြီးသည်လည်း အခြားတိုင်းဒေသကြီး များက ပဲကြီးများထက် အရည်အသွေးပိုမြင့်မားကြောင်းသိရသည်။ မြေလတ်ဒေသ ပဲကြော်လုပ်ငန်းရှင်အ များစုက မုံရွာပဲကြီးကို ဝယ်ယူရကြောင်း သိရှိရသည်။

          ၂၀၂၃-၂၀၂၄ ခုနှစ်စိုက်ပျိုးရာသီထွက် သီးနှံများအနက် မြေပဲဆံ၊ နှမ်းနက်၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး၊ ကုလားပဲ၊ မြေထောက်ပဲနှင့် ပြောင်း သီးနှံများကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးရှိ ပြည်ပ တင်ပို့သူ(Exporter) များမှတဆင့် ပြည်ပသို့တင်ပို့ကြကြောင်းသိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေပဲအမျိုးမျိုးကို မိုးနှင့်ဆောင်း (၉၄၄၄၅၄)ဧကစိုက်ပျိုးခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စုစုပေါင်း(၃၀၉.၅၉၄)တန်၊ တန်ဖိုးအားဖြင့်-ကျပ်သန်းပေါင်း (၃၆၈၅.၅၀)ကို ပြည်ပသို့တင်ပို့နိုင်ရေး ရောင်းချနိုင်ခဲ့ ကြောင်းသိရပါသည်။

          နှမ်းသီးနှံ စိုက်ဧက(၉၇၅၃၁၅)ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်ဒီဇင်ဘလတွင်(၁၂၄၂.၃၄၂)တန်၊ တန်ဖိုးအားဖြင့်ကျပ်သန်းပေါင်း(၇၂၃၄.၅၀)ဖိုးအားပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ရောင်းချ နိုင်ခဲ့ကြောင်းသိရသည်။ ပဲစဉ်းငုံ စိုက်ဧက(၄၆၆၀၀၂)စိုက်ပျိုးရာမှ ပြည်ပသို့တင်ပို့ရန် (၂၅၄.၈၁၉)တန်၊ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း(၈၈၁.၄၀)ဖိုးကို ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။ ထို့အတူပဲတီစိမ်း စိုက်ဧက(၅၆၃၈၀၁)၊ ပြည်ပသို့တင်ပို့ရန်ရောင်းချနိုင်မှု (၃၈၂.၂၂၈)တန်၊ တန်ဖိုး ကျပ်သန်းပေါင်း(၁၁၁၁.၅၀)အားရောင်းချနိုင်ခဲ့ကြောင်းသိရသည်။ မတ်ပဲ စိုက်ဧက(၁၇၉၁၃၉)၊ ပြည် ပတင်ပို့ရန်(၁၂၇.၄၀၉)တန်နှင့် တန်ဖိုး- ကျပ်သန်း(၄၂၉.၀၀)အားရောင်းချခဲ့ကြောင်းသိရပါသည်။

          ပြည်တွင်းပြည်ပ ဝယ်လက်များနှစ်သက်သည့် ပဲကြီးသည်လည်း(၆၅၆၈၄)ဧကစိုက်ပျိုးပြီး၊ (၄၈၈.၄၁၆ ) တန် အား- ကျပ်သန်းပေါင်း(၁၄၁၉.၆၀)ဖြင့်ရောင်းချခဲ့ကြောင်းသိရပါသည်။ ကုလားပဲ စိုက်ဧက(၄၂၁၁၀၉)ဖြစ်ပြီးအထွက်များမှ(၁၄၆၅.၂၄၇)တန်အား ကျပ်သန်းပေါင်း(၄၅၈၆.၄၀) ပြည်ပ တင်ပို့နိုင်ရေး ရောင်းချခဲ့ကြောင်းသိရပါသည်။ မြေထောက်ပဲ စိုက်ဧက(၆၄၇၉၇)၊ ပြည်ပတင် ပို့ရန်ရောင်းချနိုင်မှု(၇၇.၂၂၀)တန်အား ကျပ်သန်းပေါင်း(၂၂၂.၃၀)ဖြင့် ရောင်းချခဲ့ကြောင်းသိရပါသည်။ ၎င်းနည်းတူ ပြောင်းစိုက်ပျိုးမှုတွင်လည်း (၁၉၀၀၆၅)ဧကဖြစ်ပြီး ပြည်ပဈေးကွက်သို့ တင်ပို့ရန် အတွက်(၁၄၅၉.၉၄၅)တန်ကို ကျပ်သန်းပေါင်း(၁၆၉၆.၅၀)ဖြင့် တင်ပို့ရောင်းချခဲ့ကြောင်း နှင့် စုစု ပေါင်း ဒီဇင်ဘာလတစ်လတည်း တင်ပို့ရောင်းချနိုင်ခဲ့သည် လယ်ယာထွက် ကုန်ပစ္စည်းများမှာ (၅၈၀၇.၂၂၁)တန်ရှိပြီး ကျပ်သန်းပေါင်း(၂၁၂၆၆.၇၀)ရှိကြောင်း သိရပါသည်။

          အထက်ဖော်ပြပါ ပြည်ပတင်ပို့မှုကိန်းဂဏန်းများသည် မုံရွာကုန်စည်ဒိုင်တစ်ခုတည်းမှ တင်ပို့နေခြင်းဖြစ်ပြီး ဒီဇင်ဘာလအတွင်း တင်ပို့မှုများဖြစ်ပါသည်။ အခြားခရိုင်များက ထွက်ပြီး ပြည်ပတင်ပို့ရန် ရောင်းချသည့် လယ်ယာထွက်ကုန်ပစ္စည်းများပါရှိခြင်းမရှိသေးပါ။ အကယ်၍ နယ် မြေလုံခြုံရေး ကောင်းမွန်ပြီး လွတ်လပ်စွာ ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက စစ်ကိုင်းတိုင်း ဒေသကြီးသည် ပြည်ပပို့ကုန်တင်ပို့နိုင်မှုအတွက် ထိပ်ဆုံးတိုင်းဒေသကြီး ဖြစ်လာနိုင်ဖွယ်ရာရှိပါ သည်။

          စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် ဘက်စုံကဏ္ဍစုံအတွက်အခရာဖြစ်သည်။ သို့အတွက် ကြောင့်ပို့ကုန်(၂)ဆတိုးမြှင့်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဝန်ထမ်းများက အားသွန်ခွန်စိုက် ကြိုးစားဖော်‌ဆောင်လျက်ရှိကြပါသည်။ ကုန်စည်ဒိုင်သို့နေ့စဉ် သွားရောက်သတင်း ယူခြင်း၊ တိုင်းဒေသကြီးအစိုးရသို့ တင်ပြခြင်းနှင့်လမ်းညွှန်မှုခံယူခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများအား တွေ့ဆုံ၍ လိုအပ်သည့် လုပ်ငန်းစဉ်များအား ဝန်ဆောင်မှုပေးခြင်း စသည့် ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း စဉ်များအား ဆောင်ရွက်လျက်ရှိကြပါသည်။

          ကုန်စည်စီးဆင်း မှုမှန်ကန်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ပြင်းပြင်းဖြင့်ဆောင်ရွက် ခြင်း၊ ဈေးကွက်ညွှန်ပြနိုင်ခြင်း စသည့်လုပ်ငန်းစဉ်များအား ယနေ့ စီးပွား‌ရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနများက အပူတပြင်းဆောင်ရွက်လျက်ရှိနေပါသည်။ အောက်ခြေ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လမ်းကြောင်းလေးများ ပြန်ပေါ်လာနေပြီဖြစ်ပြီး ကုန်စည်တင် ပို့ရောင်းချမှု မြန်ဆန်သွက်လက်လာသည်နှင့်အမျှ ဒေသတွင်းနယ်မြေလုံခြုံရေးလည်း ကောင်းလာ လိမ့်မည်ဟု ယုံကြည်မျှော်လင့်ရင်း ကြိုးစားဆောင်ရွက်လျက်ရှိကြပါကြောင်း ရေးသားတင်ပြ လိုက်ပါသည်။

DOCA(စစ်ကိုင်း)

ဆန်၊ ဆီ၊ ဘဲဥ၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များကို ကွင်းဆင်းစစ်ဆေးခြင်း

           (၂၄.၁၂.၂၀၂၄) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊  မြို့နယ်စည်ပင်သာယာဈေးများဌာနတို့ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် အခြေခံစားသောက်ကုန်များကို တန်ဖိုးသင့်တင့်စွာဖြင့် စားသုံးနိုင်ရေးအတွက်မြို့နယ်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချနေမှုရှိ/ မရှိအား ပူးပေါင်းကွင်းဆင်းဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းရှိ ဈေး (၂) ဈေးနှင့် ရက်ကွက် (၃) ခုရှိ အရောင်းဆိုင် (၉)ဆိုင်တို့ရှိ ဆန်၊ ဆီ၊ ဘဲဥ၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များကို တန်ဖိုးသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် သင့်တင့်မျှတစွာရောင်းချပေးနိုင်ရန် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက အသိပေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (လ/ထကြီးကြပ်ရေးမှူး)မှ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းမြှင့်တင်ရောင်းချနေသည်ကိုတွေ့ရှိပါက  စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆေးနှင့် ဆေးပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ စားသုံး သူရေး ရာဦးစီးဌာန နှင့်အတူ (၂၃.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးဆိုင် (၁၀)ဆိုင်တွင် ရောင်းချနေသော ဆေးဝါးများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီအဖွဲ့၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး ဦးစီးအရာရှိတို့သည် မအူပင်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း အမျိုးမျိုး အရောင်းဆိုင်များသို့သွားရောက်၍ ရောင်းချနေသောဆေးများတွင်  စံမညီဆေး ဝါးများ၊ ရောင်းချခြင်း ရှိ/မရှိ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်အမှတ် ပါဝင်မှု ရှိ/မရှိ၊ ဆေးအမျိုးမျိုး အရောင်းဆိုင်များတွင် ဆေးဝါးရောင်းချခွင့် လိုင်စင်များကို စစ်ဆေးခြင်းနှင့် တရားမဝင် တင်သွင်းဆေးဝါးများ ဆိုင်တွင် ရောင်းချခြင်း ရှိ/မရှိကို  စစ်ဆေးခြင်းနှင့် ဆေးပစ္စည်းကိရိယာ များတွင် ကုန်အညွှန်းအမှတ်အသား အဖြစ်မနေဖော်ပြပါဝင် သင့်သည့်အချက် အလက် များ ပါဝင်မှုရှိ/မရှိကိုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ် ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော ဆေးဝါးနှင့် ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန် အသိပညာပေးခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြကြောင်း နှင့် မအူပင်မြို့နယ်အတွင်း ရောင်းချသော ဆေးများတွင် သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ကိုစစ် ဆေးတွေ့ရှိရသည်။ ဆေးရောင်းချသည့် ဆိုင်ရှင်များလည်း တရားမဝင် ဆေးဝါးများ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ မပြုလုပ် ရန် အသိပညာပေး ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် သို့ စားအုန်းဆီကား ရောက်ရှိမှု အား ကွင်းဆင်းစစ်ဆေး ကြပ်မတ်လျက်ရှိ

         စားသုံးသူရေးရာဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်း သည်၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ  ၂၃ ရက် နံနက်(၀၇:၃၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဆီကိုယ်စားလှယ် သည် ရန်ကုန်မြို့ ရှိစားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ တစ်နေ့ ပျမ်းမျှ (၂၈)ပေပါ(သို့)ပိဿာ ၃၀၈၀၊ တန်အားဖြင့် ၅တန် ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ ဓနူဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက စားအုန်းဆီခွဲတမ်းရရှိမှုနှင့် ဆီပေပါထုတ်ယူမှုကို ကွင်းဆင်း ကြပ်မတ်စစ်ဆေးလျက်ရှိပြီး ဓနုဖြူမြို့နယ်သို့ သတ်မှတ် စားအုန်းဆီတင်ဆောင်လာသောကားသည်  အချိန်နှင့် တပြေးညီ ပုံမှန် နေစဉ်ရောက်ရှိလာပြီး တပါတ်ကို ၆ရက် ဆီထုတ်ယူရပြီး ဒီဇင်ဘာလအတွင်း ယနေ့ ၂၄ကြိမ် ထုတ်ယူနိုင်ပြီး ၁ကြိမ်လျှင် ပျမ်းမျှ ၂၈ ပေပါ ခန့် ခွဲတမ်းရှိကြောင်း နှင့် ဓနုဖြူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကား ဆိုင်များသို့ ခွဲဝေရောင်းချပေးသွားဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေး ဈေးနှုနး်ဖော်ပြပြီး ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ(ABO)အစီအစဉ်

အခွင့်ရ စီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (ABO) ဆိုသည်မှာ Amway Business Owner ကိုပြောကြားခြင်းဖြစ်သည်။ Amway သည်နိုင်ငံတကာတွင် လက်လီလက်ကား ရောင်းချခြင်း၊ သဘာဝအခြေခံကျန်းမာရေးနှင့် အလှအပထုတ်ကုန်များကိုရောင်းချရာတွင် ထိပ်တန်းစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ABO ဆိုသည်မှာ Amway ၏ အရောင်းလုပ်ငန်းကို တရားဝင်စတင် ထားသော အချင်းချင်းလုပ်ငန်းရှင်များကို ဆိုလိုသည်။

ABO ဆိုင်ရာလုပ်ထုံးလုပ်နည်းပါ       စံသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာကွင်းဆက်တွင် ဆောင်ရွက်နေသည့် အကောက်ခွန်ဦးစီးဌာနမှ တရားဝင် အသိအမှတ်ပြုထားသော ကုမ္ပဏီ (သို့) အဖွဲ့အစည်းကို ဆိုလိုပါသည်။ မြန်မာနိုင်ငံတွင် ABO အစီအစဉ်ကို ၂၀၁၅ ခုနှစ်လောက်တွင် စတင်ခဲ့ပြီး လက်ရှိ ABO အသိအမှတ်ပြုလက်မှတ်ရရှိ သည့် ကုမ္ပဏီတစ်ခုသာရှိသေးကြောင်းသိရှိရပါသည်။ ABO အစီအစဉ်မှာ ကုန်တင်ပို့တင်သူ များ ၊ ကုန်တင်သွင်းသူများ လျှောက်ထားနိုင်ပြီး Level နှစ်မျိုးခွဲခြားထားကာ အကောက်ခွန် နှင့် ဆက်စပ်ဥပဒေများကို ABO Level-one အဖြစ်သတ်မှတ်၍ International Trade Supply Chain Security ပိုင်းဆိုင်ရာ အစီအမံတွေပါ ကောင်းမွန်တဲ့ ကုမ္ပဏီ/အဖွဲ့အစည်းတွေတော့ ABO Level– two အဖြစ် သတ်မှတ်ထားကြောင်းသိရပါသည်။ ABO ဖြစ်နိုင်တဲ့ အဖွဲ့အစည်း တွေကတော့ ကုန်တင်ပို့တင်သူ ၊ တင်သွင်းသူများ ၊ အကောက်ခွန်နှင့် ကုန်စည်ဝန်ဆောင်မှု ပြုလုပ်သူများနှင့် သိုလှောင်ဖြန့်ဖြူးသူများလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ABO အသိ  အမှတ်ပြုခြင်းခံရသည့် ကုမ္ပဏီ /အဖွဲ့အစည်းများအနေဖြင့် အကောက်ခွန်ကြေငြာလွှာများကို ဦးစားပေးအဆင့်အနေဖြင့် သတ်မှတ်ဆောင်ရွက်ခွင့်ရရှိခြင်း၊ ကုန်ပစ္စည်းမရောက်မီ သွင်းကုန်/ ထုတ်ကုန်ကြေငြာလွှာများကို ကြိုတင်တင်သွင်းခွင့်ရရှိခြင်းမည်ဖြစ်ကြောင်း သိရှိ ရပါသည်။ လျှောက်ထားရာမှာ သတ်မှတ်ထုတ်ပြန်ထားသည့် လုပ်ငန်းစဉ်များနှင့်အညီ စံသတ်မှတ်ချက်များ နှင့် ကိုက်ညီရမည်ဖြစ်ပြီး လျှောက်ထားမည်ဆိုပါက လျှောက်လွှာပုံစံများကို အကောက်ခွန် ဦးစီးဌာန လမ်း ၅၁ နှင့် မဟာဗန္ဓုလလမ်းထောင့် ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ရှိ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဌာနခွဲ ABO ဌာနတွင် ထုတ်ယူ  လျှောက်ထား နိုင်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရောနှောဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

၂၃.၁၂.၂၀၂၄ ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်မှစ၍ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ခရိုင်အတွင်းရှိ ဈေးများသို့ ရောနှောဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ထန်းတပင်မြို့နယ်-မြို့မဈေး၊ မင်္ဂလာဒုံမြို့နယ်-မင်္ဂလာဒုံ ဈေးနှင့် ရွှေပြည်သာမြို့နယ် ပတ္တမြားဈေးတို့မှ ဈေးတာဝန်ခံများ ပူးပေါင်းပါဝင်လျက် ဈေးကွက်အတွင်း ရောင်းချနေသော ရောနှောဆီများဖြစ်သော ဖြိုးမောက်၊ ရွှေနန်းထိုက်၊ ကောင်းမှကောင်းနှင့် လာဘ်ရွှင်အမှတ်တံဆိပ်များတွင် ဆီအမျိုးအစား(ပါဝင်ပစ္စည်းနှင့် အမျိုးအစား)၊ အရွယ်အစား (ပိဿာ/ကျပ်/Litre)၊ FDA ထောက်ခံချက်များရှိပြီး FDA ထောက်ခံချက်အမှတ်၊ ရက်စွဲများလည်းပါဝင်ပြီး အမိန့်အမှတ်(၂/၂၀၂၄)ပါ သတ်မှတ်ချက် များနှင့် ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး ရောင်းချသူ များကိုလည်း စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

ပို့ကုန်အရည်အသွေးမြှင့်တင်ရေးရန်ကုန်တိုင်းဒေသကြီးတွင်(GAP-GHP)သင်တန်းပေး

            အရည်အသွေးမီပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ၂၀၂၄-၂၀၂၅ ရာသီ ပဲတီစိမ်းစိုက် တောင်သူများအား (GAP-GHP) နည်းစဉ်များအတိုင်း စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူပညာပေး သင်တန်းများကို ဒီဇင်ဘာလဒုတိယပတ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သန်လျင်မြို့နယ်နှင့် သုံးခွမြို့နယ် တို့တွင် ၃ရက်ကြာ သင်တန်းကျင်းပခဲ့သည်။ ထိုသင်တန်းများကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်း၊ အမှုထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပံ့ပိုးကူညီပေးသော ကုမ္မဏီများမှ တာဝန်ရှိသူများနှင့် တောင်သူများ စုစုပေါင်း ၅၂၃ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်‌ဖောက်ရန် အတွက် မြန်မာ့ပဲတီစိမ်းများ တင်ပို့ရာတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ပဲရာသီအဆိုပြုထားရှိသည့် ကုမ္မဏီများနှင့် ညှိနှိုင်းဆွေးနွေးခဲ့မှုအရ ကောင်းမွန်သောစိုက်ပျိုးရေးစနစ် (GAP)၊ ကျန်းမာရေး နှင့်အညီ သန့်ရှင်းသော စိုက်ပျိုးထုတ်လုပ်မှုစနစ်(GHP)နှင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အဆိုပြုရွေးချယ်ထားသည့် ပဲတီစိမ်းစိုက်ကွင်းများအလိုက် ရွေးချယ်ထားသော တောင်သူများအား သင်တန်းပို့ချခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ၂၀၂၄-၂၀၂၅ ရာသီအတွက် ရန်ကုန်တိုင်းဒေသကြီး (သန်လျင်၊ ခရမ်း၊ ကျောက်တန်းနှင့်သုံးခွမြို့နယ်)တို့တွင် ပဲတီစိမ်းဧကစုစုပေါင်း ၃၇၂၄၇၂ ဧက စိုက်ပျိုးရန်လျာထားပြီး စိုက်ဧကစုစုပေါင်း ၃၄၈၈၈၆   ဧက ရှိကြောင်းသိရပါသည်။ ၂၆-၁၂-၂၀၂၄ ရက်နေ့စာရင်းအရ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ဝင်ရောက်လာသည့် ပဲတီစိမ်းအမျိုးအစား အလိုက် ဈေးနှုန်းများမှာ ပဲတီစိမ်းအညာ တစ်ပိဿာလျှင်(၄၉၁၅)ကျပ်မှ (၄၉၃၅)ကျပ်ထိ ၊ ပဲတီစိမ်းခရမ်းရွှေဝါ(ထိပ်စ) တစ်ပိဿာလျှင်(၅၅၈၀)ကျပ်၊ ပဲတီစိမ်းပဲခူးရွှေဝါ တစ်ပိဿာလျှင် (၅၂၅၀)ကျပ်၊ ပဲတီစိမ်းဝါးခယ်မ FAQ တစ်ပိဿာလျှင် (၄၆၆၅)ကျပ်မှ (၄၆၈၅)ကျပ်ထိနှင့် ပဲတီစိမ်းဝါးခယ်မ SQ တစ်ပိသာ လျှင်(၆၄၁၅)ကျပ် မှ (၆၄၃၅)ကျပ်ထိ တို့ဖြစ်ကြောင်း သိရသည်။ ပဲတီစိမ်းများကို ပြည်ပသို့ တင်ပို့ပါက ဥရောပသမဂ္ဂရှိ အင်္ဂလန်နှင့် နယ်သာလန် နိုင်ငံများသို့ အဓိကတင်ပို့ရကြောင်း သိရသည်။ ကောင်းမွန်သောစိုက်ပျိုးရေးစနစ်များဖြင့် စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများအား ကြိုတင်အသိပညာပေးရန်၊ စုဆောင်းသူ ဝယ်ယူသူ များကိုလည်း သိုလှောင်မှု၊ ပို့ဆောင်မှုတို့အား မှတ်တမ်းထားရှိစေရန်နှင့် လုပ်ငန်းဆောင်ရွက်သည့် စက်ရုံများကိုလည်း ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်ရှိစေရန် စားသုံးသူ ရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သက်ဆိုင်ရာကုမ္မဏီများ၏ ကူညီပံပိုးမှုဖြင့် အသိပညာပေးဆောင်ရွက်လျှက်ရှိသောကြောင့်  စနစ်တကျ စိုက်ပျိုး ထုတ်လုပ်ပါက တောင်သူ၊ အဝယ်တော်၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ