သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေတာရှည်မြို့နယ်တွင် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းနှင့်ပက်သက်သည့်အကြောင်းအရာများအား အသိပညာပေးခြင်း Talk Show ကျင်းပပြုလုပ်

                 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရေတာရှည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းနှင့် ပက်သက်သည့်အသိပညာပေးခြင်း Talk Show ကို (၁၀.၇.၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ တွင်ပြုလုပ်ခဲ့ပါသည်။
               အဆိုပါ Talk Show ဆွေးနွေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ပပလင်းက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီး ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားကြောင်း၊ အွန်လိုင်း စနစ်ဖြင့် ဈေးများရောင်းချခြင်းသည် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ www.ecomreg.gov.mm သို့ဝင်ပြီး မှတ်ပုံတင် ထားရှိရန် လိုအပ် ကြောင်း၊ မှတ်ပုံတင်ထားသောလုပ်ငန်းရှင်များအနေဖြင့် လိပ်စာ၊ ဖုန်းနံပါတ်များကို အတိအကျ တင်ပြထားရခြင်း ဖြစ်သည့်အတွက် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့လျှင် ဖြေရှင်းဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများ အနေဖြင့် ကုန်ပစ္စည်းများဝယ်ယူလျှင်  မှတ်ပုံတင်လက်မှတ်ရရှိ ထားခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါရှိမှုရှိ/မရှိ သေချာ လေ့လာပြီးမှသာ ထောက်ခံချက်များပါရှိသည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်နေရာများ၌သာဆက်သွယ်မှာ ယူဝယ်သင့်ကြောင်းနှင့် ဝယ်ယူသုံးစွဲသည့်အခါနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါက စားသုံးသူရေးရာ ဦးစီးဌာန၏ Website ဖြစ်သည့် www.doca.gov.mm တွင် တိုင်ကြားရမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်နှင့်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတို့က မေးမြန်းဆွေးနွေး ခြင်း၊ ဖြေကြားခြင်း၊ အသိပေးခြင်းများကို  ဆောင်ရွက်ခဲ့ပါသည်။
            ရေတာရှည်မြို့နယ်အတွင်းနှင့် ပြည်သူများအသိပညာရရှိရေးအတွက် အွန်လိုင်းမှတဆင့်သိရှိ စေရန်ရည်ရွယ်၍ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်းကို  Talk Show များပြုလုပ်ကျင်းပ ခဲ့ပါသည်။
DOCA(ပဲခူး)
 

“အမှတ်တံဆိပ် ပြည်တွင်းထုတ်ရောနှောဆီများ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး”

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးကြီးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ ဇူလိုင်လ(၁၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အမှတ်တံဆိပ်ပြည် တွင်းထုတ်ရောနှောဆီများ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးအေးသွင်နှင့်ဝန်ထမ်းများ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးကြီးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များရှိ အမှတ်တံဆိပ်ပြည်တွင်းထုတ် ရောနှောဆီအမျိုး အစားအမျိုးမျိုးတို့တွင် သက်ဆိုင်ရာဌာနများမှ ဖော်ပြပါရှိရန် ညွှန်ကြားထားသောအချက်များ၊ ခွင့်ပြုချက်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့် အညီ စားသုံးဆီ၏ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြရမည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil Cooking Oil)များအား ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အပြည့်အဝ ရာနှုန်းပြည့်မီအောင် လိုက်နာဆောင်ရွက်သွားစေရန် ရည်ရွယ်ပြီး ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အမှတ်တံဆိပ်ပြည်တွင်းထုတ်ရောနှောဆီများ ဝယ်ယူဖြန့်ဖြူးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော စားသုံးဆီအမျိုးမျိုးတို့ကိုသာ ဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၀-၇-၂၀၂၆) ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် မိုးညှင်းမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ စားသုံးသူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေး များအကြောင်း၊ ဥပဒေ အခန်း(၉)၊ပုဒ်မ(၂၀)ပါ  စားသုံသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထား သည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာ စေရန်ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်း တို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော  စားသုံးသူများအား Consumer Call Center 1535သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများ‌အကြောင်း၊ AIနည်းပညာနှင့် စိန်ခေါ်မှုများအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် သတိထားဝယ်ယူသင့်သည့်  အချက်များ အကြောင်း၊ Digitalငွေကြေးဝန်ဆောင်မှု ရယူအသုံးပြုရာတွင် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ  အချက်များကို  လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဆောင်ရန်၊ရှောင်ရန်များအကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကချင်)

 

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေးဟောပြော

    ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍  အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင် ဦးစီးမှူးရုံး မှ ဦးဝင်းသိန်းဦး(ခရိုင်တာဝန်ခံ)နှင့် ဝန်ထမ်းများသည် ၁၇-၇-၂၀၂၆ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါ ရပ်ကွက်ရှိ စားသုံးသူပြည်သူ (၂၁)ဦးနှင့်တွေ့ဆုံ၍  အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။

            ထိုသို့ အသိပညာပေးဟောပြောရာတွင် ဦးဝင်းသိန်းဦး(ခရိုင်တာဝန်ခံ)က စားသုံးသူကာကွယ်ရေး  ဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊ မရိုးဖြောင့်သောတရားမဝင် အွန်လိုင်းများ၏ လိမ်လည်မှုပုံစံအမျိုးမျိုး၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ၊ မှတ်ပုံတင်ထားသော အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းနှင့် ရရှိလာမည့်အကျိုး ရလဒ်များ‌၊ စားသုံးသူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူရာ၌ နစ်နာဆုံးရှုူံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားမှုများအပေါ် ဖြေရှင်းသည့်နည်းလမ်းများ၊ နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးမည့် အခြေအနေအကြောင်း တို့အား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့သည် ၂၀-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်ဈေးရှိ လက်လီ ရောင်းချလျက်ရှိသော ဒေါ်ဂျာဆိုင်(ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “CODE” အမှတ်တံဆိပ်ပါ စပါကလင်ကော်ဖီအရသာ အားဖြည့်အချိုရည် (အသင့်သောက်အချိုရည်အမျိုးမျိုး)တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်(၇)ချက်အနက် အစားအသောက်များကုန်စည်အုပ်စုရှိ အသင့် သောက်အချိုရည်အမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထား ကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်သောကုန်စည်ဖြစ်၍ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ ပြည်စုံ စွာပါရှိကြောင်းနှင့် သက်ဆိုင်ရာ အစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် နှင့် ဆင်တူရိုးမှားအတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဖြူးမြို့နယ်၊ ကညွှတ်ကွင်းအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

  တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ၊ ကျောင်းသူများအား သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို(၉-၇-၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ယင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ဖြူးမြို့နယ် တာဝန်ခံ ဒေါ်သန္တာစိုး၊ ဒု-ဦးစီးမှူးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများ နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြား နိုင်ခြင်း၊ ကုန်စည်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်သင့်ကြောင်း သတိပြုရမည့် အချက် များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ၊ ဒေါ်အိမာဟိန်းက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊လူငယ်နှင့်ကျန်းမာရေး လူငယ်နှင့် ဘဝအကြောင်း၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့်ပညာရေးခေါင်းစဉ် အသီးသီးဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြော ပွဲသို့ကျောင်းသား/ကျောင်းသူ(၁၇၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများအား မေးခွန်း များ မေးမြန်းခဲ့ပြီး ကျောင်းသုံးပစ္စည်းများဆုချီးမြှင့်ပေးခဲ့ပါသည်။

DOCA(ပဲခူး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၁၇-၇-၂၀၂၆ ရက်နေ့တွင် စည်ပင်သာဈေး(၁)ရှိ ဒေါ်နိုင်နိုင်ဆွေ (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “MAMEE” အမှတ်တံဆိပ်ပါ ကြက်သားအရသာ ဆီချက်ခေါက်ဆွဲ(အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုး)တွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်(၇)ချက်အနက် အစားအသောက်များကုန်စည်အုပ်စုရှိ အသင့်စား ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ် သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်ဖြစ်၍ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့်လိပ်စာ ပြည့်စုံစွာပါရှိကြောင်းနှင့် သက်ဆိုင်ရာ အစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များ ဖော်ပြထားကြောင်း စစ်ဆေး တွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု မရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

တောင်ငူမြို့နယ်အတွင်းရှိ ဆန်စက်များ၊ သိုလှောင်ရုံကြီးများနှင့် ဆန်ပွဲရုံများအား ကွင်းဆင်းစစ်ဆေး

                 မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲများ စိုက်ပျိုးပြီး ပြည်တွင်းသုံးစွဲ၍ပိုလျှံသည့် ကုန်ပစ္စည်းများအားပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေများစွာ ရရှိပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမှုအများဆုံးမှာစပါးဖြစ်ပြီး ပြည်တွင်း စားသုံးရန်သာမက ပြည်ပသို့လည်းတင်ပို့ကြသဖြင့် တောင်သူလယ်သမားများ ဝင်ငွေတိုးလျှက်ရှိ ကြပါသည်။

          မြန်မာလူမျိုးတို့သည် ဆန်ကိုအဓိကအစားအစာအဖြစ်စားသုံးကြပြီး နေ့စဉ်လိုအပ်ချက် ဖြစ်သည့်အတွက် ဆန်ဈေးကြီးမြင့်လျှင်ပြည်သူများ အခက်တွေ့နိုင်သည့်အတွက် ဆန်စက်များ၊ သိုလှောင်ရုံကြီးများ၊ ဆန်ပွဲရုံများမှ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် အလို့ငှာ သိုလှောင်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးလျှက်ရှိပါသည်။ (၉.၇.၂၀၂၆) ရက်နေ့တွင် တောင်ငူမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ တောင်ငူမြို့နယ်အတွင်းရှိ ရွှေအိုးဆန်စက်၊ ကောင်းပြည့်ဆန်စက်နှင့် လမင်းဆန်ပွဲရုံ၊ ချမ်းသာဆန်ပွဲရုံ၊ ရွှေယုဇနဆန်ပွဲရုံနှင့် စားလို့ကောင်းဆန်ပွဲရုံ များသို့သွားရောက်၍  ဆန်ဈေးနှုန်း၊ စပါးဈေးနှုန်း၊ ဆန်လတ်နှင့် ဆန်ကွဲဈေးနှုန်းများ မေးမြန်းပြုစုပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်း မြှင့်တင် ရောင်းချရန်အလို့ငှာ သိုလှောင်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အသိပညာပေးဟောပြောခြင်း

    စားသုံးသူစွမ်းဆောင်နိုင်မှုကို မြှင့်တင်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတပြည့်ဝသော စားသုံးသူများ ပြုစုပျိုးထောင်ပေးရန်နှင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး ၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေး မြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇေယျာအောင် (လက်ထောက် ညွှန်ကြားရေးမှူး)သည် ၁၆-၇-၂၀၂၆ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မနောရွှေပြည်ခန်းမ တွင်ကျင်းပပြုလုပ်သည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် မြစ်ကြီးနားမြို့နယ်ရှိ ရပ်ကွက်/‌ ကျေးရွာအုပ်ချုပ် ရေးမှူး (၄၀)ဦး အား အသိပညာပေးဟောပြောခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောခဲ့ရာတွင်‌ စားသုံသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းမှုအခြေအနေ၊  စားသုံးသူကာကွယ်ရေး၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်အကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခြင်းခံရပါက ကုစားခွင့် ရရှိနိုင်ရေးဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များအကြောင်း၊ ဥပဒေပါတားမြစ်ချက်၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ အွန်လိုင်း‌‌ရောင်းချခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အွန်လိုင်းမှ ဝယ်ယူသုံးစွဲရာတွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိ စိစစ်ရွေးချယ်ရန်အချက်များအကြောင်း၊ ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များအား (My RO)တွင် မှတ်ပုံတင် လျှောက်ထားရာ၌ လိုအပ်သောအချက်များအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ကချင်)

 

လှည်းကူမြို့နယ်၊ အ.မ.က၊ ပေါက်ကုန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

        ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် (၉.၇.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ အ.မ.က၊ ပေါက်ကုန်းကျောင်းတွင် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ် ဝယ်ယူစားသုံးနိုင်ရန်အတွက်ရည်ရွယ်၍ စားသုံးသူအသိ ပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူးမြို့နယ်တာဝန်ခံ ဦးထွန်းထွန်းဦးမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူတိုင်းရရှိရမည့် အခွင့်အရေးနှင့် စားသုံးသူများမှလိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူ၏ အဓိပ္ပာယ်ကိုသိရှိနိုင်ရန် ရှင်းလင်းပြောကြားခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် နစ်နာရှုံးဆုံးမှုများမရှိစေရန်အတွက် သတိပြုဆောင်ရွက် ရမည့်အချက်များ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူရန်နှင့် နစ်နာရှုံးဆုံးမှုများ ဖြစ်ပေါ်လာပါက အလွယ်တကူ တိုင်ကြားနိုင်သည့် နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဆရာ၊ ဆရာမ (၅) ဦးနှင့် ကျောင်သား၊ ကျောင်းသူ (၂၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ