သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာစည်မြို့နယ်၊ကုက္ကိုလ်ပေါက်ကျေးရွာတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်း

မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်သာစည်မြို့နယ်၊ ကုက္ကိုလ်ပေါက်ကျေးရွာတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက်(၁၀၀၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် တာဝန်ခံဒေါ်ဖြူဖြူထွန်းမှ စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့််တာဝန််များအကြောင်း၊ စားသုံးသူအခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့်ဆွေးနွေး ခဲ့ပါသည်။ လုပ်ငန်းရှင်များ အနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင် ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာနေပြည်သူ စုစုပေါင်း ( ၄၇ ) ဦးတက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင် များလည်းဖြန့်ဝေခဲ့ပြီး ဟောပြော ပွဲကိုနံနက်(၁၁၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

ပျော်ဘွယ်မြို့နယ်၏ (ရွှေမဲ) ခေါ် ဆံပင်သန့်စင်ခြင်းလုပ်ငန်းအကြောင်း

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ဆံပင်သန့်စင်ခြင်းလုပ်ငန်း ကို တွင်ကျယ်စွာလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ ရန်ကုန်-မန္တလေးကားလမ်းတစ်လျှောက် တွင် ဆံပင်ရောင်းဝယ်ရေးဆိုသည့် ဆိုင်းဘုတ်များမှာ လက်ညှိုးထိုး၍ မလွဲအောင်ပေါများလှပါသည်။ ဆံပင်လုပ်ငန်းကို ၁၉၉၇ ခုနှစ် ဝန်းကျင်ကတည်းက ပျော်ဘွယ်၊ သာစည်၊ မိတ္ထီလာနယ်တစ်ဝိုက်တွင် စတင်လုပ်ကိုင်ခဲ့ကြသည်ဟု ဒေသခံများမှ ပြောဆိုကြပါသည်။ ၎င်းအချိန်က လုပ်ငန်းမှာဖွံ့ဖြိုုး မလာသေးပဲ ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက်ပုံစံမျိုးရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်လောက်မှ စတင်၍ ဆံပင်ပွဲရုံများ၊ ဆံပင်ရောင်းဝယ်ရေးဒိုင်များပေါ်ပေါက်လာပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ယနေ့ထိပင် ဖြစ်သည်။ ယခုအချိန်တွင် ဆံပင်လုပ်ငန်းကို ပျော်ဘွယ်မြို့နယ်အပြင် ရမည်းသင်း ၊ မိတ္ထီလာ၊ သာစည်မြို့နယ်များအထိပါတွင်ကျယ်စွာ စီးပွားဖြစ်လုပ်ငန်းအဖြစ် ကူးစက်လုပ်ကိုင်လာကြသည်။ လုပ်ငန်းရှင်များက ဆံပင်ကိုရွှေမဲဟု တင်စားခေါ်ဝေါ်ကြပြီး ပျော်ဘွယ်မြို့နယ်မှ လုပ်ငန်းရှင်များဆို လျှင် ဆံပင်လုပ်ငန်းနှင့်ပျော်ဘွယ်ခွဲခြား၍မရ၊ ဆံပင်မြို့အဖြစ်ပါ ဂုဏ်ယူစွာခေါ်ဆိုနေကြသည် ဖြစ်သည်။

လုပ်ငန်းရှင်များအနေဖြင့် ဆံပင်ကုန်ကြမ်းများကို မြန်မာနိုင်ငံဆံပင် အသင်းနှင့်ချိတ်ဆက်၍ အိန္ဒိယ၊ ပါက္စတန်၊ ဘင်္ဂလားဒေ့ရှိ နိုင်ငံတို့မှ လေကြောင်းဖြင့် မှာယူတင်သွင်းကြပြီး မြို့နယ်များ အတွင်းရှိ ဆံပင်လုပ်ငန်းလုပ်ကိုင်သူများထံ အဆင့်ဆင့်ရောင်းချ၍ ကျေးရွာများအထိပါ တစ်နယ်လုံး နီးပါး လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။

          ပျော်ဘွယ်မြို့နယ်သည် ယခင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြစ်သာ အများဆုံးစီးပွားရေးလုပ်ကိုင်ကြပြီး ယခုအခါတွင် ဆံပင်သန့်စင်ခြင်းလုပ်ငန်းကိုပါ တွဲဘက်လုပ်ကိုင် လာကြသည်ကို တွေ့ရသည်။ ဆံပင်သန့်စင်ရာတွင် အထွေးလိုက်ဖြစ်နေသည့် ကုန်ကြမ်းဆံပင်များ ကို ဒေသအခေါ်အဝေါ် ပေါင်းဆေး၊ ချွတ်ဆေးများနှင့် (၄၅) မိနစ်မှ (၁) နာရီခန့်အကြာ စိမ်ထားပြီး (၁) ဆံပင်ရှင်းခြင်း၊ (၂) ခုံဆွဲခြင်း၊ (၃) အတိုအရှည်ရွေးထုတ်ခြင်း၊ (၄) ခေါင်းညှိခြင်း၊ (၅) ခုံအချောဆွဲခြင်းဖြင့် အဆင့်ဆင့်ဆောင်ရွက်ပြီးမှ ကုန်ချောထွက်ရှိလာပါသည်။ ဆံပင်ရှင်းရာတွင် အပ်များကို အသုံးပြု၍ ပထမဦးစွာ တစ်မှင်ခြင်းစီဆွဲထုတ်၍ ဆံပင်ဖွရပါသည်။ ထို့နောက် ရရှိလာ သော ဆံပင်အပွများကို သံချောင်းအပ်များကို အသုံးပြု၍ ခေါင်ဖြီးသည့် ဘီးကဲ့သို့ဖြစ်အောင်ထောင်၍ ပြုလုပ်ထားသည့် “ခုံ” ဟုခေါ်သော စင်ပေါ်တွင်ခုံဆွဲခြင်းလုပ်ငန်းကို ပြုလုပ်ရသည်။ ခုံဆွဲ၍ရသော အတိုအရှည်မညီဖြစ်နေသော ဆံပင်များကို (၁၀) လက်မမှစ၍ (၃၀) လက်ခအထိ (၂) လက်မစီခြား ၍အတိုအရှည်ရွေးထုတ်ရပါသည်။ ရွေးထုတ်၍ ရရှိလာသော ဆံပင်များကို  အရွယ်အစားအလိုက် ညီညာအောင် ခေါင်းညှိခြင်းပြုလုပ်ရပါသည်။ ခေါင်းညှိပြီးဆံပင်စည်းများကို နောက်ဆုံးအဆင့် ခုံအချောဆွဲခြင်းပြုလုပ်ပြီးလျှင် ဆံပင်သန့်စင်ခြင်း လုပ်ဆောင်မှုပြီးဆုံး၍ ကုန်ချောအဖြစ်ရရှိ ကြောင်း သိရှိရပါသည်။

ကုန်ကြမ်း (ဆံပင်အထွေး) တစ်ပိဿာလျှင် ဒေသပေါက်ဈေး ငါးသိန်းမှ ခုနှစ်သိန်းအထိ အရည်အသွေးအမျိုးအစားပေါ်မူတည်၍ဝယ်ယူရကြောင်း၊ သန့်စင်ပြီးကုန်ချောဆံပင်များကို ကုန်ကြမ်း ဝယ်ယူခဲ့သည့် ဆံပင်ဒိုင်များထံတွင် ပြန်လည်ရောင်းချကြကြောင်း၊ (၂၆) လက်မမှ (၃၀) လက်မအထိရှိသော ဆံပင် တစ်ပိဿာလျှင် (၄၀) သိန်းကျပ်မှ (၅၀) သိန်းအထိ ရောင်းတန်းဝင် အတိုဆုံး (၁၀) လက်မဆိုဒ် တစ်ပိဿာလျှင် (၂) သိန်းကျပ်မှစ၍ လက်မအတိုအရှည်ပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုး ပြောင်းလဲရရှိကြောင်း သိရှိရပါသည်။

အကျိုးအမြတ်အနေဖြင့် ကုန်ကြမ်း တစ်ပိဿာရှင်းလျှင် ပျမ်းမျှအမြတ် (၅) သိန်းအထိ ရရှိကြပြီး၊ ဆံပင်အရှည်ထွက်ရှိမှုပေါ်မူတည်၍ အကျိုးအမြတ်ရရှိကြပြီး ဆံပင်ကောင်းလျှင်ကောင်း သလိုအကျိုးအမြတ်များ ပိုမို၍ ရရှိကြကြောင်း ဒေသခံဆံပင်ရုံများထံမှသိရှိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ဆံပင်သန့်စင်ခြင်းလုပ်ငန်းကို မြို့နယ်အနှံ့အပြားလုပ်ကိုင်ကြပြီး ဆံပင် ရုံကြီးတစ်ရုံတွင် လုပ်သား (၅၀) မှ (၃၀၀) အထိ လုပ်ကိုင်ဆောင်ရွက်နေကြသည်

ထွက်ရှိလာသော သန့်စင်ပြီး (ကုန်ချော) ဆံပင်စည်းများကို ကုန်ကြမ်းဝယ်ယူခဲ့သည့် ဆံပင်ရောင်းဝယ်‌ရေး ဒိုင်များသို့ ရောင်းချကြသည်။ ထိုမှတဆင့် ရန်ကုန်ဆံပင်အသင်းနှင့်ချိတ်ဆက် ၍ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

ပျော်ဘွယ်မြို့နယ်တွင် ဆံပင်သန့်စင်ခြင်းလုပ်ငန်းကို မြို့နယ်အနှံ့အပြား လုပ်ကိုင်ကြပြီး ကျီနီ ကျေးရွာတွင် တစ်ရွာလုံးဆံပင်လုပ်ငန်းကို လုပ်ကိုင်လျှက်ရှိသည်ကို တွေ့ရသည်။ ဆံပင်ရုံ တစ်ရုံတွင် လုပ်သား (၅၀) ဦးမှ (၃၀၀) ဦးအထိရှိပြီး လုပ်သားခများသည် လုပ်သားတစ်ဦးလျှင်(၁၀၀၀၀) ကျပ်မှ (၃၅၀၀၀) အထိ ကျွမ်းကျင်မှုပေါ်မူတည်၍ ရရှိကြသည်ဖြစ်သည်။ ဆံပင်သန့်စင်ခြင်းလုပ်ငန်းသည် အကျိုးအမြတ် များစွာရရှိခြင်း၊ ဒေသတွင်ရှိပြည်သူများ၏ အလုပ်လက်မဲ့ပြဿနာများကို ဖြေရှင်းပေး ခြင်း၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများထက်ပိုမို တွက်ချေကိုက်ခြင်းအစရှိသည့် များစွာသော အကျိုးကျေးဇူးများကြောင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်သင့်ကြောင်းနှင့် ပျော်ဘွယ်ရှိ နေလျှင် ဆံပင်လုပ်ငန်းရှိနေမည်ဟု လုပ်ငန်းရှင်များ၏ သုံးသပ်ဆွေးနွေးချက်များအား ရေးသား တင်ပြအပ်ပါသည်။         

DOCA(မန္တလေး)

Online Sale မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေးမြေပြင်ကွင်းဆင်းစစ်ဆေး

          Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား ၂၁.၇.၂၀၂၃ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်(၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားလာမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ လျှောက်ထားသည့့််အချက်အလက်များနှင့်  မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှု ရှိမှသာလျှင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိဒေါ်မေသက်ထွန်းဦးဆောင်၍ (၅.၂.၂၀၂၅) ရက်နေ့တွင် မန္တလေးမြို့ပေါ်ရှိ Online Sale မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ  ဖြစ်သည့်  ကော်ကော်တီတီ၊  Ei Set ၊Tit Tit Gold& Jewellery၊  ဝင်းဇော်အထည်ဆိုင်၊  နွယ်အထည်ဆိုင်နှင့် ဂျိုလီ ဆိုင်တို့မှလျောက်ထားသည့်ကုန်စည်များဖြစ်သည့်လက်ဝတ်ရတနာပစ္စည်းများ၊ဖန်စီပစ္စည်းများ၊အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်များနှင့် လူသုံးကုန်များစသည့်လုပ်ငန်းများအားသက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍မြေပြင် ကွင်းဆင်း စစ်ဆေး ခြင်းများ ဆောင်ရွက် ခဲ့ကြပါသည်။ 

DOCA(မန္တလေး)

ပြည်ရိုင်အတွင်း ဆန်ဆိုင်များတွင် သတ်မှတ်ဈေးနှုန်းများဖြင့်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            ပြည်ခရိုင်အတွင်းတွင် ဆန်ဆိုင်များ၊ ဆန်ပွဲရုံများ နှင့်ဆန်စက်များတွင် သတ်မှတ်ရည်ညွှန်းဈေးများနှင့် ကိုက်ညီသော ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိ အခြေအနေအား အပတ်စဉ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျှက်ရှိရာ ယခု ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်မှ ဆန်ဆိုင်(၂)ဆိုင်၊ ပန်းတောင်းမြို့နယ်မှ ဆန်ပွဲရုံ(၁)ရုံ၊ ဆန်ဆိုင်(၂)ဆိုင်၊ ပြည်မြို့နယ်မှ ဆန်စက်(၁)စက် နှင့်ဆန်ဆိုင်(၁)ဆိုင်၊ ပေါက်ခေါင်းမြို့နယ်မှ ဆန်ဆိုင်(၃)ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဧည့်မထိုင်ဆန် တစ်အိတ်လျှင် ၇၀၀၀၀ကျပ်၊ မှော်ဘီ၊ ကျောက်ရွေးဆန် တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊ ပုသိမ်ပေါ်ဆန်းဆန်သစ်တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်နှင့် ရိုးနီဆန်သစ် တစ်အိတ်လျှင် ၉၀၀၀၀ကျပ်ဈေးဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းဝယ်မှုရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆန်အိတ်လက်ကျန်များအနေဖြင့် စုစုပေါင်း ၂၀၀ခန့်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ စည်ပင်သာယာဈေးအတွင်း အိမ်သုံးလျှပ်စစ် ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

            ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်အတွင်းရှိ ပဲနွယ်ကုန်းမြို့ စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖေါ်ပြထားခြင်းရှိ/မရှိ နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်း ရှင်များ၏ တာဝန်များအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ် ကန်ရွာ အ.မ.က မူလွန်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

            ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးကွက်အတွင်း ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး အပြင် စားသုံး သူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကျောက်တံခါးမြို့နယ် အတွင်းရှိ ကန်ရွာ အ.မ.က မူ လွန်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် စားသုံးသူကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၁၃.၂.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့ နယ်အတွင်းရှိ အ.မ.က (ကန်ရွာ) ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာ ကွယ်ရေး ဥပဒေ/ နည်းဥပဒေ ပါအကြောင်းအရာ၊ အချက်အလက်များကို ဟောပြောပို့ချခဲ့ကြောင်း သိရှိရသည်။ ထိုဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၁၆)ဦးနှင့် ကျောင်းသား/ကျောင်းသူ ၂၇၀ ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ် မူလွန်နတ်စဉ်ကုန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

           အ‌ခြေခံပညာကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်း နှင့်အတူ  နတ်စဉ်ကုန်းကျေးရွာ အခြေခံမူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ချက် များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖေါ်ပြထားသော ကုန်စည် များကို သာဝယ်ယူသုံးစွဲရန်အရေးကြီးပုံများကို အသိပညာပေးဟောပြောခဲ့ပါသည်။

          ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး၊ ဒေါ်ခင်မူမူဝင်းက ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာဆိုင်ရာများ အသိပညာ ပေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ(11၅)ဦးတက်ရောက် ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

(၂၁)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲ၊ပြိုင်ပွဲတွင် စားသုံးသူရေးရာဦးစီးဌာနပြခန်းပါဝင်ပြသ

          (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးမြို့တော်စိမ်းလန်း စိုပြည်သာယာလှပရေးလုပ်ငန်းများအတွက် ပြည်သူလူထုစိတ်ပါဝင်စားလာစေရန်နှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လာစေရန်၊ အိမ်တိုင်းအိမ်တိုင်းစိမ်းလန်းစိုပြည်ရေးဆောင်ရွက်ခြင်းဖြင့် မန္တလေးမြို့တော်အား ဥယျာဉ်မြို့တော် အဖြစ် တည်ဆောက်ထိန်းသိမ်းရာ၌ အထောက်အကူဖြစ်လာစေရန်၊ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံ၊ ပန်းမန် အဆင့်မြင့်စိုက်ပျိုးနည်းပညာများ ဖလှယ်နိုင်စေရန်၊ ဟင်းသီး ဟင်းရွက်နှင့်သစ်သီးဝလံ၊ပန်းမန် မျိုးကောင်းမျိုးသန့်များပြန့်ပွားလာစေရန်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၊ ပန်းမန်မျိုးကောင်းများကို အိမ်တိုင်းအိမ်တိုင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူဖြစ်စေရန်ရည်ရွယ်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပသော (၂၁)ကြိမ်မြောက် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို (၁၂-၂-၂၀၂၅) ရက်နေ့  ချမ်းမြသာစည်မြို့နယ်ရှိ ဆင်ဖြူကန်ကွင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်မှ ဖွင့်လှစ်ပေးခဲ့ပြီး ဌာနဆိုင်ရာပြခန်းများ၊ ပုဂ္ဂလိကအရောင်းဆိုင်ခန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

          ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို (၁၂-၂-၂၀၂၅) မှ(၁၅-၂-၂၀၂၅)နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ(၁၀)ခုမှ အသိပညာပေးပြခန်းပေါင်း (၁၆)ခန်းနှင့် ပုဂ္ဂလိကဆိုင်ရာ တိုင်းရင်းဆေးအရောင်းဆိုင်များ၊ ဒေသတွင်း ထုတ်ကုန်ကဏ္ဍများ မြှင့်တင် ဆောင်ရွက်ရေးအတွက် MSMEs ပြခန်းများ၊ စားသောက်ဆိုင်ခန်းများ၊ ကလေးကစားစရာများ၊ မန္တလေးမြို့တော်တီးဝိုင်းနှင့် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။

          ဌာနဆိုင်ရာပြခန်းများမှ စားသုံးသူရေးရာဦးစီးဌာန၏ အသိပညာပေးပြခန်းအား မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဝင်ရောက်ပြသပြီး ပြခန်း၏ကျောဘက်တွင် စားသုံးသူ၏ တာဝန်များ၊ စားသုံးသူတိုင်ကြားနိုင်သည့် နယ်ပယ်များ၊ စားသုံးသူတိုင်ကြားနိုင်သည့် နည်းလမ်းများဆိုင်ရာ ဗီနိုင်းများ၊ ညာဘက်ခြမ်းတွင် ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း၊ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ မြန်မာဆန်၊ စပါး Online (MyRo) သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာဗီနိုင်းများ၊ ဘယ်ဘက်ခြမ်းတွင် မန္တလေးတိုင်းဒေသကြီးသီးနှံပြက္ခဒိန်၊ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက် ချက်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက်ဒေသထွက်ကုန်များဆိုင်ရာ အသိပညာပေး ဗီနိုင်းများဖြင့် ပြသထားရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များ ဖြစ်သော ဆန်၊ ပြောင်း၊ဝါ၊ကော်ဖီ၊ပဲမျိုးစုံ၊နှမ်းမျိုးစုံနှင့် ဒေသထုတ်ကုန်များအား Display ခင်းကျင်းပြသထားပါသည်။

          ပြခန်းအတွင်း လာရောက်လေ့လာသော ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများအား  တာဝန်ကျဝန်ထမ်းများမှ  ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်၍  စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များဖြစ်သည့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များ ၊ ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာအချက်များနှင့် ပြသထားသောဗီနိုင်းများမှ သိရှိလိုသည့်အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည့်အပြင်  ဒေသထုတ်ကုန်များထုတ်လုပ်သည့်နေရာမှ စားသုံးသူတိုက်ရိုက်ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန်နှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်၊ ပြင်ဦးလွင်၊ ကျောက်ဆည်ဒေသထွက်ကုန်များဖြစ်သော ကော်ဖီ၊ ဝိုင်၊မက္ကဒေးမီးယား၊ ပုန်းရည်ကြီး၊ အသီးခြောက်မျိုးစုံ၊ နို့ထွက်ပစ္စည်းမျိုးစုံ၊ ကြက်သွန်ဖြူကြော်၊ ကြက်သွန်နီကြော်၊ မုန့်ကြွပ်မျိုးစုံ၊ နနွင်း၊ငရုတ်မျိုးစုံ၊ အာလူးကြော်မျိုးစုံတို့အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဒေသထုတ်ကုန်များ အရောင်းသွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာနပြခန်းသို့ စိတ်ပါဝင်စား စွာဖြင့် လာရောက်လေ့လာကြည့်ရှုသူများ များပြားလျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

ဂျုံခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင် (ဦးစီးမှူး) ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍    တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဆန်နားရွာရှိ ရှဲန်ထောင်းအမှတ်တံဆိပ် ဂျုံခေါက်ဆွဲ ထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ရှဲန်ထောင်းအမှတ်တံဆိပ် ဂျုံခေါက်ဆွဲသည် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့်ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထား ပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင် ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်များပြုလုပ်ရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြ ပါသည်။

DOCA(ရှမ်း)

ကန့်ဘလူမြို့၏ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့၏ကျက်သရေဆောင် မဟာရွှေစည် ကြီးစေတီတော်(၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖေါ် ဝါရီလ ၁၃ ရက်နံနက် ၀၈:၃၀ နာရီက အဆိုပါစေတီတော်ကွင်းအတွင်း ကျင်းပပြုလုပ်ကြောင်း   သိရသည်။

             အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး အနေဖြင့်လည်း ပါဝင်လောင်းလှူခဲ့ကြောင်း၊ ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲတွင် သံဃာတော်(၂၅၀)ပါး၊ သီလရှင်ဆရာကြီးများနှင့်ယောဂီများအား ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများက စုပေါင်းလောင်းလှူခဲ့ကြကြောင်း၊ အလှူရှင်များက စတုဒီသာ လက်ဖက်ရည်၊ ထမင်းတို့ဖြင့်ဧည့်ခံကျွေးမွေးခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ