ဆေးဖက်ဝင် ဒန့်သလွန်

ဒန့်သလွန်ပင်သည် အပူပိုင်းဒေသမျေားတွင် အများဆုံးပေါက်ရောက်ရှင်သန်ဖြစ်ထွန်းပါ သည်။ ယခင်က ဒန့်သလွန်ပင်ကို အိမ်၊ ခြံဝင်း နံဘေးများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရာမှ ယခုအခါ အထွက်နှုန်းကောင်းသော အိန္ဒိယဒန့်သလွန်မျိုးများကို ဧကများစွာ စီးပွားဖြစ်စိုက်ပျိုးလာ ကြပြီးဖြစ်သည်။ ဒန့်သလွန်ပင်သည် အသီး၊အရွက်၊ အစေ့ သုံးမျိုးလုံး အသုံးဝင်ပါသည်။ ယခုလို နွေဦးပေါက်ရာသီတွင် အရွက်များကြွေ၍ အပွင့်များစွာပွင့်ဖူးကြပါသည်။ အချို့ပင်များမှာ ဒန့်သလွန် သီးများ သီးနေပြီဖြစ်၍ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။ ဒန့်သလွန်ပင်၏ အရွက်ကိုပြုတ်၍ အတို့မြှတ်လုပ်၍သော်လည်းကောင်း၊ ဟင်းချိုချက်၍သော်လည်းကောင်း စားသောက် ကြသည်။ ဒန့်သလွန်သီးကို အခွံခြစ်၍ ချဉ်ရည်ဟင်း၊ ပဲချဉ်ဟင်း ချက်လုပ်၍ စားသောက်ကြပါ သည်။ ဒန့်သလွန်သီးကို နှစ်ခြမ်းခြမ်း၍ အတွင်းသားများကို ဇွန်းနှင့်ခြစ်ပြီး ကြက်ဥ၊ ဘဲဥနှင့်ကြော် စားလျှင် အလွန်စားကောင်းသော ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ဒန့်သလွန်ရွက်ကို ဟင်းချိုချက် သောက်ခြင်း၊ ကြော်စားခြင်း၊ မြှတ်စားခြင်းဖြင့် အစာကြေစေပြီး သွေးတိုး၊ အမူးရောဂါ သက်သာစေ ပါသည်။ ဒန့်သလွန်ရွက် အစိမ်းကိုထောင်းပြီး အရည်ညစ်ပြီးသောက်ပါက ချောင်းဆိုးအပူရောဂါကို သက်သာစေပါသည်။ ခေါင်းကိုက်ရောဂါကိုလည်း သက်သာစေပါသည်။ ဒန့်သလွန်သီးကို မီးဖုတ်၍ အတွင်းသားကို ခြစ်ယူကာ ကြက်ဥနှင့်ကြော်စားလျှင် သွေးဝမ်း၊ လိပ်ခေါင်းသွေးချသက်သာစေပါ သည်။ ဒန့်သလွန်သီးအရင့်ကို နေခြောက်လှမ်း၍ အစေ့ခြောက်ကို ဖန်ပုလင်းနှင့် သိမ်းထားပြီး သွေးတိုးလျှင် နှစ်စေ့/သုံးစေ့ဝါးစားကာ ရေအဝသောက်ပါက နာရီဝက်အတွင်း သွေးတိုးရောဂါကျစေ ပါသည်။ နှလုံးသွေးကြောကျဉ်းရောဂါအတွက်လည်း ဒန့်သလွန်အစေ့ခြောက်ကို အမှုန့်ပြုလုပ်၍ ပျားရည်နှင့်တေပြီး နေ့စဉ်ဟင်းစားတစ်ဇွန်းခန့်စားသုံးပါက သက်သာစေနိုင်ပါသည်။ ဒန့်သလွန် သီးအစေ့ခြောက်ကို နေလှန်းပြီး သိမ်းထားလျှင် နှစ်ကြာသည်အထိ အာနိသင်မပျက် သိမ်းထားနိုင် ပါသည်။ ရင်ကြပ်၊ သွေးတိုး၊ နှလုံးအမော ရောဂါအတွက် ဒန့်သလွန်အစေ့ခြောက်အမှုန့်နှင့် ချင်း (ဂျင်း)ခြောက်မှုန့်နှင့်အတူ ရော၍ ရေနွေးနှင့်သောက်သုံးပါက သက်သာစေနိုင်ကြောင်း ဆေးပညာ ဗဟုသုတမှ လေ့လာသိရှိသမျှရေးသားတင်ပြရခြင်းဖြစ်ပါသည်။ ယခုအခါ ဒန့်သလွန်သီးများ ထွက်ပေါ် နေပြီဖြစ်၍ ဒန့်သလွန်သီး(၃)တောင့် တစ်စည်းလျှင်(၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ အညာဒေသထွက် ဒန့်သလွန်သီးများကို အောက်ပြည်နှင့် အထက် ဒေသရှိ မြို့ကြီးများသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)