သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

One Tea Myanmar နို့ဆီစက်ရုံသို့ ဈေးနှုန်း/ဈေးကွက်အချက်အလက်များအား ကွင်းဆင်းစုံစမ်း

              စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ပါ(၂)ဦးတို့သည် ၁၈.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် အမှတ်(၁၀၈)၊ ဒီပဲယင်း ဝန်ထောက်ဦးမြဲလမ်း၊ စက်မှုဇုန်(၄)၊ လှိုင်သာယာမြို့နယ်ရှိ One Tea Myanmar နို့ဆီချက်စက်ရုံ သို့ ကွင်းဆင်းစုံစမ်းခဲ့ပါသည်။

           ထိုသို့ ကွင်းဆင်းစုံစမ်းခဲ့ရာ စက်ရုံအထွေထွေမန်နေဂျာ ဦးအောင်ဟန်က ထုတ်လုပ်နိုင်မှု စွမ်းအားမှာ တစ်နေ့လျှင် နို့ဆီ(၇)တန်မှ (၈)တန်အထိ ထုတ်လုပ်နိုင်ပြီး လက်ရှိအခြေအနေတွင် ဈေးကွက်အခြေအနေအရ တစ်လလျှင် ပျမ်းမျှတန်(၄၀)ထုတ်လုပ်လျက်ရှိပြီး နို့ဆီထုတ်လုပ် ရာတွင် အသုံးပြုသော Palm Oil၊ Milk Powder ၊ သကြား၊ ရေတို့အသုံးပြုရပြီး Palm Oil နှင့် Milk Powder ကို ပြည်ပမှ တင်သွင်းရပါသည်။ သကြားကုန်ကြမ်းအား ပြည်တွင်းမှထွက်ရှိသော သကြားကိုသာ အသုံးပြုထားပြီး ယခုလက်ရှိတွင် ကုန်ကြမ်းလက်ကျန်မှာ (၂)လစာခန့် ကျန်ရှိ နေသေးကြောင်း သိရှိရပါသည်။ ဈေးကွက်တွင် ပစ္စည်းပြတ်လပ်မှုမရှိဘဲ သွားလာရန် ခက်ခဲ သောဒေသများတွင် ကုန်ပစ္စည်းပို့ဆောင်နိုင်ခြင်းမရှိခြင်းကြောင့် ထုတ်လုပ်မှုပမာဏ (၃၅%) ဝန်းကျင်ကျဆင်းနေကြောင်း စသည့်ကွင်းဆင်းစုံစမ်းမှုအရ သိရှိရပါသည်။

DOCA(ရန်ကုန်)

သထုံမြို့နယ်၊ ဘူတာလမ်းပေါ်ရှိ (မင်းကြီး) မုန့်မျိုးစုံလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ၁၉.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊‌ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းတို့သည် သထုံမြို့နယ်၊ ဘူတာလမ်းပေါ်ရှိ (မင်းကြီး) မုန့်မျိုးစုံလုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ သထုံခရိုင်၊ သထုံမြို့၊ ဘူတာလမ်းပေါ်ရှိ (မင်းကြီး) မုန့်မျိုးစုံတို့တွင် ကုန်အညွှန်းအမှတ်အသားအတည်ပြုချက် ရယူထားပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပြဠာန်းချက်နှင့်အညီ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါသော မုန့်မျိုးစုံကိုသာ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ယိုမျိုးစုံအား ကွင်းဆင်းစစ်ဆေး

           ၁၉.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊‌ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ယိုမျိုးစုံအား ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ပါရှိမှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာ မုဒုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဦးဦး (မရမ်းယို)၊ မြကျောက် (သရက်ယို)၊ မနှဲ (ယိုစုံ)၊ မောင် ယိုမျိုးစုံတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့တွင် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပပြုလုပ်

          ၁၉.၃.၂၀၂၅ ရက်နေ့ နံနက် (၀၇:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ သမိန်းဗရမ်း(ဘက်စုံသုံးကွင်း)၌ (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

         အခမ်းအနားသို့ နိုင်ငံတော်စီးမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုစုပေါင်း (၁၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင်များက စင်မြင့်ပေါ်၌ နေရာယူခဲ့ကြပြီး တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၅ ခုနှစ်၊ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးမှ ဖတ်ကြားခဲ့ကြောင်း၊ ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး သဘာပတိအဖွဲ့ဝင်များ ပြန်လည်ထွက်ခွာကာ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့တွင် ၂ဝ၂၅ ခုနှစ်၊ (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူး တက်ရောက်

         ၁၉.၃.၂၀၂၅ ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အနောက်တပ်မြေလမ်းရှိ မွန်ပြည်နယ်ခန်းမ၌ ၂ဝ၂၅ ခုနှစ်၊ (၅၁)နှစ်မြောက် မွန်ပြည်နယ် နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများ ရေးရာ၀န်ကြီး၊ ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက ပြည်နယ် ဂုဏ်ထူးဆောင်ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်၍ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ ပထမပိုင်း အစီအစဉ် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

            ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်း ဆက်လက်ကျင်းပခဲ့ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ပြည်နယ်ဂုဏ်ထူးဆောင်ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်၍ မှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ဒုတိယပိုင်းအစီအစဉ် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

          ၁၈.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

        အဆိုပါ ဈေးကွက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံမှ စားသုံးဆီများ ရောင်းချနေသော ကုန်စုံဆိုင်အရောင်းဆိုင်များ အား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီးနောက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော စားသုံးဆီများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် ကုန်စည်များအား ဈေးကွက်ကစားလိုသော ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

          ၁၈.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊‌ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ဆန်ဈေးနူန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများမရှိပါကြောင်း တွေ့ရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ယိုမျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           ၁၈.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊‌ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်း၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့သည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ ယိုမျိုးစုံရောင်းချလျက်ရှိသောဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင် တာဝန်ခံ ဦးအောင်ကျော်မင်းက ကျိုက်ထိုမြို့နယ်အတွင်းရှိ ယိုမျိုးစုံထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ ယိုတစ်မျိုးချင်းစီအလိုက် ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မှုအခြေအနေ၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံမှု၊ ကြိုတင်သတိပေးချက်မရှိသော ယိုမျိုးစုံတို့အား ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်၌ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်

           ၁၇.၃.၂ဝ၂၅ ရက်နေ့၊ နေ့လယ် (၁၁းဝဝ) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မ‌ရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်ခဲ့သည်။

       ပထမဦးစွာ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်‌ထွေးက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီက အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အမိန့်ထုတ်ပြန်သည့် အကြောင်းအရာများ၊ အွန်လိုင်း မှတ်ပုံတင်လျှောက်ထားရာတွင် တင်ပြရမည့် အထောက်အထားများနှင့် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ မှတ်ပုံတင်လျှောက်ထားသူများ လိုက်နာရမည့်စည်းကမ်းချက်များ၊ မှတ်ပုံတင်လျှောက်ထားသည့်အခါ သိရှိရမည့်အချက် (၇) ချက်အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဆီစက်ရုံများကို မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးမျိုးထွန်း(ဦးစီးအရာရှိ)နှင့် ဦးရှိုင်းထက်အောင်(ဒု-လ/ထကြီးကြပ်ရေးမှူး)တို့သည် မန္တလေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်းနှင့်ပူးပေါင်းကာ ဆီစက်များ၏ အမှန်တကယ် စက်လည်ပတ်ကြိတ်ခွဲ ထုတ်လုပ်နေမှုများအား သိရှိစေရန် ရည်ရွယ်၍ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ  ဆီစက်ရုံ(၁၂)ရုံ၏ ဆီကြိတ်ခုံတပ်ဆင်ထားမှု၊ စွမ်းအင်အသုံးပြုမှု၊ ကုန်ကြမ်းဝယ်ယူရရှိမှု၊ စက် လည်ပတ်နေမှု၊ ကုန်ချောထွက်ရှိမှုအခြေအနေများအား မြေပြင်ကွင်ဆင်းစစ်ဆေးကြည့်ရှုပြီး အချက် အလက်များ ကောက်ယူခဲ့ပါတယ်။

          ကွင်းဆင်းစစ်ဆေး၍ စာရင်းကောက်ယူရာတွင် ကုန်ကြမ်းဝယ်ယူရရှိမှုအနေဖြင့် မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များအသင်း၊ မကွေး၊ မလှိုင်၊ နွားထိုးကြီး၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ တပ်ကုန်း၊ ရမည်းသင်း၊ ပြည်၊ အောင်လံ၊ သရက်၊ မိုင်းရှုး၊ မိုင်းရယ် ဒေသများမှ ဝယ်ယူရရှိကြောင်း၊ စက် လည်ပတ်မှုအနေဖြင့် (၉)စက်မှာ လက်ရှိလည်ပတ်လျှက်ရှိပြီး၊ (၁)စက်မှာ ရပ်နားထားသည်မှာ (၂)နှစ်ခန့်ရှိပြီး ၂၀၂၅ ခုနှစ် မေလ တွင် ပြန်လည်လည်ပတ်၍ စီစဉ်နေကြောင်း၊ (၁)စက်မှာ အပြီး ရပ်နားထားကြောင်း၊ စက်ရုံ(၁)ရုံမှာ နေရာပြောင်းရွှေ့သွား၍ လိပ်စာစုံစမ်းနေပြီး ဆက်လက်၍လည်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်များ၏ အချက်အလက်များကို  ကွင်းဆင်းစစ်ဆေး စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ