သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခြင်း

 

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ  ၁၇ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ‌ဦးတင်စိုးနိုင်(စစ်ဆေးရေးအရာရှိ)  ဦးဆောင်၍ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာ (ဈေးများဌာန) တို့နှင့်ပူးပေါင်း၍  ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သပြေကုန်းဈေးတွင် စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချ ရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။   

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်နှင့် ဝန်ဆောင်မှုများတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာ ဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် ဆွေးနွေးပြောကြား၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိ တို့ကို (၁၇.၉.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် အိမ်အမှတ်(ထ/၂၀၉)၊ သံလွင်လမ်း၊ ထုံးဘိုရပ်ကွက်၊ ကျည်တောင်ကန်အုပ်စု၊ ပုဗ္ဗသီရိမြို့နယ်ရှိ “7 Fragrance” အလှကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်း များ လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                                             DOCA(ပြည်ထောင်စုနယ်မြေ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ 18 ရက်နေ့မှ 24 ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ က အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

ပြင်ဦးလွင်ခရိုင်တာဝန်ခံရုံး၏ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောဆောင်ရွက်ခြင်း

           ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၉:၃၀) နာရီတွင် ပြင်ဦးလွင်မြို့နယ်၊ ရ.က.က(၂၁)၊ မိုးကြိုးကွက်သစ်၊ အခြေခံပညာအလယ်တန်းကျောင်း၌ မိတ်ဖက်ဌာနများဖြစ်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့်အတူ ပြင်ဦးလွင်ခရိုင်တာဝန်ခံရုံး၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် အ.လ.က(မိုးကြိုးကွက်သစ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာစိုးက ဦးစွာပထမ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်လွန်းနန်းထွေး (ဦးစီးအရာရှိ)က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခြင်း၊ စာဖတ်ရှိန်မြှင့် တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ဒေါ်ဆုရည်ဖြိုး (ဒု-မီးသတ် ဦးစီးမှူး)က မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ ဒေါ်သူဇာဝင်း (လက်ထောက်ဦးစီးမှူး) က ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းရင်းဆေး နှင့်ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးထွန်းထွန်းနိုင် (ဒု-ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန စတင်ဆောင်ရွက်ခဲ့သည့်ခုနှစ်၊ စားသုံးသူကာကွယ်ရေး နှင့်ပတ်သက်၍ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်သည့် Call Center နံပါတ်နှင့် ရုံးဖုန်းနံပါတ်များ၊ စားသုံးသူအကာအကွယ်ပေးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေးဟောပြောဆွေးနွေးပြီးနောက် ကျောင်းသား/ကျောင်းသူများ (၁၅၀)ဦးတက်ရောက်ခဲ့ပြီးသိရှိလိုသော အကြောင်းအရာများ မေးမြန်းခြင်းကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး  အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

 

                                                                            

ကျိုက်ထိုမြို့နယ်၊ တောင်ပိုင်းရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အေးခဲအစားအစာအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

          ၁၆.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ခရိုင်းဦးစီးမှူး နှင့် မြို့နယ်တာဝန်ခံတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ တောင်ပိုင်းရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အေးခဲအစားအစာ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အေးခဲအစားအစာအမျိုးမျိုးတို့၏ ပါကင်ထုပ်များ အပေါ်၌ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထား ခြင်း ရှိ/မရှိကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းသော အေးခဲအစားအစာများကိုသာ ရောင်းချနေ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့၊ အမှတ် (၁) အောက်ဈေး၌ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေး

          ၁၅.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ အမှတ် (၁) အောက်ဈေးရှိ စီးပွားရေး လုပ်ငန်းရှင် (၃၀) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်ဦးစီးမှူးမှ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအရ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက် များအကြောင်း၊ စားသုံးသူသည် ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထိခိုက် နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အတွက် စားသုံးသူ အခွင့်အရေး နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသောကြောင့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို အခန်း (၂၃) ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ပြစ်မှု၊ ပြစ်ဒဏ်များ စီရင်ခံနိုင်ကြောင်း လုပ်ငန်းရှင်များအား အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ “မိုးပွိုင့်” သောက်ရေသန့်စက်ရုံသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးအသိပညာပေး

          ၁၆.၉.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၊ ကဒုံစီရပ်ကွက် ရှိ “မိုးပွိုင့်” သောက်ရေသန့်စက်ရုံသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်း ရှင်များအား အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)  ပါ ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ် အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏  အဓိပ္ပါယ်နှင့် တာဝန်(၁၁)ချက်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူသည် ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တာဝန်ရှိမှု အခြေအနေများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ် အ.မ.က (၂) မူလွန် (မုသင်)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    ၁၅.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် ဘီးလင်းမြို့နယ်၊ အ.မ.က (၂) မူလွန် (မုသင်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ ပါသည်။

      အဆိုပါ‌ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြော ဆွေးနွေးခဲ့ပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများဖြစ်သော လူကိုယ်တိုင်လာရောက်တိုင်ကြားခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားခြင်း၊ Consumer Call Center 1535သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ပုံအဆင့်ဆင့်၊ DOCA Application ၌ တိုင်ကြားခြင်း၊ DOCA  Website သို့ တိုင်ကြားခြင်း တို့ကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးရှိုင်းထက်စိုးနှင့် ဆရာ၊ ဆရာမ (၉) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၄၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်ခရိုင်ဦးစီးမှူးသည် ဒိန်ချဉ်ထုတ်လုပ်မည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    ၁၇.၉.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်ဦးစီးမှူးသည် ဒိန်ချဉ်ထုတ်လုပ်မည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ် အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို မော်လမြိုင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

    ၁၅.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီး မှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးနှင့် ဝန်ထမ်းတို့သည် မော်လမြိုင်မြို့၊ ကွင်းရပ် ရပ်ကွက်ရှိ “Flower Germent” အမည်ဖြင့် အထည်ချုပ်လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံ တင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက် ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြ ထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ