သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေတောင်မြို့နယ်တွင် ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများအဖွဲ့သည် အခြားမိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၉.၅.၂၀၂၅) ရက်နေ့ တွင်ဈေးကွက်မရောက်မီ ကုန်ပစ္စည်းများအား သွားရောက်၍ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဈေးကွက်မရောက်မီကုန်ပစ္စည်းများအားသွားရောက်စစ်ဆေးခဲ့ခြင်းကို ရွှေတောင်မြို့၊ သရက်တောရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ ဒေါ်သူဇာနိုင် ပိုင်ဆိုင်သော “အိုဆာကာ” ထမင်းသုပ်လုပ်ငန်း (Ready Made) သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ  စားသုံးသူကာကွယ်ရေး ဥပဒေအရ ထုတ်ပြန်ထားသော (၂/၂၀၁၉) (၁/၂၀၂၁)အရ ကုန်စည်များ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါဝင်မှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီးမှူး တောင်ငူမြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တောင်ငူမြို့ရှိ ကုန်မျိုးစုံလက်လီလက်ကား ရောင်းချသူများနှင့်တွေ့ဆုံပြီး ဈေးကွက်အတွင်းကုန်စည်များရောင်းချရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

    ခရိုင်ဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီမှ ဈေးကွက်အတွင်း ရောင်းချနေသည့် ကုန်စည်များအား လအလိုက်ဦးစားပေးစစ်ဆေးရန် ဦးစားပေးကုန်စည်များကို ချမှတ် ပေးထားပြီးဖြစ်ရာ စစ်ဆေးရေးအရာရှိများက သက်ဆိုင်ရာနယ်မြေများအလိုက် ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဈေးကွက်အတွင်း ရောင်းချသည့် ကုန်စည်အားလုံး၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရန်ကို အသိပညာပေး ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပုံများကို ရှင်းလင်းဆွေးနွေးပါသည်။

     ထို့နောက်တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တောင်ငူမြို့မှ စားသုံးဆီ လက်လီလက်ကားရောင်းချသူ ၂၅ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပလပ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရန် အသိပညာပေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ တို့သည် (၄.၂၀၂၅)ရက်နေ့၊  (၁၄:၀၀)နာရီအချိန်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ စည်ပင်သာယာဈေးရှိ ဈေးသူ၊ ဈေးသားများအား ပလပ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး စည်ပင်သာယာဈေအတွင်း၌ အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ယခုအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့များ၌  မြို့ဝင်/မြို့ထွက်နေရာများ၊ လမ်းများ၊ ရုံး၊ ဈေး၊ ဘုရားစေတီပုထိုးစသည့် အထင်ကရနေရာများတွင်  ပလပ်စတစ်များနှင့်အမှိုက်များ ပြန့်ကျဲ နေခြင်းကြောင့် မြို့၏သာယာလှပရေးထိခိုက်လျက်ရှိပြီး မြစ်ချောင်းများတွင်လည်း ပလပ်စတစ်နှင့် အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်၍ မြစ်ချောင်းများ တိမ်ကောခြင်း၊ ရေနေသတ္တဝါများ မျိုးသုန်းပျောက်ကွယ်ခြင်းစသည့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် အမှိုက်များ ကိုစနစ်တကျစွန့်ပစ်ကြရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့ အမှတ်(၁၈)ရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ အမှတ်(၁၈)ရပ်ကွက်နေ ပြည်သူများအား ရွှေနှင်းဆီဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ ပါသည်။

      မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနအကြောင်း မိတ်ဆက်ပြောကြားပြီး စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံမှု မဖြစ်ပေါ်စေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်လျှက်ရှိသည့်အခြေအနေများ၊ စားသုံးသူနစ်နာဆုံးရှုံမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင် ခြင်းနှင့် စေ့စပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးမှုများ၊ အွန်လိုင်းတွင်ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ သတိပြုဆောင်ရွက်ရမည့် အချက်များကို ဟောပြောဆွေးနွေးပါသည်။

       ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများ၏ မေးမြန်းဆွေးနွေးချက်များ ကို မြို့နယ် တာဝန်ခံက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်နေ ပြည်သူ ၈၇ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ပေါ်ရှိ “KKH” စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံး အနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့၊ နံနက်(၁၁;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့ သစ်ရာမြိုင်ရပ်ကွက်ရှိ “KKH” စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွက် စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေး စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ  နေ့စဉ် သတ်မှတ်ထုတ်ပြန် ထားသော စက်သုံးဆီ ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိ  စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေး တွေ့ရှိရပါသည်။  စက်သုံးဆီ လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများ တင်သွင်း ဖြန့်ဖြုးရောင်းချနေခြင်း စိစစ်တွေ့ရှိရပါက အရေးယူ ဆောင်ရွက်ခြင်းခံရမည် ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်း ဆိုင်များအား စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေးအတွက် ပုံမှန် ဖွင့်လှစ် ရောင်းချနိုင်ရေး သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း မပြုဘဲ  ဌာနမှ ထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

“ ကော့မှူးမြို့နယ်အတွင်းရှိအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေး ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များသို့ မေလ(၂၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အဆမတန် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိစေရေးအတွက်   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့် ဝန်ထမ်းများ၊  မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး ဦးစိုးတင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် ကော့မှူးမြို့နယ် လက်စိုက်ကျေးရွာ သဲကုန်းပိုင်းနှင့် အိုးဘိုပိုင်းတို့ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များမှ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီး လှုတ်ခတ်မှု နှင့် ဆက်စပ်၍ ဈေးကွက်၌ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ဝယ်လိုအား မြင့်တက်ခဲ့ သဖြင့် အဆမတန် ဈေးနှုန်းမြှင့်တင် ရောင်းချနေခြင်းများအား ညွှန်ကြားချက်နှင့်အညီ အရေးယူ ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆိုင်ပိုင်ရှင်များ အနေဖြင့် မိမိတို့ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများအား ဝယ်ယူရရှိသည့် ဈေးနှုန်း အပေါ် အဆမတန် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ပြီး ဆိုင်ရှိဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း လက်ကျန်စာရင်းနှင့် ဈေးနှုန်းတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျိုက်ထိုမြို့နယ်ရှိ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

    ၁၈.၅.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံ၊ မြို့နယ်တာဝန်ခံတို့သည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကျိုက်ထို မြို့ပေါ်ရှိ လက်ကိုင်ဖုန်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းက လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များနှင့်ဝန်ထမ်းများအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ လက်ကိုင်ဖုန်းနှင့်ဆက်စပ်ပစ္စည်းများတွင် မြန်မာဘာသာ ဖြင့်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန်၊ ကျိုက်ထိုမြို့‌ပေါ်ရှိ ရောင်းချလျက်ရှိသော လက်ကိုင်ဖုန်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မမြတ်စုပိုင်၊ ဦးမျိုးမင်းခန့်၊ ဦးမောင်မောင်အေး၊ ဦးရဲရင့်ကျော်၊ မမြတ်နိုးအေး၊ ဦးလှဝင်းထွန်း၊ ဦးမျိုးလင်းထွန်းတို့ဆိုင်များအား အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်များ ဝေငှပြီး သိရှိလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“ ကော့မှူးမြို့နယ်ကျိုက်ထော်(တောင်)ကျေးရွာများတွင်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ”

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကျိုက်ထော်(တောင်)ကျေးရွာ တွင် မေလ(၁၉)ရက်နေ့၊ နေ့လည် (၁၂:၀၀)နာရီအချိန်တွင် ကျေးရွာဓမ္မာရုံ၌ စားသုံးသူကာကွယ် ရေး အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ကျိုက်ထော်(တောင်) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသော်ဇင်ထက်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းက ကျိုက်ထော်(တောင်)ကျေးရွာအတွင်းရှိ စားသုံးသူ ပြည်သူများအနေဖြင့် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းဆိုင်ရာ အချက်များအား သိရှိစေရန်ရည်ရွယ်ပြီး စားသုံးသူကာကွယ်ရေး ဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်သည် ဥပဒေအမှတ် (၉/၂၀၁၉) ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အတည်ပြုပြဌာန်းလိုက်ကြောင်း ၎င်းဥပဒေတွင် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူပြည်သူတို့၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက် များ၊ စားသုံးသူ ပြည်သူများအနေဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံ ချက်ပေးထားမှုအပေါ် တောင်းဆိုနိုင်သည့် အခွင့်အရေးများ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်ပစ္စည်းထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရာတွင် ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသား ဖော် ပြခြင်းဆိုင်ရာ သတ်မှတ်ထားသော အချက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေ ရေးသားဖော်ပြပါရှိရမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အချက်များအား အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျိုက်ထိုမြို့နယ်တွင် သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်‌ဆေး

    ၁၉.၅.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးကံစောလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင်၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးစည်သူတို့ ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်ရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်ရှိ “Fresher” သောက်ရေသန့်စက်ရုံ နှင့် “First December” သောက်ရေသန့်စက်ရုံတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးကံစောလှိုင်က သောက်ရေသန့်စက်ရုံများအနေဖြင့် သောက်ရေသန့်ထုတ်လုပ်ရာတွင် စက်ရုံဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းမွန်အောင် ဆောင်ရွက်လုပ်ဆောင်ရန်၊ ‌ရေသန့်ပို့ဆောင်ဖြန့်ဖြူးရာတွင် မြို့နယ်အနှံ့ဖြန့်ဖြူး ပို့ဆောင်ရန်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များအား စက်ရုံ၏မြင်သာသော နေရာများတွင် ချိတ်ဆွဲထားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“ကော့မှူးမြို့နယ်ရှိ Mobile Phone အရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ Mobile Phone အရောင်းဆိုင်များသို့ မေလ(၁၈)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ Mobile Phone များရောင်းချနေသော အရောင်းဆိုင်များသို့ ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း အသိပညာပေးခြင်း၊ တင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

           ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် အမှတ်(၂၆၂) ဗိုလ်ချုပ်လမ်း၊ မြို့သစ်ရပ်ကွက်ရှိ ကိုဇင် Mobile (၂)ဆိုင်သို့ သွားရောက်ပြီး ဆိုင်ပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ Mobile Phone အမျိုးမျိုးတို့အား ဝယ်ယူဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ သုံးစွဲပုံနည်းလမ်း၊ ဘေးထွက်ဆိုးကျိုးတို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသော လက်ကိုင်ဖုန်းအမျိုးမျိုးတို့ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချနေမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ