သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့ ဆန်/စပါး ကုန်သည်လုပ်ငန်းရှင်အသင်းအား စားသုံးသူကာကွယ်ရေး အသိပညာပေး

       ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၃၀) ရက်နေ့၊နေ့လည် (၁၁:၃၀) နာရီအချိန်တွင် ဆန်/စပါး ကုန်သည်လုပ်ငန်းရှင်အသင်းအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ စားသုံးသူ ကာကွယ်ရေး နှင့် ပက်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူများ ရွေးချယ်ဝယ်ယူခွင့်နှင့်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍ ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကို ရွေးချယ် ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက  တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိ ကြောင်း၊ Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များသို့ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာ၊ မီးသတ်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၃၀-၁၀-၂၀၂၅) ရက်နေ့တွင် ကျိုက်လတ်မြို့နယ် ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့ပေါ် ရပ်ကွက်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီးပေါ်ဆန်း၊ ဧည့်မထသိုလှောင်ထားရှိမှုအခြေအနေ၊ဈေးနှုန်းဈေးကွက်အခြေအနေ၊ လက်ကျန်စာရင်း ကောက်ယူခြင်း ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

 (DOCA ဧရာဝတီ)

အမှတ်(၂) ရပ်ကွက်၊ ရပ်တော်မူ မြတ်စွာဘုရားကြီး တန်ဆောင်းတွင် စားအုန်းဆီဘူးများ ရောင်းချပေး

        ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၃၀.၁၀.၂၀၂၅) နေ့၊ နံနက် (၇:၀၀)နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်၊ ရပ်တော်မူ မြတ်စွာဘုရားကြီး တန်ဆောင်းတွင် စားအုန်းဆီဘူးများ ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချရာတွင် အစိုးရအဖွဲ့မှ ထုတ်ပေးသော စားအုန်းဆီ တစ်ပိဿာလျှင် (၆၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ဒေသခံပြည်သူများ ဝယ်ယူအားပေးနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးမင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး အခြေခံစားသောက်ကုန်များ လုံလောက်စွာရောင်းချပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခဲ့သည်ဟု သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

Talk Show အစီအစဉ် ပြောကြားခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် (၃၀.၁၀.၂၀၂၅) နေ့၊ နေ့လည်(၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ (ဒု-ကြီးကြပ်ရေးမှူး) ဦးတင်စိန်သည် Talk Show အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show တွင် (ဒု-ကြီးကြပ်ရေးမှူး) ဦးတင်စိန်က စားသုံးသူကာကွယ်ရေး ဥပဒေအခန်းများမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပက်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ၊ ပုဒ်မ ၄၁ ၊ ၄၂ ၊ ၄၃  တို့နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း၊ ဖော်ပြရမည့်အချက်(၈) ချက်ရှိကြောင်း၊ ကုန်စည်တံဆိပ်၊အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ သုံးစွဲပုံနည်းလမ်း၊ ကြိုတင်သတိပေးချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့် ရက်စွဲ၊ စသည်တို့ပါဝင်ရမည်ဖြစ်ကြောင်း၊ “စားသုံးသူရေးရာဦးစီးဌာန” အနေဖြင့် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိတို့ကိုပူးပေါင်းအဖွဲ့များဖြင့်ကွင်းဆင်းစစ်ဆေးလျက် ရှိကြောင်းအသိပညာပေးဟော ပြောခဲ့ပြီး ပြစ်မှု၊ပြစ်ဒဏ် များ အကြောင်းကိုလည်း ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးမှ Consumer Call Center (1535) သို့ ဆက်သွယ်မေးမြန်းခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဦးစီး မှူးနှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင်တွေ့ဆုံမှုနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း သည့် သတင်းအချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (1535)ကို ရုံးဖွင့် ရက်များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသိပညာပေးလျက်ရှိရာ (၃၀.၁၀.၂၀၂၅) ရက်နေ့တွင် မြန်အောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်မှ Consumer Call Center (1535)သို့ ဖုန်းခေါ်ဆို၍ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သတ်၍ ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ  Consumer Call Center မှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၅.၁၁.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက် အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော ဒေါ်မယ်တင့်(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် time အမှတ်တံဆိပ်ပါ အသင့်ဖျော်လက်ဖက်ရည် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ ပြည့်စုံစွာဖော်ပြ ပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီးကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၅.၁၁.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်ရှိ ဒေါ်မာမာအေး(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Sprite အမှတ်တံဆိပ်ပါ သံပုရာသီးအနံ့အရသာ အချိုရည်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက် တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်မာမာအေးအား  ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

ကြံခင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

        ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ (၃၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၈)နာရီအချိန်ကပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံဝန်ထမ်း အငြိမ်းစားများအား ဆီနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

         ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဆီကုန်သည် များအသင်းနှင့်ပူးပေါင်း၍ ပင်စင်လာရောက် ထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းပေးလျက်ရာ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီး ဌာနမှ ဝန်ထမ်းများက တစ်ဦးလျှင် ဆီ ၅၀ ကျပ်သား ၃၅၀၀ နှုန်းဖြင့် ဆီ ပိသာ ၁၁၀ အား လည်းကောင်း၊ ကြက်ဥ တစ်လုံးလျှင် ၃၀၀ ကျပ်နှုန်းဖြင့် အလုံး ၅၀၀ လုံး ရောင်းချပေးလျက်ရှိသည်။ ထို့သို့ရောင်းချနေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်များအသင်း တာဝန်ရှိသူများ ကြည့်ရှုအားပေး ကြသည်။ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မြို့ပြပင်စင်စား(၆၉၆)ဦး၊ ကာကွယ်ရေး ပင်စင်စား(၃၂၆)ဦး၊ နိုင်ငံရေးပင်စင်စား (၁၆၄) ဦး စုစုပေါင်းပင်စင်စား(၁၁၈၆)ဦး ရှိပြီး၊ အဆိုပါ ပင်စင် စားများအား အောက်တိုဘာလ (၂၁) ရက်နေ့မှ(၃၀)ရက်နေ့အထိ၊ နေ့စဉ် ရုံးဖွင့်ရက်များတွင်နံနက်(၆)နာရီမှနေ့လယ်(၁၂)နာရီအထိထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှသိရှိရပါသည်။

(DOCA ဧရာဝတီ)

 

  ဦးကျော်မိုးဟိန်း (ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၅.၁၁.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ ဦးကျော်မိုးဟိန်း (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ OREO အမှတ်တံဆိပ်ပါ ကွတ်ကီး သည် အသင့်စားမုန့် အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဇလွန်မြို့နယ် ဆီဝယ်ယူခွင့်စာအုပ်ဖြင့် စားအုန်းဆီဖြန့်ဖြူးမှုအားကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၃၀.၁၀.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၄:၃၀)အချိန်တွင် ဇလွန်မြို့နယ် ဆန်တန်းရပ်ကွက်ရှိ စားအုန်းဆီလက်လီကိုယ်စားလှယ်ဆိုင်၌ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဟင်္သာတခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ် ဆင့် ခွဲတမ်းရရှိသောဆီများအား ဇလွန်မြို့ရှိ  ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့် စားသုံးသူများ ထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေး ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံစာအုပ်များထားရှိခြင်း၊သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့်ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီးသတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ