HighLight News

Powered by Drupal

ဓနုဖြူမြို့နယ်ရှိ Gasifier လုပ်ငန်းနှင့် ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

         (၃၁-၇-၂၀၂၆) ရက်နေ့တွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်အတွင်းရှိ Gasifier လုပ်ငန်း (ဦးတေဇာမင်း) နှင့် J ဝင်းဆန်စက်၊ မြဉ္ဇူဆန်စက် (ဒေါ်သူဇာလင်း) တို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် Gasifier လုပ်ငန်း၏ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေ၊ စပါးခွံ လောင်စာအသုံးပြုမှု၊ ထုတ်လုပ်သည့် ဓာတ်ငွေ့စနစ်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် စက်ကိရိယာများ လုံခြုံစိတ်ချစွာ အသုံးပြုနေမှုတို့ကို လေ့လာစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထို့အပြင် J ဝင်းဆန်စက်နှင့် မြဉ္ဇူဆန်စက်တို့တွင် စပါးဝင်ရောက်ကြိတ်ခွဲမှု၊ ဆန်ထုတ်လုပ်မှု၊ ဆန်နှင့် စပါးလက်ကျန်အခြေအနေများ၊ လုပ်ငန်းလည်ပတ်နေမှုနှင့် MyRo စနစ်တွင် လစဉ်စာရင်းများကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ ဖြည့်သွင်းထားရှိမှုအခြေအနေများကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

         စစ်ဆေးမှုအတွင်း လုပ်ငန်းရှင်များအား စာရင်းဇယားများကို တိကျမှန်ကန်စွာထားရှိရေး၊ ကုန်စည်စီးဆင်းမှုနှင့် လက်ကျန်အခြေအနေများကို မှန်ကန်စွာတင်ပြရေး၊ သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန် အသိပညာပေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်၌ MyRo စနစ်ဖြင့် ဆန်၊ စပါးလက်ကျန်စာရင်းများကို လစဉ်ကြပ်မတ်ဆောင်ရွက်လျက်ရှိ

       ညောင်တုန်းမြို့နယ်အတွင်း ဆန်၊ စပါးလက်ကျန်အခြေအနေများကို တိကျမှန်ကန်စွာ စာရင်းကောက်ယူနိုင်ရေးနှင့် စားနပ်ရိက္ခာဖူလုံမှုအခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ရေးအတွက် MyRo စနစ်ဖြင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များ၏ ဖြည့်သွင်းထားသော စာရင်းများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက လစဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       (၃၁-၇-၂၀၂၆) ရက်နေ့အထိ MyRo စနစ်၌ ဖြည့်သွင်းထားသော စာရင်းများအရ တောင်သူများထံတွင် စပါး ၁,၆၃၄,၀၈၀ တင်းနှင့် ဆန် ၁,၇၀၀ အိတ်၊ စက်ပိုင်များထံတွင် စပါး ၃၇၉,၈၂၃ တင်းနှင့် ဆန် ၂၈၀,၄၃၃ အိတ်၊ ကုန်သည်များထံတွင် စပါး ၁၀၀,၂၀၀ တင်းနှင့် ဆန် ၁,၃၀၀ အိတ်၊ ဆန်ဆိုင်များတွင် ဆန် ၅,၂၀၀ အိတ်ရှိကြောင်း စာရင်းများအရ သိရသည်။

       ထို့ကြောင့် ညောင်တုန်းမြို့နယ်အတွင်း စုစုပေါင်း စပါး ၂,၁၁၄,၁၀၃ တင်းနှင့် ဆန် ၂၈၈,၆၃၃ အိတ် လက်ကျန်ရှိကြောင်း MyRo မှတ်ပုံတင်လုပ်ငန်းရှင်များ၏ (၃၁-၇-၂၀၂၆) ရက်စွဲဖြင့် ဖြည့်သွင်းထားသည့် စာရင်းများအရ ဖော်ပြထားကြောင်း သိရသည်။

         မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MyRo စနစ်တွင် လုပ်ငန်းရှင်များက စာရင်းများကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာဖြည့်သွင်းနိုင်ရေး၊ ဆန်နှင့် စပါးလက်ကျန်အခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ရေးနှင့် လစဉ်စာရင်းများကို တိကျမှန်ကန်စွာ ပြုစုတင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များအား ကြပ်မတ်လမ်းညွှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်များရှိ ဆေးဆိုင်များတွင် ဆေးဝါးရရှိမှုနှင့် ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစစ်ဆေး

       အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများကို စဉ်ဆက်မပြတ် စောင့်ကြည့်ကြပ် မတ်နိုင်ရေးအတွက် မအူပင်ခရိုင်အတွင်း နှလုံးအားဆေးနှင့် လေဆေးများ ပြတ်လပ်မှုရှိမရှိကို (၄-၈-၂၀၂၆) ရက်နေ့တွင် ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့ရှိ မြို့ပေါ်ဆေးဆိုင်များသို့ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ရှိ ဆေးဆိုင် (၈) ဆိုင်နှင့် ပန်းတနော်မြို့နယ်ရှိ ဆေးဆိုင် (၇) ဆိုင်တို့တွင် စစ်ဆေးစဉ် ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် အရေးကြီးဆေးဝါးများ၏ လက်ကျန်အခြေအနေ၊ ပြတ်လပ်မှုရှိ/မရှိ၊ ဆေးဝါးများကို ကုမ္ပဏီများထံမှ ပုံမှန်ရရှိမှုအခြေအနေ၊ ဈေးနှုန်းပြောင်းလဲမှုနှင့် လက်ရှိဆေးဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ဆေးဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံမေးမြန်း၍ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

      ထို့အပြင် ဆေးဝါးဝယ်ယူထားသည့် ဘောင်ချာများ၊ ကုန်ပစ္စည်းဝင်/ထွက် မှတ်တမ်းများကို စစ်ဆေးခဲ့ပြီး ဆေးဝါးရောင်းချရာတွင် တရားဝင်တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှရရှိသည့် ဆေးဝါးများကိုသာရောင်းချရေး၊ ဈေးနှုန်းများကို မှန်ကန်စွာ သတ်မှတ်ရောင်းချရေးနှင့် ဆေးဝါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနသို့ ချက်ချင်းအကြောင်းကြားပေးရန် လိုအပ်ကြောင်း အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

         မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆေးဝါးဈေးကွက်တည်ငြိမ်ရေး၊ အရေးကြီးဆေးဝါးများ လုံလောက်စွာရရှိရေးနှင့် ပြည်သူများ အရည်အသွေးပြည့်မီသည့် ဆေးဝါးများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ဆေးဆိုင်များအား ပုံမှန်ကွင်းဆင်းစစ်ဆေး၍ စောင့်ကြည့်ကြပ် မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်အတွင်း အရေးကြီးကုန်စည်ဖြစ်သည့် ဆေးဝါးရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး

      အထက်ဌာန၏ ညွှန်ကြားချက်အရ (၄-၈-၂၀၂၆) ရက်နေ့တွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာဥပဒေနှင့်အညီ ဆေးဝါးရရှိမှုနှင့် ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         မအူပင်မြို့နယ်ရှိ လက်ကားဆေးဆိုင်ကြီးများဖြစ်သည့် ဦးကျားဗိုလ်၊ မြမြနှင့် ဒေါ်သိန်းညွှန့် ဆေးဆိုင်များတွင် စစ်ဆေးရာ နှလုံးအားဖြည့်ဆေး Hepalucky နှင့် လေဆေး Air-X တို့မှာ ယခင်က ရောင်းချခဲ့သော်လည်း ကုမ္ပဏီမှ မှာယူမရရှိသဖြင့် (၁) လခန့် ပြတ်လပ်နေကြောင်း သိရသည်။ Hepalucky နှလုံးအားဖြည့်ဆေး၏ ရောင်းဈေးမှာ တစ်ကပ်လျှင် ၆,၂၀၀ ကျပ် ဖြစ်ပြီး Air-X လေဆေးမှာ တစ်ကပ်လျှင် ၂,၆၀၀ ကျပ် ဖြင့် ရောင်းချခဲ့ကြောင်း၊ လက်ရှိတွင် ကုမ္ပဏီမှ ဆေးဝါးအနည်းငယ် ပြန်လည်ရရှိလာသဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးသိရှိရသည်။

         ထို့အပြင် ဓနုဖြူမြို့နယ် မြို့မဈေးကြီးအတွင်းရှိ မိဘမေတ္တာ၊ သိန်းကမ္ဘာ၊ ဦးတင်အေး၊ ရွှေတြဂံနှင့် စွမ်းထက် ဆေးဆိုင်များတွင်လည်း ကွင်းဆင်းစစ်ဆေးရာ Hepalucky နှလုံးအားဖြည့်ဆေးမှာ (၂) လခန့် ပြတ်လပ်နေသဖြင့် လက်ရှိရောင်းချနိုင်ခြင်း မရှိကြောင်း၊ Air-X လေဆေးကိုသာ ရောင်းချလျက်ရှိကြောင်း သိရသည်။ Air-X လေဆေးအား ကုမ္ပဏီခွဲမှ တိုက်ရိုက်မရရှိသဖြင့် ရန်ကုန်မြို့မှ ပြင်ပဈေးကွက်အတွင်း တစ်ကပ်လျှင် ၃,၅၀၀ ကျပ် ဖြင့် ဝယ်ယူရရှိပြီး ရောင်းချလျက်ရှိကြောင်း၊ ယခင်ရောင်းဈေးမှာ တစ်ကပ်လျှင်  ၂,၅၀၀ ကျပ် ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

           ကွင်းဆင်းစစ်ဆေးစဉ် ဆေးဆိုင်များ၏ ဆေးဝါးဝယ်ယူရရှိမှု ဘောင်ချာများ၊ အရောင်းအဝယ်မှတ်တမ်းများနှင့် ဆေးဝါးရရှိမှုအခြေအနေများကို စိစစ်စစ်ဆေးခဲ့ပြီး၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချဆောင်ရွက်ရေး၊ ဈေးနှုန်းများကို ပွင့်လင်းမြင်သာစွာ ဖော်ပြရောင်းချရေးနှင့် ဆေးဝါးရရှိမှုပြတ်လပ်မှုအခြေအနေများကို သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်၌ ကုန်အညွှန်းအမှတ်အသားနှင့် စားအုန်းဆီဖြန့်ဖြူးမှုဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

         (၃၁-၇-၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ကုန်အညွှန်းအမှတ်အသားနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု အခြေအနေများကို စနစ်တကျဆောင်ရွက်နိုင်ရေးကို ညောင်တုန်းမြို့နယ် တာဝန်ခံ ဒေါ်ချိုမီဇင်မှ အသိပညာပေးဟောပြော ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       ဟောပြောဆွေးနွေးရာတွင် ကုန်စည်များ၌ ဥပဒေအရ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို စိစစ်ကြပ်မတ်ဆောင်ရွက်ရေး၊ စားသုံးသူများ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော ကုန်စည်များကို ရွေးချယ်ဝယ်ယူနိုင်ရေးအတွက် ကုန်အညွှန်းအမှတ်အသား၏ အရေးပါမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထို့အပြင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ အကျိုးခံစားခွင့်ရှိသူများထံ မျှတစွာဖြန့်ဖြူးရောင်းချနိုင်ရေး၊ စာရင်းဇယားများ တိကျမှန်ကန်စွာ ပြုစုထားရှိရေးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

         အဆိုပါ ဟောပြောဆွေးနွေးပွဲသည် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာများ တိုးမြှင့်ရရှိစေရန်နှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများကို ပိုမိုစနစ်တကျ၊ ထိရောက်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပြီး တက်ရောက်သူ ၇၅ ဦးရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်၍ ယာယီမြို့နယ်အုပ်ချုပ်ရေးမှူးထံ ရှင်းလင်းတင်ပြ ဆွေးနွေး

       ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ဆီအသင်းနှင့် ကိုယ်စားလှယ်များက ယာယီမြို့နယ် အုပ်ချုပ်ရေးမှူးအား တွေ့ဆုံ၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ၂၀၂၆ခုနှစ် ဩဂုတ်လ ၁ရက်နေ့က  ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

         ထိုသို့ တင်ပြရာတွင် စားအုန်းဆီရရှိမှု၊ ခွဲဝေဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ ပြည်သူများထံ သတ်မှတ်စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုနှင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

       ယင်းနောက် ယာယီမြို့နယ်အုပ်ချုပ်ရေးမှူးက သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရေး၊ စားအုန်းဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် အရေးပေါ်လိုအပ်ချိန်တွင် ပြည်သူများအား ဆက်လက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် သင့်တော်သော အရံစားအုန်းဆီ ထားရှိဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

        ထို့ပြင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း စနစ်တကျဖြန့်ဖြူးရောင်းချရေး၊ စာရင်းဇယားများ တိကျမှန်ကန်စွာ ပြုစုထားရှိရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရပြီး တက်ရောက်သူ ၉ဦးရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီအရောင်းဆိုင်များအား ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း ရှိ/ မရှိ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

         ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ‌ရေးအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတို့နှင့် ပူးပေါင်း၍ ၃.၈.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများသည် ဒဂုံမြို့နယ်နှင့် ဗဟန်းမြို့နယ်များသို့ စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များ သို့သွားရောက်၍ စားအုန်းဆီများသတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် စားအုန်းဆီခွဲတမ်းရရှိမှုအပေါ် သတ်မှတ်ဈေးနှုန်းဖြင့် အပြည့်အဝရောင်းချမှု ရှိ/ မရှိနှင့် အိမ်ထောင်စုစာရင်း(သို့)စာအုပ်စနစ်ဖြင့် ရောင်းချပေးရာတွင် ပြည်သူများပိုမိုအဆင်ပြေစွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမဖြစ်ပေါ်စေရေး၊ ဆီအရည်အသွေးမှန်ကန်မှုရှစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ(၂)ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည် ကြည့်မြင်တိုင်မြို့နယ် ညဈေးအတွင်းရှိ ဦးဝင်းနိုင်(ဆီဆိုင်) နှင့် ဦးကြည်ဝင်း (ကုန်စုံဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့်ပူးပေါင်းပြီး ဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၄.၈.၂၀၂၆ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများသို့ အဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လက်ကား/လက်လီ အရောင်းဆိုင်များအား စားအုန်းဆီ များဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းဖြန့်ဖြူးရောင်းချမှုရှိ/မရှိ စားအုန်းဆီများအား ပြည်သူများလက်ဝယ်အရောက် အမှန်တကယ်ရောင်းချခြင်းရှိ/ မရှိကို ဇူလိုင်လ(၃၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲမှူး ညီညီနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမောင်မောင်ထွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးတင်ဇော်ဝင်းနှင့်ဝန်ထမ်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက ရောင်းချခွင့်ပေးထားသည့် ဆီခွဲတမ်းများအား စားသုံးသူပြည်သူလက်ဝယ်အရောက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးရန် ကွင်းဆင်းကြီးကြပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး စားအုန်းဆီဖြန့်ဖြူးခွင့်ရရှိထားသည့် လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များအား အဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြောင်းမြခရိုင်၊  ဝါးခယ်မမြို့နယ်၊ မြို့မဈေးရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မြောင်းမြခရိုင်၊  ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၂၄..၂၀၂၆)ရက်နေ့ နေ့လယ်(၁၂၀၀)နာရီအချိန်တွင် ဝါးးခယ်မမြို့ မြို့မဈေးရှိ  ကုန်စုံဆိုင်များအားကုလားလေးနှင့် မြန်မာရနံ့အမှတ်တံဆိပ် ဟင်းခတ်အမွှေးအကြိုင်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးအောင်မိုးမှ ဝါးခယ်မမြို့၊ မြို့မဈေးရှိကုန်စုံဆိုင်များတွင် ရောင်းချနေသောကုလားလေးနှင့်မြန်မာရနံ့အမှတ်တံဆိပ် ဟင်းခတ်အမွှေးအကြိုင်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/ မရှိ စစ်ဆေးခဲ့ပြီးဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆိုပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍တွဲ လျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ၊ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News