
ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ၂၀၂၆ ခုနှစ်ပထမနှစ်ဝက်အတွင်း ဗီယက်နမ်၏ အရှေ့အလယ်ပိုင်းဒေသသို့ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုကျဆင်းခဲ့သော်လည်း သွင်းကုန်လိုအပ်ချက်မြင့်မားခြင်း၊ စားသုံးမှုအလားအလာကောင်းမွန်ခြင်းနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များ (FTA) အရ အခွန်သက်သာခွင့်များရရှိခြင်းတို့ကြောင့် ၎င်းဒေသကို မဟာဗျူဟာမြောက်ဈေးကွက်တစ်ခုအဖြစ် ဆက်လက်သတ်မှတ်ထားကြောင်း သိရပါသည်။ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေးရုံး တာဝန်ခံ Truong Xuan Trung ၏ ပြောကြားချက်အရ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ဗီယက်နမ်မှ UAE သို့ တင်ပို့မှုသည် ယခင်နှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက သိသိသာသာကျဆင်းခဲ့ကြောင်း သိရပါသည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃၅ သန်းနီးပါးရှိခဲ့ပြီး ယခင်နှစ်ထက် ၄၁.၈၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ သီဟိုဠ်စေ့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၅.၁ သန်းကျော်ရှိခဲ့ပြီး ၇၀.၇၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ငရုတ်ကောင်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆.၂ သန်းနီးပါးရှိကာ ၅၀.၁၆ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး ရေထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၆.၁ သန်းခန့်ဖြင့် ၃၃.၈၈ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း သိရပါသည်။ Truong က အဆိုပါကျဆင်းမှုမှာ ကာလတိုအကြောင်းအရင်းများကြောင့် ဖြစ်ကြောင်းပြောကြားပြီး UAE သည် ပြည်တွင်းစားနပ်ရိက္ခာလိုအပ်ချက်၏ ၁၀ မှ ၁၅ ရာခိုင်နှုန်း ခန့်သာ ထုတ်လုပ်နိုင်သဖြင့် သွင်းကုန်အပေါ်အလွန်အမင်းမှီခိုနေရကြောင်းနှင့် ထို့ကြောင့် ဗီယက်နမ်စိုက်ပျိုးရေးထွက်ကုန်တင်ပို့သူများအတွက် အခွင့်အလမ်းများစွာကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ပါသည်။ အစ္စရေးနိုင်ငံသည်လည်း ဗီယက်နမ်စိုက်ပျိုးရေးထွက်ကုန်များအတွက် အလားအလာကောင်းသည့် ဈေးကွက်တစ်ခုအဖြစ် ပေါ်ထွက်လာလျက်ရှိကြောင်း သိရပါသည်။ အစ္စရေးဆိုင်ရာဗီယက်နမ်ကုန်သွယ်ရေးရုံးမှ ကုန်သွယ်ရေးအကြံပေး Le Thai Hoa က ဗီယက်နမ် ၏ အဓိကစိုက်ပျိုးရေးထွက်ကုန်များသည် အစ္စရေး၏ သွင်းကုန်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိပြီး အထူးသဖြင့် စားသောက်ကုန်၊ အဖျော်ယမကာနှင့် စားသုံးမှု၊ ပြုပြင်ထုတ်လုပ်မှုအတွက် လိုအပ်သည့် စိုက်ပျိုးရေးကုန်ကြမ်းများအပေါ် ဝယ်လိုအားမြင့်မားကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ဗီယက်နမ်ရေထွက်ကုန်များသည် အစ္စရေး၏ ရေထွက်ကုန်သွင်းကုန် စုစုပေါင်း၏ ၁၁ မှ ၁၃ ရာခိုင်နှုန်းခန့်ကိုရယူထားပြီး ဈေးကွက်ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများစွာ ကျန်ရှိနေ သေးကြောင်း သိရပါသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် ပထမလများအတွင်း တိုးတက်မှုရရှိခဲ့သည့် ပို့ကုန်အမျိုးအစားအနည်းငယ်ထဲမှ တစ်ခုလည်းဖြစ်ကြောင်း သိရပါသည်။ စားသုံးသူဝယ်လိုအား မြင့်တက်လာခြင်းအပြင် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များကလည်း အရှေ့ အလယ်ပိုင်းဈေးကွက်တွင် ဗီယက်နမ်ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုမြှင့်တင်ပေးလျက်ရှိကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် အသက်ဝင်ခဲ့သည့် ဗီယက်နမ်–UAE ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (CEPA) သည် ဗီယက်နမ်စိုက်ပျိုးရေး ထွက်ကုန်တင်ပို့သူများအတွက် အခွင့်အလမ်းသစ်များဖန်တီးပေးနိုင်မည်ဟုမျှော်မှန်းထားကြောင်း သိရပါသည်။ အဆိုပါသဘောတူညီချက်အရ UAE သည် အကောက်ခွန်လိုင်းစုစုပေါင်း၏ ၉၄.၉ ရာခိုင်နှုန်းကိုလျှော့ပေါ့ပေးခဲ့ပြီး ၎င်းအနက် ၇၄.၂ ရာခိုင်နှုန်းကို သဘောတူညီချက်စတင် အသက်ဝင်ချိန်မှစ၍ ချက်ချင်းဖယ်ရှားပေးခဲ့ကြောင်း သိရပါသည်။ ရေထွက်ကုန်၊ သီဟိုဠ်စေ့၊ ငရုတ်ကောင်း၊ သစ်နှင့် သစ်ထုတ်ကုန်များကဲ့သို့ ဗီယက်နမ်၏ အဓိကပို့ကုန်များသည် ချက်ချင်း သို့မဟုတ် ကာလတိုအတွင်း အကောက်ခွန်သက်သာခွင့်များ ရရှိလျက်ရှိကြောင်း သိရပါသည်။ ထို့အတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အသက်ဝင်ခဲ့သည့် ဗီယက်နမ်–အစ္စရေး လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (VIFTA) သည်လည်း ဈေးကွက်ဝင်ရောက်ခွင့်ကို ပိုမိုကောင်းမွန်စေခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း အစ္စရေးသို့ ဗီယက်နမ်၏ အဓိကပို့ကုန်များဖြစ်သည့် ရေထွက်ကုန်၊ သီဟိုဠ်စေ့နှင့် ကော်ဖီတင်ပို့မှုများမှာ သိသာသောတိုးတက်မှုရရှိခဲ့ကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက ကုန်တင်ပို့သူများအနေဖြင့် နည်းပညာစံချိန်စံညွှန်းများ၊ အသိအမှတ်ပြုလက်မှတ်ဆိုင်ရာ သတ်မှတ်ချက်များနှင့် ဈေးကွက်စည်းမျဉ်းများကို အပြည့်အဝလိုက်နာဆောင်ရွက်မှသာ ကုန်သွယ်ရေးသဘောတူညီချက်များ၏ အကျိုးကျေးဇူးကို အပြည့်အဝရရှိနိုင်မည်ဖြစ်ကြောင်း အကြံပြုထားပါသည်။ ဗီယက်နမ် ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) အထွေထွေအတွင်းရေးမှူး Le Viet Anh က အရှေ့အလယ်ပိုင်းဒေသသည် ကမ္ဘာ့ဟင်းခတ်အမွှေးအကြိုင် စားသုံးမှုအများဆုံးဒေသများထဲမှ တစ်ခုဖြစ်ကြောင်းနှင့် UAE သည် ပို့ကုန်ဈေးကွက်ကောင်းတစ်ခုသာမက အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဗဟို အာရှနှင့် တောင်အာရှတို့ကို ချိတ်ဆက်ပေးသည့် အဓိကထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်တစ်ခု ဖြစ်သဖြင့် ဗီယက်နမ်ထုတ်ကုန်များကို ဒေသတွင်းပိုမိုကျယ်ပြန့်သည့်ဈေးကွက်များသို့ ဝင်ရောက်နိုင်စေကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ကမ္ဘာ့ထိပ်တန်း ငရုတ်ကောင်း၊ သစ်ကြံပိုး ခေါက်နှင့် နာနတ်ပွင့်တင်ပို့သည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး အရှေ့အလယ်ပိုင်းဈေးကွက်တွင် ဗီယက်နမ်ငရုတ်ကောင်းနှင့် သစ်ကြံပိုးခေါက်တို့သည် ဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်းခန့် အသီးသီးရရှိထားကြောင်း သိရပါသည်။ သို့သော် Halal အသိအမှတ်ပြုလက်မှတ်၊ ကုန်ပစ္စည်းခြေရာခံစနစ်နှင့် ရေရှည်တည်တံ့မှုဆိုင်ရာ သတ်မှတ်ချက်များ ပိုမိုတင်းကျပ်လာခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ထို့ပြင် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်မြင့်တက်လာခြင်းနှင့် ဘရာဇီး၊ အင်ဒိုနီးရှား၊ တရုတ် နိုင်ငံတို့မှ ယှဉ်ပြိုင်မှုများပိုမိုပြင်းထန်လာခြင်းကြောင့် ဗီယက်နမ်လုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းအရည်အသွေးမြှင့်တင်ခြင်း၊ တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ကုန်အမှတ်တံဆိပ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားဖြည့်ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်ရေးအေဂျင်စီ အထွေထွေမူဝါဒဌာန အကြီးအကဲ Vu Minh Tam က စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းအမျိုးအစားခွဲခြားသတ်မှတ်မှုများကို ကြိုတင်သုံးသပ်ရန်၊ ထုတ်ကုန်ဒီဇိုင်း ရေးဆွဲသည့်အဆင့်မှစ၍ မူလနိုင်ငံသတ်မှတ်ချက်များကိုလိုက်နာရန်၊ Halal နှင့် Kosher စံချိန် စံညွှန်းများကို ထုတ်လုပ်မှုတွင် ထည့်သွင်းကျင့်သုံးရန်၊ ဈေးကွက်တစ်ခုချင်းစီနှင့် ကိုက်ညီသည့် မဟာဗျူဟာများချမှတ်ရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ်များကို ထိရောက်စွာအသုံးချရန် အကြံပြုခဲ့ကြောင်း သိရပါသည်။ ထို့အပြင် အာဏာပိုင်များအနေဖြင့် နိုင်ငံတော်၏ Halal စည်းမျဉ်းစည်းကမ်းမူဘောင်ကို ဆက်လက်တိုးတက်ကောင်းမွန်စေရန်၊ CEPA နှင့် VIFTA သဘောတူညီချက်များပါကတိကဝတ်များကို ပိုမိုအသိပညာပေးရန်၊ ထောက်ပံ့ပို့ဆောင်ရေး အထောက်အပံ့များမြှင့်တင်ရန်နှင့် သန့်ရှင်းရေးနှင့် အပင်ကျန်းမာရေးဆိုင်ရာ (SPS) စံချိန်စံညွှန်းများအပေါ် နှစ်နိုင်ငံဆွေးနွေးပွဲများ တိုးချဲ့ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရပါသည်။
ပထဝီနိုင်ငံရေး မရေရာမှုများ ဆက်လက်ရှိနေမည်ဟု မျှော်မှန်းထားသဖြင့် ဗီယက်နမ်အနေဖြင့် ပို့ကုန်လုပ်ငန်းများ၏ အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီနိုင်စွမ်းကိုမြှင့်တင်ရန်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးကွန်ရက်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်ရန်လိုအပ် ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်ဟု သိရပါသည်။ ၎င်းဆောင်ရွက်ချက်များသည် ကမ္ဘာ့အလားအလာအကောင်းဆုံးနှင့် အတက်ကြွဆုံးဈေးကွက်များထဲမှ တစ်ခုဖြစ်သည့် အရှေ့အလယ်ပိုင်းဒေသတွင် ဗီယက်နမ်စိုက်ပျိုးရေးကုန်အမှတ်တံဆိပ်များ၏ တည်ရှိမှုကို ပိုမိုခိုင်မာ စေမည်ဖြစ်ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
