ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

Siem Reap-Shenzhen တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်

     ကမ္ဘောဒီးယား-တရုတ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု၏ စာမျက်နှာသစ်ကို နိုင်ငံ၏ အဓိကမြို့ကြီးလေးမြို့ဖြစ်သည့် Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံ၊ Shenzhen မြို့အကြားတွင် ပထမဆုံးသော တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို ၁၈-၇-၂၀၂၅ ရက်နေ့တွင် တရားဝင် စတင်ခဲ့ကြောင်းသိရသည်။ အဆိုပါလေကြောင်းလိုင်း အသစ်သည် ယူနက်စကိုစာရင်းဝင် Angkor Wat နှင့် တရုတ်နိုင်ငံ၏ အလုံးစုံဖွံဖြိုးတိုးတက်မှု အတွက် အရေးပါသော စီးပွားရေးဩဇာလွှမ်းမိုးမှုရှိသော ဒေသတစ်ခုဖြစ်သည့် Guangdong-Hong Kong-Macao Greater Bay Area(GBA) တို့ကို ချိတ်ဆက်ထားပြီး တရုတ်ခရီးသွားများ အတွက် ပိုမိုလွယ်ကူစွာဝင်ရောက်နိုင်ရန် မျှော်မှန်းထားသည်။ ယခင်က တရုတ်ခရီးသွားများ သည် Siem Reap သို့ တိုက်ရိုက်ဆက်သွယ်မှု မရှိခြင်းကြောင့် ဖနွမ်းပင်မှတဆင့် လာရောက် လည်ပတ်ခဲ့ကြရသည်။ Air Cambodia မှ Airbus A320/A321 လေယာဉ်ကို အသုံးပြု၍ ဝန်ဆောင်မှုများကို တစ်ပတ်လျှင်တစ်ကြိမ်ပြေးဆွဲမည်ဖြစ်ဖြစ်သည်။ ခရီးစဉ်သည် အပတ်စဉ် ကြာသပတေးနေ့တိုင်း ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap ပြည်နယ်မှ စတင်ထွက်ခွာ မည်ဖြစ်ပြီး သောကြာနေ့နံနက်တွင် တရုတ်နိုင်ငံ၊ Shenzhen ပြည်နယ် မှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ(၆)လအတွင်း နိုင်ငံတကာလေကြောင်းခရီးသည် ပေါင်း ၃.၄၂ သန်းရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်း တိုးလာ ကြောင်း နိုင်ငံခြားရေးဝန်ကြီးရုံး (SSCA) က ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

DOCA (ရန်ကုန်)

ပထမနှစ်ဝက်တွင် စက်ဘီးတင်ပို့မှုမှ ကမ္ဘောဒီးယားသည် ဒေါ်လာ ၃၁၁ သန်း ရရှိ

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံခြားဈေးကွက်များသို့ ဒေါ်လာ ၃၁၁ သန်းတန်ဖိုးရှိ စက်ဘီးများ တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ဒေါ်လာ ၂၀၅ သန်းမှ ၅၁.၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ(MoC) ၏ ၁၉-၇-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ သိရသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ကမ္ဘောဒီးယား နိုင်ငံထုတ် စက်ဘီးများကို EU၊ ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ထံ အဓိက တင်ပို့ ခဲ့ကြောင်းပြောကြားခဲ့သည်။ အ၀တ်အထည်၊ ဖိနပ်၊ ခရီးသွားပစ္စည်းများ၊ ကားတာယာ၊ ဆန်၊ ရာဘာ၊ သီဟိုဠ်စေ့၊ ငှက်ပျောသီးနှင့် သရက်သီးများကိုလည်း တင်ပို့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ စက်ဘီးထုတ်လုပ်သည့် စက်ရုံ ၅ ရုံရှိပြီး ၎င်းတို့အားလုံးသည် ဗီယက်နမ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသောနယ်စပ်၌တည်ရှိသော အထူးစီးပွားရေးဇုန်များတွင် တည်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

DOCA (ရန်ကုန်)

စီးပွားရေးဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာချိန်တွင် ကမ္ဘောဒီးယား-တောင်ကိုရီးယား ကုန်သွယ်မှုသည် ကန်ဒေါ်လာ သန်း ၄၅၀ နီးပါးအထိရှိလာ

             ကမ္ဘောဒီးယားနှင့် တောင်ကိုရီးယားနှစ်နိုင်ငံအကြားကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဒေါ်လာ ၄၃၈ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလက ကန်ဒေါ်လာ ၃၉၆ သန်းမှ ၁၀.၇ ရာခိုင်နှုန်း တိုးလာကြောင်း ၁၈-၇-၂၀၂၅ ရက်နေ့က အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့သည်။ ဤသိသာထင်ရှားသော တိုးမြင့်မှုသည် အာရှ နှစ်နိုင်ငံကြား နက်ရှိုင်းသောစီးပွားရေးဆက်ဆံမှုနှင့် အောင်မြင်သောပူးပေါင်းဆောင်ရွက်မှုများကြောင့် ဖြစ်ကြောင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။ နှစ်နိုင်ငံလုံးသည် ၎င်းတို့၏ စီးပွားရေးဆက်ဆံရေးကိုမြှင့်တင်ရန်နှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမို အဆင်ပြေသော ပတ်ဝန်းကျင်ကို ဖန်တီးရန်ရည်ရွယ်သည့် ခြေလှမ်းများကို တက်ကြွစွာ ကြိုးပမ်းခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Park Jung-Wook က ပြောကြားခဲ့သည်။  အမျိုးမျိုးသော ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖိုရမ်များ ဖွဲ့စည်းခြင်းဖြင့် ကမ္ဘောဒီးယား အာဏာပိုင်များ အထူးသဖြင့် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် ကမ္ဘောဒီးယား၏ တိုးတက်လာနိုင်သော အလားအလာများကို တောင်ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များအား အောင်မြင်စွာပြသနိုင်ခဲ့ကြောင်း Park Jung-Wook က ဆက်လက် ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသည် တောင်ကိုးရီးယားသို့ ကုန်ပစ္စည်းဒေါ်လာ ၁၅၁ သန်းတန်ဖိုးရှိကုန်စည်များတင်ပို့ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၂၈၆ သန်းတန်ဖိုးရှိ ကုန်စည်များ တင်သွင်းခဲ့သည်။ ကမ္ဘောဒီးယားသည် ဖိနပ်နှင့်အခြားအ၀တ်အထည်များ၊ ခရီးသွားထုတ်ကုန်များ၊ အဖျော်ယမကာများ၊ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများ၊ ရော်ဘာ၊ ဆေးဝါးနှင့် စိုက်ပျိုးရေးထွက်ကုန်များကို တောင်ကိုရီးယားသို့ အဓိကတင်ပို့လျက်ရှိပြီး တောင်ကိုရီးယားနိုင်ငံမှ မော်တော်ယာဉ်များ၊ အီလက်ထရွန်းနစ်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဆေးဝါးများ၊ ပလတ်စတစ်အချောထည်များနှင့် ထုတ်ကုန်များကိုတင်သွင်းလျက်ရှိကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနှင့် မလေးရှားတို့သည် EV ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်

             ကမ္ဘောဒီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် လျှပ်စစ်ကား (EV) ကဏ္ဍတွင် ပူးပေါင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုရှာဖွေနေပြီး ကမ္ဘောဒီးယားရှိ EV အားသွင်း အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား လုပ်ဆောင်လျက်ရှိသည်။ တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့ တွင်ကျင်းပသည့် World Asia Expo 2025 ၌ကျင်းပသည့် Battery Show Asia 2025 ဆွေးနွေးပွဲတွင် အဆိုပါအစီအစဉ်ကိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ပူးပေါင်းရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (CCC) ၏ ဒုတိယဥက္ကဌ Chang Chivinh ဦးဆောင်သော ကမ္ဘောဒီးယားစီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် Malaysia External Trade Development Corporation (MATRADE) မှ အကြီးတန်း ဒါရိုက်တာ Jai Shankar Suppayah တို့က ဆွေးနွေးခဲ့ကြသည်။ CCC ၏အဆိုအရ နှစ်ဖက်စလုံးသည် လျပ်စစ်ကားနှင့် ဘက်ထရီ စက်မှုလုပ်ငန်းဆိုင်ရာ ထိုးထွင်းအမြင်များကို ဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံလုံးအတွက် တိုးတက်မှုအလားအလာများကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ CCC သည် ကမ္ဘောဒီးယား အစိုးရ၏ ပံ့ပိုးကူညီမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အမျိုးသားအဝေးပြေးလမ်းမကြီးများတစ်လျှောက် EV အားသွင်းရုံများတည်ဆောက်ရာတွင် ရှေ့ပြေးရင်းနှီးမြှုပ်နှံမှုများကိုစဉ်းစားနေကြောင်း မှတ်ချက်ပြုခဲ့သည်။ CCC သည် မလေးရှားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်းနှင့် ကမ္ဘောဒီးယား ဈေးကွက်သို့ဝင်ရောက်ရန်ရည်ရွယ်သည့် စီးပွားရေးဆိုင်ရာ အဆိုပြုချက်များကို အဆင်ပြေ ချောမွေ့စေရန်နှင့် ပံ့ပိုးကူညီရန် Chivinh မှ ကတိပြုခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)  

ကမ္ဘောဒီးယား စိုက်ပျိုးရေးအတွက် ခေတ်သစ်တစ်ခုဖြစ်လာခဲ့သည့် ဒူးရင်းသီးတင်ပို့မှု

               ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဆုံး ဒူးရင်းတင်ပို့မှုမှာ ဒူးရင်းသီးတန်ချိန် ၁၇ တန်ခန့်အား စံချိန်စံညွှန်းနှင့်အညီထုပ်ပိုးပြီး ၁၇-၇-၂၀၂၅ ရက်နေ့တွင် တရုတ်ဈေးကွက်သို့ တရားဝင် တင်ပို့ခဲ့သည်။ အဆိုပါ ဒူးရင်းသီးပို့ကုန်များကို HF FRUIT LTD မှ တရုတ်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ ထုပ်ပိုးသည့် စက်ရုံအား ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့က Tbong Khmum ခရိုင်၌ တရားဝင်ဖွင့်လှစ်ခဲ့ပြီးနောက် ယခုကဲ့သို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် Hun Manet ဦးဆောင်သော ကမ္ဘောဒီးယားအစိုးရနှင့် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနတို့မှ တရုတ်နိုင်ငံသို့ကမ္ဘောဒီးယား ဒူးရင်းသီးတင်ပို့နိုင်စေမည့် ပံ့ပိုးပေးသည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးခဲ့သည့် ကိုယ်စားလှယ်ကုမ္ပဏီများအား ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။ ကမ္ဘောဒီးယားတွင် ဒူးရင်းစိုက်ဧက ၅,၀၀၀ ခန့်ရှိပြီး နှစ်စဉ် ဟက်တာ ၃,၀၀၀ ရိတ်သိမ်းကာ တန်ချိန် ၃၇,၀၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။

Source: Khmer Times

DOCA(ရန်ကုန်)   

သီဟိုဠ်စေ့တင်ပို့မှုသည် ပထမ နှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၇၀၀ သန်းကျော်ရရှိ

              ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ် ပထမခြောက်လတွင် ကန်ဒေါ်လာ သန်း ၇၀၀ ကျော် တန်ဖိုးရှိ သီဟိုဠ်စေ့တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှဇွန်လအထိ သီဟိုဠ်စေ့ တင်ပို့မှုမှ ကန်ဒေါ်လာ ၇၅၃.၂၁ သန်းတန်ဖိုးရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ် ပါက ၅၆.၆၇ ရာခိုင်နှုန်းတိုးလာခဲ့သည်။ သီဟိုဠ်စေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ပိုမိုဆွဲဆောင်ရန် တာဝန်ရှိသူများက တက်ကြွစွာလုပ်ဆောင်လျက်ရှိပြီး အထူးသဖြင့် ပြုပြင်ခြင်း နှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှုများတွင် လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း (CAC) ၏ အဆိုအရ ကမ္ဘောဒီးယားနိုင်ငံကို သီဟိုဠ်စေ့ထုတ်လုပ်ငန်းနှင့် ပို့ကုန်အတွက် ဒေသဆိုင်ရာအချက်အချာအဖြစ် ပြောင်းလဲရန် ရည်ရွယ်သည့် သီဟိုဠ်စေ့စက်မှုဥယျာဉ် (CIP) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တရုတ်၊ အိန္ဒိယ၊ စင်ကာပူနိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။  CAC မှ ထုတ်ပြန်ချက်တွင် ကမ္ဘောဒီးယားအစိုးရသည် CIP ဖွံ့ဖြိုးရေးအတွက် Kampong Thom ပြည်နယ်ရှိ မြေ ၄၀၀ ဟက်တာ ခွဲဝေပေးထားကြောင်း ဖော်ပြထားသည်။ CAC ၏ ဒုတိယဥက္ကဌ ဖြစ်သူ Suy Kokthean က ကမ္ဘောဒီးယားသည် လက်ရှိတွင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး သီဟိုဠ်စေ့ ထုတ်လုပ်သူအဖြစ် အဆင့် သတ်မှတ်ထားပြီး မကြာမီကာလအတွင်း သီဟိုဠ်စေ့အများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာရန် မျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ သည် ၎င်း၏အရည်အသွေးမြင့် သီဟိုဠ်စေ့များကြောင့် လူသိများပြီး အစိုးရ၏ဦးစားပေးရင်းနှီးမြှုပ်နှံမှု မူဝါဒအရ Qualification Investment Project (QIP-Plus) ဖြင့် ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ၎င်းတို့၏ လုပ်ငန်းများကို တိုးချဲ့ခြင်းမှ သိသာထင်ရှားသော အကျိုးကျေးဇူးများစွာရရှိစေကြောင်း Kokthean က ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား၏ RCEP နိုင်ငံများနှင့် ကုန်သွယ်မှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် ဒေါ်လာ ၂၀ ဘီလီယံနီးပါး ရောက်ရှိခဲ့

            ကမ္ဘောဒီးယား၏ ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံရေး (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၁၉.၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ဒေါ်လာ ၁၆.၅ ဘီလီယံမှ ၁၆.၉ ရာခိုင်နှုန်း တိုးလာကြောင်း ၁၆-၇-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့်တရားဝင်အစီရင်ခံစာအရသိရသည်။ RCEP အဖွဲ့ဝင်နိုင်ငံများသို့ မြန်မာနိုင်ငံ၏ ပို့ကုန်သည် ယခုနှစ် ဇန်နဝါရီမှဇွန်လအတွင်း စုစုပေါင်းကန်ဒေါ်လာ ၅.၀၃ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ်အလားတူကာလထက် ကန်ဒေါ်လာ ၄.၅၂ ဘီလီယံမှ ၁၁ ရာခိုင်နှုန်း တိုးလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြုစုထားသောအစီရင်ခံစာအရ သိရသည်။ တစ်ချိန်တည်းတွင် RCEP အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတော်သို့ သွင်းကုန်ပမာဏသည် ကန်ဒေါ်လာ ၁၄.၆၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ကန်ဒေါ်လာ ၁၂.၃၈ ဘီလီယံမှ ၁၈.၅ ရာခိုင်နှုန်းတိုးလာကြောင်း အစီရင်ခံစာတွင်ဖော်ပြထား သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေး၀န်ကြီးနှင့် ပြောရေး ဆိုခွင့်ရှိသူ Penn Sovicheat က ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှုသဘောတူညီချက်သည် အမေရိကန်၏ အခွန်စည်းကြပ်မှုများမြင့်တက်နေချိန်တွင်ကုန်သွယ်မှုမြှင့်တင်ရာတွင် အရေးပါ သောအခန်းကဏ္ဍမှ ပါဝင်ကြောင်းပြောကြားခဲ့သည်။ RCEP သည် ရေရှည်ပို့ကုန်တိုးတက်မှု အတွက် အထောက်အကူဖြစ်ပြီး ကမ္ဘောဒီးယားသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ပိုမို ဆွဲဆောင်ရန် အားထားရာတစ်ခုဖြစ်ကြောင်း Sovicheat က ပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)  

၂ နှစ်အတွင်း လုပ်ငန်းအသစ် ၅,၀၀၀ ကျော် တည်ထောင်နိုင်ခဲ့သည့် ကမ္ဘောဒီးယား

               ကမ္ဘောဒီးယားရှိ စက်ရုံအလုပ်ရုံများနှင့် လုပ်ငန်းအရေအတွက်သည် ၂ နှစ်အတွင်း ၅,၀၀၀ ကျော် သို့မဟုတ် ၁၃ ရာခိုင်နှုန်းကျော် တိုးလာကြောင်း အလုပ်သမားနှင့် အသက် မွေးဝမ်းကျောင်းလေ့ကျင့်ရေးဝန်ကြီးဌာန (MLVT) ၏ ၁၆-၇-၂၀၂၅ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာအရသိရသည်။ တိုးတက်မှုသည် ကမ္ဘောဒီးယားစီးပွားရေး၏ ခိုင်မာမှုနှင့် တော်ဝင် အစိုးရအား ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို တိုးလာစေခဲ့သည်။ အစီရင်ခံစာအရ ကမ္ဘောဒီးယားရှိစက်ရုံနှင့်လုပ်ငန်းအရေအတွက်သည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ ၂၂ လ တာကာလအတွင်း ၅,၃၅၆ ခု တိုးတက်လာခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသော လုပ်ငန်းအရေအတွက်သည် ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၈၅ ခု တိုးလာကာ လုပ်ငန်းပေါင်း ၄၄,၇၉၈ ခု ရှိခဲ့သည်။ MLVT မှပြောရေးဆိုခွင့်ရှိသူ Sun Mesa က စက်ရုံအလုပ်ရုံများနှင့် လုပ်ငန်းအရေအတွက် တိုးလာမှုသည် ကမ္ဘောဒီးယားစီးပွားရေး၏ ခိုင်မာမှုနှင့် ဝန်ကြီးချုပ် Hun Manet ဦးဆောင်သော တော်ဝင်အစိုးရတွင် ပြည်တွင်းနှင့် အထူးသဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ယုံကြည်မှုအတွက်သက်သေပြချက်ဖြစ်ကြောင်းနှင့် MLVT သည်ကောင်းမွန်သော ရင်းနှီးမြုပ်နှံမှုပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ၎င်းတွင် ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီပြီး ကုန်ထုတ် စွမ်းအားတိုးမြင့်စေသည့် ကျွမ်းကျင်လုပ်သားအင်အားကို တည်ဆောက်ရန် နိုင်ငံသားများအား နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ပေးခြင်းများ ပါဝင်သည်။ ကမ္ဘောဒီးယား၏ ထုတ်လုပ်မှုနှင့် ပို့ကုန်စွမ်းရည်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့်နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး အဆိုပါတိုးတက်မှုများ သည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာစေရန် အထောက်အကူဖြစ်စေခဲ့ကာ တိုးတက်မှုနှုန်းမှာ ၂၀၂၅ ခုနှစ်တွင် ၅ ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် ၆ ရာခိုင်နှုန်းအထိရှိမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့် ကုန်စည် စီးဆင်းမှု ဦးစီးဌာန (GDCE) ၏ အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံ၏ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားထုတ်ကုန်များ (GFT) သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၇.၃၈ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလကဖော်ပြခဲ့သည့် ကန်ဒေါ်လာ ၆.၀၂ ဘီလီယံ ထက် ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဇန်နဝါရီမှဇွန်လအတွင်း အထည်ချုပ်ထုတ်ကုန်များ သည် ကန်ဒေါ်လာ ၅,၂၈၃ သန်းရှိပြီး တစ်နှစ်ထက် တစ်နှစ် ၂၂ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘာ့ထိပ်တန်း ပီလောပီနံတင်ပို့မှု အများဆုံးနိုင်ငံအဖြစ်သို့ ထိုင်းရောက်ရှိ

    ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း ပီလောပီနံတင်ပို့ရောင်းချသည့် နိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင်လည်း ထိပ်ဆုံးနေရာကို ထိန်းသိမ်းထားနိုင်ရန် ရည်မှန်း ထားကြောင်း ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

      အဆိုပါ ဝန်ကြီးဌာနရှိ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က မကြာသေးမီက သတင်းထောက်များအား ပြောကြားရာတွင် ၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း ပီလောပီနံတန်ချိန် ၄.၀၆ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူတင်ပို့မှုနှင့် နှိုင်းယှဉ် ပါက ၃၇.၁၆ ရာခိုင်နှုန်း တိုးတက်မှုရှိကြောင်း၊ ယခုနှစ် တစ်နှစ်ပတ်လုံး တင်ပို့မှုသည် တန်ချိန် ၇.၅ သန်းအထိ ရောက်ရှိလာနိုင်ပြီး နိုင်ငံတကာတွင် ထိပ်တန်းစီးပွားဖြစ် ပီလောပီနံ တင်ပို့သည့်နိုင်ငံ အဖြစ် ၂ နှစ်ဆက်တိုက် ရပ်တည်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    ပီလောပီနံအတွက် မကြာသေးမီက စူးစမ်းလေ့လာတွေ့ရှိထားသည့် ဈေးကွက်သစ်များ နှင့် အလားအလာရှိသော ဝယ်လက်ဈေးကွက်များဆိုင်ရာ နောက်ဆုံးရသတင်းများကို ထိုင်းတင်ပို့သူ များထံ မျှဝေပေးနိုင်ရန် ၎င်း၏ဌာနမှ အကောင်အထည်ဖော်မည့် အစီအစဉ်သည် ဤရည်မှန်းချက် အောင်မြင်ရေးအတွက် အထောက်အကူပြုလိမ့်မည်ဟု Arada Fuangtongက ပြောကြားခဲ့သည်။

     တရုတ်နိုင်ငံ၏ ကြီးမားသောဈေးကွက်အပြင် ထိုင်းပီလောပီနံကို ဝယ်လိုအားများသည့် အခြားဝယ်လက်များမှာ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ ကုမ္ပဏီများ ဖြစ်ကြသည်။

    ထိုင်းပီလောပီနံတင်ပို့သူများအနေဖြင့် ၎င်းတို့၏ တင်ပို့မှုများကို အထူးသဖြင့် တိရစ္ဆာန် အစာလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ကဏ္ဍများကဲ့သို့ နောက်ထပ် အလားအလာရှိသော ကဏ္ဍ အသစ်များသို့ ချဲ့ထွင်သင့်သည်ဟု Ms. Arada  က အကြံပြုထားသည်။

    ကမ္ဘာ့ဈေးကွက်တွင် ယခုနှစ် အစပိုင်း၌ ပီလောပီနံဈေးနှုန်းများသည် ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သော်လည်း နောက်ဆုံးရ ကိန်းဂဏန်းအချက်အလက်များအရ ကမ္ဘာတစ်ဝန်းမှ ဝယ်လိုအား များပြားလာမှုကြောင့် ထိုင်းတွင်စိုက်ပျိုးသော ပီလောပီနံ၏ ပြည်တွင်းဈေးနှုန်းသည် ပျမ်းမျှအားဖြင့် ၁ ကီလိုဂရမ်လျှင် ၂ ဘတ်အထိ နှစ်ဆတိုးမြင့်လာခဲ့သည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာနှင့် စီးပွားရေးအထိမ်းအမှတ် အဆောက်အဦဖြစ်သည့် ICONSIAM တွင် ထိုင်း နိုင်ငံခြားကုန်သွယ်ရေး ဦးစီးဌာနက စီစဉ်ကျင်းပသည့် ၇ ကြိမ်မြောက် ကမ္ဘာ့ပီလောပီနံညီလာခံ၌ ပါဝင်ဆွေးနွေးကြမည့် ကမ္ဘာတစ်ဝန်းရှိ ဝယ်လက်များထံမှ အနည်းဆုံး ဘတ်ငွေသန်း ၃၀၀ တန်ဖိုးရှိသော အမှာစာ အသစ် များရရှိရန် မျှော်လင့်ထားကြောင်း သိရသည်။

Source: Thai PBS World, 30 Jul 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

၂၀၂၅ ဒုတိယနှစ်ဝက်၌ စားအုန်းဆီတင်ပို့မှု ပြန်လည်အားကောင်းလာရန် မလေးရှား မျှော်လင့်

      စားအုန်းဆီ အဓိကတင်ပို့ရာ စျေးကွက်များတွင် ပွဲတော်ရာသီဝယ်လိုအား ကောင်းမွန်မှု ကြောင့် ယခု ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် စားအုန်းဆီတင်ပို့မှု ပြန်လည်ကောင်းမွန်လာမည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က မျှော်လင့်လျက်ရှိကြောင်း The Edge Malaysia သတင်းဌာနက ဇူလိုင်လ ၂၈ ရက်နေ့တွင် ဖော်ပြထားပါသည်။

     စားအုန်းဆီ၏ စျေးနှုန်းအရ ဆွဲဆောင်မှုနှင့် စားသုံးဆီကြမ်းများအတွက် သွင်းကုန်အခွန် နိမ့်ကျခြင်းတို့အရ  အထူးသဖြင့် ပွဲတော်ရာသီအတွက် စားအုန်းဆီ သိုလှောင်မှုလက်ကျန်ပမာဏ ကို ဖြည့်တင်းရန် လိုအပ်နေသည့် အိန္ဒိယမှ ဝယ်လိုအားကောင်းမှုကို ဖြစ်စေသည်ဟု MPOB မှ ညွှန်ကြားရေးမှူးချုပ် Mr. Datuk Dr Ahmad Parveez Ghulam Kadir က မလေးရှား Bernama သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း မလေးရှားနိုင်ငံမှ စားအုန်းဆီနှင့် ဆီအုန်းအခြေခံ ထုတ်ကုန်များ တင်ပို့မှုသည် တန်ချိန် ၁၁ ဒသမ ၃၉ သန်းသာရှိသည့်အတွက် ယခင်နှစ် ကာလတူ တင်ပို့မှုအောက် ၇ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း MPOB ၏ ကိန်းဂဏန်းများအရ သိရ သည်။ အိန္ဒိယ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ်နှင့် အီဂျစ်နိုင်ငံတို့၌ စားအုန်းဆီ ဝယ်လိုအား နည်းပါးလာခြင်းကြောင့် မလေးရှား စားအုန်းဆီ တင်ပို့မှုသည် ယခုနှစ် နှစ်ဝက်ကာလအတွင်း တန် ချိန် ၆ ဒသမ ၉၅ သန်းသာရှိပြီး ၂၀၂၄ ခုနှစ်နှင့် ကာလတူနှိုင်းယှဉ်ပါက ၇.၇ ရာခိုင်နှုန်း ကျဆင်းမှု ရှိခဲ့သည်။ သို့သော် ဖိလစ်ပိုင်၊ အီရန်၊ ကင်ညာနှင့် နိုင်ဂျီးရီးယားနိုင်ငံများသို့ တင်ပို့မှုပမာဏမှာ တိုးတက်မှုရရှိခဲ့ပါသည်။

    ယခုနှစ်တွင် ပို့ကုန်ပမာဏတန်ချိန် ကျဆင်းသွားသော်လည်း မလေးရှားနိုင်ငံ၏ စားအုန်း ဆီနှင့် ဆီအုန်းအခြေခံထုတ်ကုန် တင်ပို့မှုမှရရှိသည့် ပို့ကုန်၀င်ငွေမှာ ရင်းဂစ် ၅၃.၄၃ ဘီလီယံအထိ ရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၉.၃ ရာခိုင်နှုန်း တိုးတက်လာကြောင်းနှင့် စားအုန်းဆီ တင်ပို့မှုတန်ဖိုး ရင်းဂစ် ၃၄ ဘီလီယံနီးပါးရှိခဲ့ကြောင်း Mr. Ahmad Parveez က ပြောကြားခဲ့သည်။

    မလေးရှား၏ ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံးအတွက် စားအုန်းဆီတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် စံချိန်တင် တင်ပို့ခဲ့သည့် တန်ချိန် ၁၆ ဒသမ ၉ သန်း အောက်သို့ ၅ ဒသမ ၃ ရာခိုင်နှုန်း လျော့နည်းနိုင်မည်ဟု ခန့်မှန်းထားသည်။

    အိန္ဒိယဈေးကွက်တွင် အစားအသောက်ဝန်ဆောင်မှုများ၊ အိမ်သုံးပစ္စည်းနှင့် အစားအစာ ထုတ်လုပ်ရေးကဏ္ဍတို့တွင် ဝယ်လိုအားသည် အထူးအားကောင်းလျက်ရှိကြောင်း၊  သို့သော်လည်း စိန်ခေါ်မှုအချို့ရှိနေပြီး ၎င်းတို့အနက် အိန္ဒိယ၏ သွင်းကုန်အခွန်မူဝါဒသည်လည်း တစ်ခု အပါအဝင် ဖြစ်ကြောင်း အထူးသဖြင့် သွင်းကုန်အခွန်များကို မကြာခဏပြုပြင်ပြောင်းလဲ သတ်မှတ်ခြင်းဖြစ် ပါကြောင်း၊ မကြာသေးမီက စားအုန်းဆီကြမ်းအပေါ် ၂၇.၅ ရာခိုင်နှုန်းနှင့် သန့်စင်ပြီးစားအုန်းဆီ အပေါ် ၃၅.၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကာ ထိရောက်သော အခွန်အခများ သတ်မှတ်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းက စားအုန်းဆီ၏ သဘာဝအရ ဈေးနှုန်းအားသာချက်ကို ပဲပုပ်ဆီနှင့် နေကြာ ဆီကဲ့သို့သော အဆင့်မြင့်စားသုံးဆီများနှင့်နှိုင်းယှဉ်ရာတွင် ကွာဟမှုနည်းပါးသွားစေကြောင်း Mr. Ahmad Parveez က ပြောကြားခဲ့သည်။

    အိန္ဒိယနိုင်ငံ စားသုံးဆီများနှင့် စားအုန်းဆီဆိုင်ရာ အမျိုးသားမစ်ရှင်အဖွဲ့လက်အောက်၌ ပြည်တွင်း ဆီထွက်သီးနှံများ ထုတ်လုပ်မှု အားကောင်းလာစေရန် ရည်ရွယ်၍ဖော်ဆောင်သော အိန္ဒိယနိုင်ငံ၏ မူဝါဒရည်မှန်းချက်ကို မလေးရှားနိုင်ငံအနေဖြင့် အသိအမှတ်ပြုသော်လည်း ထိုသို့သော ဆောင်ရွက်မှုများသည် စားအုန်းဆီတင်သွင်းမှု ကုန်ကျစရိတ်ကို တိုးမြင့်လာစေပြီး ကြိုတင် ခန့်မှန်းနိုင်မှုနည်းပါးစေကြောင်း Mr. Ahmad Parveez က ဆိုသည်။

    ကမ္ဘာ့ပဲပုပ်ဆီ အများအပြား ထုတ်လုပ်မှုနှင့်အတူ စားအုန်းဆီ၏ ပရီမီယံအဆင့် စျေးနှုန်း မြင့်မားမှုအရ ၂၀၂၃ ခုနှစ်၌ အိန္ဒိယ၏ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုများတွင် စားအုန်းဆီပါဝင်မှု သည် ၅၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၄၆ ရာခိုင်နှုန်းသို့ ကျဆင်းစေခဲ့ကြောင်း၊ သို့သော် ယခုနှစ် ပထမနှစ်ဝက်၌ အိန္ဒိယစားအုန်းဆီတင်သွင်းမှုတွင် မလေးရှား၏ ပါဝင်မှုသည် ၃၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းသာရှိခဲ့ကြောင်းဖြင့် မလေးရှားစားအုန်းဆီကောင်စီ အမှုဆောင်အရာရှိချုပ် Ms. Belvinder Sron က ဇူလိုင်လ တတိယရက်သတ္တပတ်အတွင်း နယူးဒေလီမြို့၌ ကျင်းပခဲ့သော စားသုံးဆီလုပ်ငန်းဆိုင်ရာ ညီလာခံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

Source: The Edge Malaysia, 28 Jul 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ