ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သုံးလတာ ကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၂၀၀၀ နီးပါး တင်ပို့နိုင်

      ပြည်တွင်းမှ ရေထွက်ကုန်ပစ္စည်းများကို   ပြည်ပသို့တင်ပို့လျက်ရှိရာ  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၂၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။"၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက် ကနေ ဇွန်လ ၃၀ ရက်အထိ သုံးလတာကာလအတွင်း ပြည်ပကို ပုစွန်မက်ထရစ်တန် ၁၉၇၅ ဒသမ ၃၉၄ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ  ၅ ဒသမ ၄၆၈ သန်းရရှိခဲ့ပါတယ် "ဟု ၎င်းကပြောသည်။

          ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်   ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၁၈၀၉ ဒသမ ၀၇၄ တန်တင်ပို့ကာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၆၄ သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၁၆၆ ဒသမ ၃၂ တန်တင်ပို့ကာ အမေရိကန်ဒေါ်လာ သုညဒသမ ၉၀၄ သန်းရရှိသည့်အတွက် ပြည်ပသို့ ပုစွန်စုစုပေါင်းမက်ထရစ်တန် ၁၉၇၅ ဒသမ၃၉၄ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ၅ ဒသမ ၄၆၈ သန်းရရှိခဲ့ကြောင်း  သိရသည်။

ပြည်တွင်းမှ ပုစွန်အပါအဝင် ငါး စသည့် ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင်  နယ်စပ်မှလည်း တိုက်ရိုက်တင်ပို့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်သုံးလတာ ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်   စုစုပေါင်းမက်ထရစ်တန်   ၈၂၇၇၃ ဒသမ ၈၁၁ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ၆၀၁  သန်း ရရှိထားကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ယခုဘဏ္ဍာနှစ် လေးလတာ ကာလအတွင်း ပြည်ပသို့ ငါးမက်ထရစ်တန် ရှစ်သောင်းကျော် တင်ပို့နိုင်

      ပြည်ပသို့   ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် လေးလတာကာလ အတွင်း   ပြည်ပသို့   ငါးမက်ထရစ်တန် ရှစ်သောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီး ဌာနမှ   တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

    "ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ  လေးလတာကာလအတွင်း ငါးမက်ထရစ်တန် ၈၁၀၆၄  ဒသမ ၇၂၁ တန်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၉၆ ဒသမ ဝ၇၅  သန်း   ရရှိခဲ့ပါတယ် "ဟု ၎င်းကပြောသည်။

          ပြည်ပသို့ငါးတင်ပို့ရာတွင် ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ လေးလ တာကာလအတွင်း  ပုံမှန်ကုန်သွယ်မှုအနေဖြင့် ငါးမက်ထရစ်တန် ၄၅၉၃၉  ဒသမ ၅ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၇  ဒသမ  ဝ၆၇  သန်းရရှိပြီး  နယ်စပ်ကုန်သွယ်မှုအနေဖြင့်   ငါးမက်ထရစ်တန် ၃၅၁၂၅ ဒသမ ၂၂၁ တန်တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၂၉  ဒသမ ၀၀၈  သန်းရရှိသည့် အတွက် ပြည်ပသို့   စုစုပေါင်း ငါးမက်ထရစ်တန် ၈၁၀၆၄ ဒသမ ၇၂၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ၉၆ ဒသမ ၀၇၅  သန်းရရှိကြောင်း  သိရသည်။

          ပြည်တွင်းမှ ပြည်ပသို့ ငါးအပါအဝင် ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် လေးလတာ ကာလအတွင်း  ရေထွက်ကုန် မက်ထရစ်တန်   ၁၁၅၉၇၁ ဒသမ  ၂၅၈  တန် တင်ပို့ ခဲ့ကြောင်း သိရသည်။ 

DOCA(ဧရာဝတီ)

 

အထည်ချုပ်၊ EV နှင့် AI ကဏ္ဍတို့၌ ဝန်ထမ်းလေ့ကျင့်ရေးများကို ဦးစားပေးဆောင်ရွက်ရန် တရုတ်နည်းပညာမြင့်ကုမ္ပဏီအား အလုပ်သမားဝန်ကြီး တိုက်တွန်းထား

      ကမ္ဘောဒီးယားနိုင်ငံ၊ အလုပ်သမားဝန်ကြီး Heng Sour က အထည်ချုပ်စက်မှုလုပ်ငန်း၊ လျှပ်စစ်ကားနည်းပညာနှင့် ဉာဏ်ရည်တု (AI) ဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်များကို ဦးစားပေးလုပ်ဆောင်ရန် Geely Talent Development Group ၏ ဥက္ကဌ Devin Lu Dan နှင့် ၄-၉-၂၀၂၅ ရက်နေ့က ဝန်ကြီးဌာနရုံးတွင် တွေ့ဆုံစဉ် တိုက်တွန်းခဲ့သည်။ အဆိုပါ စီမံချက်များကို ဝန်ကြီးဌာန၏ သက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်ကြောင်း Heng Sour က ဆက်လက်ပြောကြားခဲ့သည်။ Dan က ဤအရေးကြီးသောကဏ္ဍများတွင် အောင်မြင်သောလေ့ကျင့်ရေးပူးပေါင်းဆောင်ရွက်မှုများတွင် Geely Talent Development Group  အနေဖြင့် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ Dan က လက်တွေ့သင်ကြားမှုနှင့် အွန်လိုင်းမှတဆင့် သင်ကြားမှုတို့တွင် အသက်မွေးဝမ်းကျောင်းပညာကို အားကောင်းစေရန် ရေးဆွဲထားသော ခေတ်မီလေ့ကျင့်ရေးအစီအစဉ်များကို တင်ပြခဲ့သည်။

DOCA (ရန်ကုန်)

သြစတြေးလျသံတမန်က ကမ္ဘောဒီးယားကုန်သွယ်မှုတွင် တိုးတက်မှုအလားအလာများကို ရင်းနှီးမြှုပ်နှံသူများ ပိုမိုသိရှိနားလည်ရန် မီမောင်းထိုးပြ

           ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး Derek Yip က နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရာတွင် အခွင့်အလမ်းနှင့်စိန်ခေါ်မှုများကို မီးမောင်း ထိုးပြခဲ့ပြီး ကမ္ဘောဒီးယား၏ ဖွံ့ဖြိုးတိုးတက်မှုအလားအလာနှင့် ပတ်သက်၍ သြစတြေးလျ ရင်းနှီးမြှုပ်နှံသူများအကြား အသိအမြင်တည်ဆောက်ရန်အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့သည်။ Hyatt Regency Phnom Penh ၌ ၅-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ် သည့် အင်တာဗျူးအပြီးတွင် သံအမတ်ကြီး Yip က သြစတြေးလျနှင့် ကမ္ဘောဒီးယားကြား နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်အတွင်း သြစတြေးလျဒေါ်လာ ၁.၅ ဘီလီယံခန့် (ဒေါ်လာ ၉၉၀ သန်းခန့်) ရှိကြောင်း ပြောကြားခဲ့သည်။  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်များအရ ကမ္ဘောဒီးယားနှင့် သြစတြေးလျနိုင်ငံတို့ အကြား ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဇွန်လအထိ စုစုပေါင်း ဒေါ်လာ ၂၈၈.၀၂ သန်းရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀.၂၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။  နှစ်နိုင်ငံစလုံးသည် အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (AANZFTA) နှင့် ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (RCEP) တို့တွင် မိတ်ဖက်နိုင်ငံများဖြစ်ကြသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ်တွင် သြစတြေးလျနှင့် ကမ္ဘောဒီးယားကြား ကုန်စည်၊  ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုတန်ဖိုးသည် ကန်ဒေါ်လာ သန်း ၉၉၀ ခန့်ရှိသည်။  သြစတြေးလျသို့ ကမ္ဘောဒီးယား၏ အဓိက ပို့ကုန်များမှာ ရွှေ၊ အပန်းဖြေခရီး၊ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းများ ပါဝင်ပြီး သြစတြေးလျမှ ကမ္ဘောဒီးယားသို့ အဓိက တင်သွင်းသည့် သွင်းကုန်များတွင် ပညာရေးဆိုင်ရာအထောက်အကူပြု ပစ္စည်းများ၊ ခရီးသွားပစ္စည်းများ၊ ကျောက်မီးသွေးနှင့် အသားတို့ ဖြစ်သည်။

DOCA (ရန်ကုန်)

ကျန်းမာရေးဝန်ကြီးနှင့် Starlink မှတာဝန်ရှိသူတို့  ကမ္ဘောဒီးယားနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ တွင် အလားအလာရှိသော နည်းပညာပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေး

         ကမ္ဘောဒီးယားနိုင်ငံ၊ကျန်းမာရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်ချိတ်ဆက်မှု မြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများကို ဆွေးနွေးရန် ဝန်ကြီးဌာနရှိ Starlink USA ၏ စျေးကွက်ရှာဖွေရေးဒါရိုက်တာ Rebecca Hunter နှင့် ကျန်းမာရေးဝန်ကြီး  Chheang Ra တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ကြ သည်။ Rebecca Hunter မှ Starlink သည် ဝေးလံပြီး ချို့တဲ့သောဒေသများသို့ ကျန်းမာရေး စောင့်ရှောက်မှုလက်လှမ်းမီမှုကို ပံ့ပိုးပေးရန်အတွက် ဆေးဝါး၊ e-health နှင့် မိုဘိုင်းကျန်းမာရေး ဝန်ဆောင်မှုများ အထူးသဖြင့် ဆက်သွယ်မှု ကွာဟ ချက်များအား ပေါင်းကူးဆက်သွယ်မှုများ ကူညီပေးရန် နည်းလမ်းများကို စူးစမ်းလေ့လာရန် စိတ်ဝင်စားသည်ဟု ပြောကြားခဲ့သည်။  အဆိုပါ အကြံပြုချက်ကို ကြိုဆိုသည့်အနေဖြင့် ဝန်ကြီး Chheang Ra က ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ် ချိတ်ဆက်မှု အားကောင်းလာစေရေးသည် ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးပေးရာ တွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ စနစ်ပိုမိုကောင်းမွန်လာစေရန်နှင့် နောက်ဆုံး တွင် ကမ္ဘောဒီးယားနိုင်ငံသားအားလုံးအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေးရလဒ်များကို အာမခံနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

DOCA (ရန်ကုန်)

ပထမဆုံးလျှပ်စစ်ကားစက်ရုံကိုတည်ဆောက်ခဲ့သည့် မလေးရှားကားထုတ်လုပ်သူ Proton

        မလေးရှားကားထုတ်လုပ်သူ Proton သည် ၎င်းတို့၏ ပထမဆုံးလျှပ်စစ်ကား ထုတ်လုပ်တပ်ဆင်သည့်စက်ရုံကို စက်တင်ဘာလ ၄ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး နိုင်ငံသည် ၎င်းတို့၏ လျှပ်စစ်ကားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအရှိန်မြှင့်တင်ရန်အတွက် ကြိုးပမ်းနေကြောင်း သိရပါ သည်။ ထိုစက်ရုံသည် မလေးရှား၏ အဓိကမော်တော်ကားထုတ်လုပ်ရာအချက်အချာဖြစ်သည့် western Perak state ၏ Automotive High-Tech Valley တွင်တည်ရှိပြီး ကနဦးနှစ်စဉ် ထုတ်လုပ်နိုင်စွမ်းမှာ ကားအစီးရေ ၂၀၀၀၀ ရှိကာ ၄၅၀၀၀ ထိ ထုတ်လုပ်နိုင်ရန်စီစဉ်ထားကြောင်း သိရပါသည်။ ပထမဆုံးထုတ်လုပ်မည့်မော်ဒယ်မှာ e.MAS 7 ဖြစ်ပြီး ၎င်း၏နောက်တွင် e.MAS 5 ကိုထုတ်လုပ်မည်ဟု သိရပါသည်။ Proton ကိုအဓိကအားဖြင့် မလေးရှားလုပ်ငန်းကြီး DRB HICOM ကပိုင်ဆိုင်ပြီး လက်ကျန်ရှယ်ယာ ၄၉.၉ ရာခိုင်နှုန်းကို တရုတ်၏ Zhejiang Geely Holding Group ကပိုင်ဆိုင်ကြောင်း သိရပါသည်။ စက်ရုံဖွင့်ပွဲတွင် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က စက်ရုံသစ်သည် မလေးရှားနှင့်တရုတ်ကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို ရောင်ပြန်ဟပ်ကြောင်းပြောကြားခဲ့ပြီး Geely  အား ကားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်တင်ရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးက ၎င်းတို့သည် Geely အား ထိုအခွင့်အရေးကို ကားများထုတ်လုပ်ရန်စက်ရုံသာမက လေ့ကျင့်ရေး နှင့်သင်ကြားရေးအတွက် အကောင်းဆုံးစင်တာအဖြစ် တည်ထောင်ရေး အသုံးချရန် အလိုရှိကြောင်း ပြောကြားခဲ့ပါသည်။ မလေးရှားအစိုးရသည် လျှပ်စစ်ကားများအတွက် ဒေသတွင်း အချက်အချာဖြစ်လာရန် ကြိုးပမ်း လျှက်ရှိပြီး ၂၀၃၀ ခုနှစ်တွင် ကားအသစ်ရောင်းချမှုအားလုံး၏ ၂၀ ရာခိုင်နှုန်းကို hybrid နှင့် လျှပ်စစ်ကားများဖြစ်လာရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားသို့ ဗီယက်နမ်၏ ကော်ဖီတင်ပို့မှုမြင့်တက်

           ၂၀၂၅ ခုနှစ်၏ ပထမ ၇ လတွင် ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၁.၁ သန်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ရရှိခဲ့ပြီး တင်ပို့သည့်ပမာဏတွင် ၈ ရာခိုင်နှုန်းနှင့် တင်ပို့သည့်တန်ဖိုးတွင် ၆၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဥရောပသည်အကြီးမား ဆုံးဈေးကွက်အဖြစ်ဆက်လက်တည်ရှိနေပြီး အာရှတွင် အထူးသဖြင့် ကမ္ဘောဒီးယားတွင်လည်း ဝယ်လိုအားကြီးထွားလျှက်ရှိကြောင်း သိရပါသည်။ ဇူလိုင်လတွင် ဗီယက်နမ်သည် ကမ္ဘောဒီးယား သို့ အမေရိကန်ဒေါ်လာ ၂.၇ သန်းတန်ဖိုးရှိသော ကော်ဖီတန်ချိန် ၇၁၃ တန်တင်ပို့ခဲ့ပြီး တင်ပို့သည့် ပမာဏတွင် ၄၀၆ ရာခိုင်နှုန်းနှင့် တင်ပို့သည့်တန်ဖိုးတွင် ၄၆၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအကောက်ခွန်ဦးစီးဌာန၏အဆိုအရ သိရပါသည်။ ဇန်နဝါရီမှ ဇူလိုင်လထိ ၇ လ တာကာလတွင် ဗီယက်နမ်သည် ကမ္ဘောဒီးယားသို့ ကော်ဖီတန်ချိန် ၂၂၃၁ တန်တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါကပမာဏတွင် ၇၈ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၁၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စီးပွားရေး လုပ်ငန်းများသည်လည်း နှစ်နိုင်ငံကုန်သွယ်ရေးတည်ငြိမ်စွာမြင့်တက်ရေးတွင် ပူးပေါင်းပါဝင်လျှက် ရှိကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရောက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၏ ပထမ ၇ လတွင် အမေရိကန်ဒေါ်လာ ၇ ဘီလီယံကို ကျော်ဖြတ်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ကုန်ပစ္စည်းများသည် ၎င်းတို့၏အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသောဈေးနှုန်းတို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် လူကြိုက်များကြောင်း သိရပါ သည်။ တရုတ်နိုင်ငံတွင်ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းညီလာခံတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် အစည်းအဝေးအတွင် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က သယ်ယူပို့ဆောင်ရေးအားကောင်းရန်၊ နယ်စပ်လုပ်ငန်းစဉ်များမြန်ဆန်ရန်နှင့် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးအမေရိကန်ဒေါ်လာ ၂၀ ဘီလီယံထိရောက်ရှိရန် အဆိုပြုခဲ့ ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးအတိုင်ပင်ခံ Do Viet Phuong က များစွာသောပို့ကုန်-သွင်းကုန်အမျိုးအစားများမှာ အားကောင်းသောအလားအလာကို ပြသနေခြင်းနှင့်အတူ နှစ်နိုင်ငံစီးပွားရေးသည်မြင့်မားစွာလိုက်ဖက်မှုရှိနေကြောင်းနှင့် ထိုမှ တစ်ဆင့် နှစ်ဖက်အစိုးရချမှတ်ထားသည့် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ထိုအလားအလာကို အကောင်အထည် ဖော်ရန်အတွက် ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ စီးပွား ကူးသန်းဝန်ကြီးဌာနတို့သည် ဗီယက်နမ်-ကမ္ဘောဒီးယားစီးပွားရေးချိတ်ဆက်မှုကွန်းဖရန့်ကို ဩဂုတ်လတွင် ဖနွမ်းပင်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုအခမ်းအနားတွင် ဗီယက်နမ်သည် ကမ္ဘောဒီးယားအသင်းအဖွဲ့များ၊ ဖြန့်ဖြူးရေးစနစ်များနှင့် သွင်းကုန်လုပ်ငန်းရှင် များနှင့်ချိတ်ဆက်မှုအားကောင်းရန်နှင့် ကုန်သွယ်ရေးပိုမိုညီမျှရန်နှင့် ချောမွေ့ရန်အတွက် နည်းစနစ်အတားအဆီးများကိုဖယ်ရှားရေး အတူတကွလုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၏ ပထမ ၇ လတာကာလတွင် ဗီယက်နမ်၏ အသင့်သုံးသံမဏိ ရောင်းချရမှု ၉ ရာခိုင်နှုန်းမြင့်တက်

            ဇူလိုင်လတွင် ဗီယက်နမ်၏ အသင့်သုံးစတီးလ်ရောင်းချရမှုမှာ တန်ချိန် ၂.၆ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လထက် ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်စတီးလ်အသင်း၏ အဆိုအရ သိရပါသည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်၏ ပထမ ၇ လတွင် ဗီယက်နမ်သည်အသင့်သုံး စတီးလ်တန်ချိန် ၁၈.၃၂ သန်းကျော်ရောင်းချခဲ့ပြီးဖြစ်ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးစတီးလ်မှာတန်ချိန် ၇.၇ သန်းကျော်ဖြင့် အကြီးမားဆုံးဝေစုကိုပိုင်ဆိုင်ထားပြီး ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ၏စတီးလ်သုံးစွဲမှုတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးစတီးလ်က အဓိကအခန်း ကဏ္ဍတွင်ဆက်လက်တည်ရှိနေပြီး တန်ချိန် ၁.၀၇ သန်းရောင်းချခဲ့ရကာ ၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် တိုယိုတာဗီယက်နမ်၏ရောင်းအား ၂၃ ရာခိုင်နှုန်းမြင့်တက်

      ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် တိုယိုတာဗီယက်နမ်သည် ကားအစီးရေ ၄၁၀၀၀ စီးရောင်းချခဲ့ရပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၂၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လတစ်လတည်းတွင် တိုယိုတာအမှတ်တံဆိပ်မော်‌တော်ယာဉ် ၅၁၇၁ စီးရောင်းချခဲ့ရပြီး ၁၅၉၃ စီးမှာ ပြည်တွင်း၌ တပ်ဆင်သည့်ကားများဖြစ်ပြီး ၃၅၇၈ စီးမှာ အပြည့် အဝတပ်ဆင်ပြီးပြည်ပမှတင်သွင်းလာသည့်ကားများဖြစ်ကြောင်း သိရပါသည်။ ဈေးကွက်အတွင်း ယာယီနှေးကွေးခဲ့သော်လည်း တိုယိုတာသည် ကွဲပြားသောထုတ်ကုန်အမျိုးအစားနှင့် များစွာသော ကဏ္ဍများတွင် အားကောင်းသောဆွဲဆောင်မှုတို့ကြောင့် ၎င်းတို့၏ကြီးထွားမှုအဟုန်ကို ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လတွင် Hybrid မော်ဒယ်များရောင်းချရမှုမှာစံချိန်တင် ကြီးထွား အစီးရေ ၇၀၄ စီးရောင်းချခဲ့ရကာ ၂၀၂၄ ခုနှစ် ဩဂုတ်လနှင့်နှိုင်းယှဉ်ပါက ၂ ဆမြင့်တက် ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် စားသုံးသူများက လောင်စာသက်သာပြီး ကာဗွန်ထုတ်လွှင့်မှု နည်းပါးကာ သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်သော်မော်တော်ယာဉ်များသို့ အသွင်ကူးပြောင်းမှု မြင့်တက်လာခြင်းကို ပြသနေကြောင်း သိရပါသည်။  ဇိမ်ခံကားကဏ္ဍတွင် Luxus သည်အစီးရေ ၂၃၅ စီးရောင်းချခဲ့ရပြီး ၎င်း၏တည်နေရာကို ထိန်းထားနိုင်ကြောင်း သိရပါသည်။ ထို့ကြောင့် Luxus ဗီယက်နမ်တွင် စတင်မိတ်ဖက်ပြီးချိန်မှ ယခုအချိန်ထိ အစီးရော ၁၅၀၂၄ စီး ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။ အဓိကထုတ်ကုန်များကြားတွင် Yaris Cross သည် အစီးရေ ၁၀၁၂ စီး ဖြင့် ရောင်းချရမှုတွင် ၎င်း၏ဦးဆောင်မှုကို ဆက်လက်ထိန်းထားနိုင်ခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

အင်ဒိုနီးရှား-ဥရောပသမဂ္ဂ CEPA ကို စက်တင်ဘာ ၂၃ ရက်နေ့တွင်လက်မှတ်ရေးထိုးမည် ဟု ဝန်ကြီးပြောကြား

           အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က အင်ဒိုနီးရှား-ဥရောပသမဂ္ဂ(EU) ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (IEU CEPA) အတွက် စာချုပ်စာတမ်းကို ယခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးမည်ဟု ကြေညာခဲ့ပါသည်။ ဝန်ကြီးက IEU CEPA ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်းနှင့် သဘောတူညီချက်လက်မှတ်ရေးထိုးပြီးပါက နှစ်ဖက်စလုံး၏ ပါလီမန်များ၌ လုပ်ငန်းစဉ်ဆက်လက်ဆောင်ရွက်မည်ဟု အင်ဒိုနီးရှားနိုင်ငံစီးပွားရေးနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းနှင့် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ စာချုပ်စာတမ်း လက်မှတ်ရေးထိုးပြီးပါက ဥရောပစီပွားရေးနှင့် ကုန်သွယ်ရေးကော်မရှင်နာ Maros Sefovi သည် အင်ဒိုနီးရှားသို့လာရောက်လည်ပတ်ရန်ရှိကြောင်း သိရပါသည်။ သို့သော်လက်မှတ်ရေးထိုးခြင်း သည် IEU CEPA ကို အလိုအလျောက်အသက်ဝင်မည်မဟုတ်သေးကာ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှ ပါလီမန်များထံမှခွင့်ပြုချက်လိုအပ်သေးကြောင်း သိရပါသည်။ အင်ဒိုနီးရှားကုန်သွယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံတကာကုန်သွယ်ရေးညှိနှိုင်းဆွေးနွေး‌ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Djatmiko Bris Witjaksono က EU ၌ စီမံခန့်ခွဲရေးနှင့် ဥပဒေရေးရာလုပ်ငန်းစဉ်တစ်ခုလုံးသည် ၁၂ လခန့်ကြာမြင့်ကြောင်း၊ အင်ဒိုနီးရှားသည် ထိုလုပ်ငန်းစဉ်ကို ၂၀၂၆ ခုနှစ် ဒုတိယနှင့် စတုတ္ထ ၃ လပတ်ကာလကြားတွင်ပြီးမြောက်ရန် မျှော်လင့်ရကြောင်းနှင့် စီးပွားရေးစာချုပ်သည် ၂၀၂၇ ခုနှစ် ၏ ပထမ ၃ လပတ်ကာလတွင် စတင်အသက်ဝင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား နှင့် EU သည်သဘောတူညီချက်ရရှိရန် ၂၀၁၆ ခုနှစ်မှစတင်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။ ယခင်သမ္မတ Joko Widodo ၏ အုပ်ချုပ်မှု‌အောက်တွင် ကနဦးစတင် ခဲ့သည့် ဆွေးနွေးညှိနှိုင်းမှုများသည် ယခုသမ္မတ Prabowo Subianto လက်ထက်တွင် ပြီးမြောက် ကြောင်း ကြေညာနိုင်ခဲ့ကြောင်း သိရပါသည်။ IEU CEPA သည် အင်ဒိုနီးရှားနှင့် EU ကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုချိတ်ဆက်မှုပိုမိုနက်ရှိုင်းစေရန် အခွင့်အလမ်းသစ်များ ကိုဖန်တီးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ Witjaksono က စာချုပ်စတင်အသက်ဝင်ပါက အဝတ်အထည်နှင့် စားအုန်းဆီပါဝင်သည့် EU သို့တင်ပို့မည့် အင်ဒိုနီးရှား၏ ထုတ်ကုန်များသည် အကောက်ခွန်ကောက်ခံခြင်းခံရမည်မဟုတ်ကြောင်း သိရပါသည်။ ထို့ပြင် IEU CEPA သည် စုစုပေါင်းအကောက်ခွန်ကောက်ခံခြင်းခံရသည့် ကုန်ပစ္စည်းအမျိုးအစား၏ ၉၈ ရာခိုင်နှုန်းနှင့် စုစုပေါင်းတင်သွင်းသည့်တန်ဖိုး၏ ၉၉ ရာခိုင်နှုန်းအပေါ် အကောက်ခွန်များကို ပယ်ဖျက်ပေးမည် ဟု သိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ