ယခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း တရုတ်နိုင်ငံက ဂျာမနီနိုင်ငံ၏အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်လာကြောင်း ဂျာမန်ဖက်ဒရယ်စာရင်းအင်းရုံး အချက်အလက်များက ဖော်ပြ

Powered by Drupal

 

၂၀၂၅ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ဂျာမနီနိုင်ငံ၏ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု တန်ဖိုးမှာ ယူရို ၁၈၅.၉ ဘီလီယံ (၁ ယူရိုလျှင် ၁.၁၆ ကန်ဒေါ်လာခန့်) ရှိရာ ယမန်နှစ်ကာလတူထက် ၀.၆ ရာခိုင်နှုန်းတိုးတက်လာပြီး တရုတ်နိုင်ငံသည် ထပ်မံ၍ ဂျာမနီနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်လာခဲ့ကြောင်း ဂျာမန်ဖက်ဒရယ်စာရင်းအင်းရုံး၏ နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန် သော အချက်အလက်များတွင် ဖော်ပြထားသည်။

ယခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း တရုတ်နိုင်ငံမှ ဂျာမနီသို့ တင်သွင်းမှုတန်ဖိုးမှာ ယူရို ၁၂၄.၅ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၈.၅ ရာခိုင်နှုန်း တိုးလာကြောင်း စာရင်းအင်း များတွင် ပြသထားသည်။ ထုတ်ကုန်အမျိုးအစားများအရ တင်သွင်းမှု တိုးတက်နှုန်းအမြန်ဆုံးတွင် လျှပ်စစ်ပစ္စည်းကိရိယာများ၊ အဝတ်အထည်နှင့် စက်ပစ္စည်းများ ပါဝင်သည်။ ကာလတူအတွင်း ဂျာမနီက တရုတ်နိုင်ငံသို့ တင်ပို့မှုတန်ဖိုးမှာ ယူရို ၆၁.၄ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၁၂.၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ပထမသုံးလပတ်ကာလ သုံးခု အတွင်း ဂျာမနီနှင့် အမေရိကန် ကုန်သွယ်မှု တန်ဖိုးမှာ ယူရို ၁၈၄.၇ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၃.၉ ရာခိုင်နှုန်း ကျဆင်း သွား ကြောင်း၊ ယင်းအနက် ဂျာမနီက အမေရိကန်ထံ တင်ပို့မှုတန်ဖိုးမှာ ယူရို ၁၁၂.၇ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၇.၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ အမေရိကန်မှ တင်သွင်းမှုတန်ဖိုးမှာ ယူရို ၇၁.၉ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၂.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်းလည်း စာရင်းအင်းများတွင် ပြသထားသည်။

လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားလျော့နည်းခြင်း၊ ကုန်သွယ်ရေးပတ်ဝန်းကျင် ရှုပ်ထွေးခြင်းနှင့် မော်တော်ကားစသည့် အစဉ်အလာ အားသာမှုရှိသော စက်မှုလုပ်ငန်းများ၌ ချိန်ညှိမှုများသည် ဂျာမနီ၏ နိုင်ငံခြားကုန်သွယ်ရေးဖွဲ့စည်းပုံကို ထိခိုက်စေသော အဓိကအကြောင်း ရင်းများဖြစ်ကြောင်းဂျာမန်ဖက်ဒရယ်စာရင်းအင်းရုံးကပြောကြားခဲ့သည်။၂၀၁၆ ခုနှစ် မှ ၂၀၂၃ ခုနှစ် အထိ တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နေရာကို အဆက်မပြတ် ထိန်းသိမ်းထားခဲ့ကြောင်း အဆိုပါ စာရင်းအင်းရုံး အချက်အလက်များတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ဂျာမနီနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ခဲ့သည်။

Source: ဆင်ဟွာ                                                     

DOCA(ပြည်ထောင်စုနယ်မြေ)