ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကုန်သွယ်ရေးပိုမိုအားကောင်းရန် အိန္ဒိယနှင့်ထိုင်းတို့ ပူးတွဲကုန်သွယ်ရေးကော်မတီ ထူထောင်မည်

          ထိုင်းနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးအတားအဆီးများကို လျှော့ပါးစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ပူးတွဲကုန်သွယ်ရေးကော်မတီ (JTC) ထူထောင်ရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ဖြစ်သူနှင့် ဇန်နဝါရီလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေး အပြီးတွင် ထိုင်းစီးပွား ကူးသန်းဝန်ကြီးဖြစ်သူ Pichai Naripthaphan က JTC ထူထောင်ရန်ဆွေးနွေးမှုများ သည်လာမည့်နှစ်လအတွင်း စတင်ရန်မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ Mr Pichai က JTC အစည်းအဝေးများသည် မူဝါဒအဆင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့်ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများပါဝင်သော ဘက်ပေါင်းစုံ ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို နှစ်ဖက်စလုံးမှ ဖြေရှင်းစေနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ JTC အပြင် ထိုင်းနိုင်ငံသည် လေအေးပေးစက်များ၊ ပလတ်စတစ်ကော်စေ့များ၊ ပိုးတုမျှင်များ၊ MDF သစ်သား အစရှိသည့် အဓိကထိုင်းပို့ကုန်များ အတွက် ထောက်ခံချက်လုပ်ငန်းစဉ်များကို အမြန်ပြီးမြောက်စေရန် အိန္ဒိယနိုင်ငံအား တိုက်တွန်း ခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ထိုင်းနိုင်ငံသည် ရာဘာတာယာများနှင့် ကာလာတီဗီ များအတွက် သွင်းကုန်လိုင်စင်များအား လျှင်မြန်စွာခွင့်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ Mr Pichai က ထိုင်းနိုင်ငံသည်၂၀၂၅ တွင်ရည်ရွယ်ထားသည့် အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေး သဘောတူညီချက်ကို အဆင့်မြှင့်တင်ရေး ပြီးမြောက်စေရန် အပြည့်အဝပံ့ပိုးကာ ပူးပေါင်းဆောင် ရွက်သွားရန် အဆင်သင့်ဖြစ်နေကြောင်းပြောကြားခဲ့ပါသည်။ နှစ်ဖက်စလုံးသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မောင်းနှင်ရန်အတွက် ထိုင်း-အိန္ဒိယ လွတ်လပ်သောကုန်သွယ်ရေး သ‌ဘောတူညီ ချက်အပေါ် အရင်းအနှီးပြုရန် သုံးသပ်လျှက်ရှိကြောင်း သိရပါသည်။ ထိုင်းတာဝန်ရှိသူများသည် အိန္ဒိယရင်းနှီးမြှုပ်နှံသူများအား အရှေ့ပိုင်းစီးပွားရေးစင်္ကြန်တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ အထူးသဖြင့် ‌ဒေတာစင်တာများထူထောင်ရာတွင် အခွင့်အလမ်းများရှာဖွေရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံစလုံးသည် ပလတ်စတစ်ကော်စေ့များ၊ ဓာတုပစ္စည်းများ၊ ကျောက်မြတ် ရတနာများ၊ စက်ပစ္စည်းများ၊ ကားအစိတ်အပိုင်းများ၊ ရာဘာထုတ်ကုန်များ၊ ပီလောပီနံအခြေပြု ကုန်ပစ္စည်းများ၊ အထည်အလိပ်များ၊ ပြုပြင်ထားသောသစ်သားများ ပါဝင်သော တန်ဖိုးမြှင့်ထုတ် ကုန်များကို ကုန်သွယ်မှုမြှင့်တင်ရန် သဘောတူခဲ့ကြကြောင်း သိရပါသည်။ ထိုကနဦး စတင်မှုသည် ထောက်ပံ့မှုကွင်းဆက် ကြံ့ကြံ့ခံနိုင်စွမ်း အားကောင်းရန်နှင့် နှစ်နိုင်ငံစလုံးအား ဒေသတွင်း စည်းလုံးသော ကုန်ထုတ်လုပ်ရာအခြေစိုက်ဖြစ်စေရန် ရည်ရွယ်ကြောင်းသိရပါသည်။ ၎င်းတို့သည် စီးပွားရေးကွန်ယက်များ မြှင့်တင်ရန်နှင့် ကုန်သွယ်မှုအခွင့်အလမ်းများတိုးချဲ့ရန် နှစ်နိုင်ငံစလုံးရှိ ကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်မှုများ၌ ပါဝင်ဆင်နွှဲမှု အရှိန်မြှင့်တင်ရန် သဘောတူခဲ့ကြ ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံသည် အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ၏ ထိပ်တန်းကုန်သွယ် ရေးမိတ်ဖက်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ ၁၁ လတွင် အပြန်အလှန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅.၈ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၃ တူညီသည့်ကာလထက် ၆.၀၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့မှုမှာ အမေရိကန် ‌ဒေါ်လာ ၁၀.၅ ဘီလီယံရှိပြီး အဓိကပို့ကုန်များတွင် ပလတ်စတစ်ကော်စေ့များ၊ ဓာတုပစ္စည်းများ၊ ဟင်းသီးဟင်းရွက်နှင့် တိရိစ္ဆာန်အဆီများ၊ ကျောက်မြတ်ရတနာများနှင့် စတီးလ်ထုတ်ကုန်များ ပါဝင်ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံထံမှ ပြန်လည်တင်သွင်းမှုမှာ အမေရိကန်‌ဒေါ်လာ ၅.၃  ဘီလီယံတန်ဖိုးရှိပြီး အဓိကသွင်းကုန်များတွင် ကျောက်မြတ်ရတနာများ၊ စက်ပစ္စည်းများနှင့်စက် အစိတ်အပိုင်းများ၊ ဓာတုပစ္စည်းများ၊ အပင်များနှင့် သတ္ထုတွင်းထွက်ပစ္စည်းများ ပါဝင်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

မွန်ဂိုလီးယား၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် ၁၂.၃ % တိုးတက်လာခဲ့

          မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏသည် ၂၀၂၄ ခုနှစ်တွင်အမေရိကန်‌ ‌ဒေါ်လာ ၁၇.၄ ဘီလီယံခန့်ရှိပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဥ်ပါက ၁၂.၃ % တိုးတက်ခဲ့ကြောင်း မွန်ဂိုလီးယား အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာနမှ ၁၀.၁.၂၀၂၅ ရက်နေ့က ထုတ်ပြန်သော အချက်အလက်များအရသိရသည်။ မွန်ဂိုလီးယားနိုင်ငံသည် ကုန်သွယ်မှုပိုငွေကို သိသာထင်ရှားစွာ ဖော်ပြခဲ့ပြီး သွင်းကုန်ထက်ပို့ကုန်သည် ၄.၁ ဘီလီယံ ကျော်ကျော်ရှိခဲ့သည်။ ဤပိုလျှံမှုသည် အဓိကအားဖြင့် မွန်ဂိုလီးယားနိုင်ငံ၏ စီးပွားရေးအုတ်မြစ် အဖြစ်ကျန်ရှိသော သတ္တုတွင်းထွက် ပစ္စည်းများ တင်ပို့မှုသိသိသာသာတိုးလာခြင်းကြောင့် ဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့က မှတ်ချက် ပြုသည်။ သတ္တုတွင်းထွက်ကုန်များသည် ၂၀၂၄ ခုနှစ်တွင် မွန်ဂိုလီးယားစုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၉၀% ခန့်ရှိပြီး နိုင်ငံ၏ကုန်သွယ်မှုစွမ်းဆောင်ရည်ကို မောင်းနှင်ရာတွင်အရေးပါသော အခန်းကဏ္ဍ အား မီးမောင်းထိုးပြလျှက်ရှိသည်။ အိမ်နီးချင်းတရုတ်နိုင်ငံသည် မွန်ဂိုလီးယား၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိပြီး ထိပ်တန်းပို့ကုန်နှင့်သွင်းကုန် အဓိကအရင်းအမြစ် အဖြစ် ရပ်တည်လျှက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် မွန်ဂိုလီးယားပို့ကုန်၏ ၉၁.၃ % နှင့် သွင်းကုန် ၄၀ % ခန့်အားကုန်သွယ်ရောင်းဝယ်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)

မြန်မာနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ပထမ ၉ လတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ သန်းကျော်တင်ပို့နိုင်ခဲ့

၂၀၂၄-၂၅ ဘဏ္ဍာနှစ်ပထမကိုးလအတွင်း မြန်မာနိုင်ငံသည် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သန်း ကျော် တင်ပို့နိုင်ခဲ့ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ၉.၁.၂၀၂၅ ရက်နေ့က အဆိုအရ သိရသည်။ မြန်မာ နိုင်ငံသည် ယမန်နှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၉၄၈ သန်းရရှိခဲ့ကြောင်း MRF ကဆိုသည်။ စုစုပေါင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၃၇၄၉၀ ကိုယမန်နှစ် ဒီဇင်ဘာလတွင်တင်ပို့ခဲ့ပြီး ဝင်ငွေကန်‌ဒေါ်လာ ၁၄၅ သန်းရရှိခဲ့ကြောင်း အဆိုပါအဖွဲ့ချုပ်၏ အဆိုအရသိရသည်။ ကိုးလတာကာလအတွင်း မြန်မာနိုင်ငံသည် အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ နယ်သာလန် နှင့် ဘယ်လ်ဂျီယံအပါအဝင်နိုင်ငံပေါင်း ၃၀ ကျော်သို့ ပင်လယ်ရေကြောင်းလမ်းမှ ဆန်နှင့်ဆန်ကွဲများတင်ပို့ခဲ့ကြောင်းသိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်မြန်မာနိုင်ငံသည် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁.၆ သန်းကျော်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၈၄၅ သန်းကျော် ရရှိခဲ့ကြောင်း MRF ၏ အဆိုအရသိရသည်။

DOCA(ရန်ကုန်)

ယူကရိန်းနိုင်ငံ၏ လျှပ်စစ်ကား (EV) ရောင်းအားသည် ၂၀၂၄ ခုနှစ်တွင် ၃၈% ထိမြင့်တက်ခဲ့

ယူကရိန်းနိုင်ငံအတွင်းလျှပ်စစ်ကား EV ရောင်းချမှုသည် ၂၀၂၄ ခုနှစ်အတွင်း ၃၈% ထိ မြင့်တက်ခဲ့ပြီး အစီးရေ ၅၁၇၀၀ ရောင်းချခဲ့ရကြောင်း ၉-၁-၂၀၂၅ ရက်နေ့ကထုတ်ပြန်သော အစီအရင်ခံစာအရသိရသည်။

Ukravtoprom မော်တော်ယာဥ်ထုတ်လုပ်သူများအသင်း၏ အစီအရင်ခံစာအရ ၂၀၂၄ ခုနှစ် တွင်စုစုပေါင်း လျှပ်စစ် ခရီးသည်တင်ကား ၅၀၄၅၈ စီး၊ လျှပ်စစ်လုပ်ငန်းသုံးကား ၁၂၆၄ စီးနှင့် လျှပ်စစ်ဘတ်စ်ကား ၂ စီး တို့ကို နိုင်ငံအတွင်းမှတ်ပုံတင်ခဲ့ကြောင်းသိရသည်။

၂၀၂၄ အတွင်းရောင်းအား အကောင်းဆုံးလျှပ်စစ်ကားမော်ဒယ်သစ်များတွင် Volkswagen ID .4၊ BYD Song Plus၊ Honda-M-NV နှင့် Zeekr001 တို့ပါဝင်သည်။

၂၀၂၆ ခုနှစ်အကုန်တွင် နိုင်ငံအနှံ့ EV အားသွင်းစခန်းပေါင်း ၁၂၀ ကို တည်ဆောက်နိုင်ရန် စီစဥ်ထားကြောင်း ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တွင် ကြေညာခဲ့သည်။

DOCA(ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၄ ခုနှစ် ကျောက်မီးသွေးထုတ်လုပ်မှုသည် ရည်မှန်းထားသည်ထက် ကျော်လွန်ခဲ့

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ကျောက်မီးသွေး တန်ချိန် ၈၃၀.၉၆ သန်း ထုတ်လုပ်ခဲ့ပြီး ယခင်နှစ် ထုတ်လုပ်မှု တန်ချိန် ၇၇၀.၉ သန်းကို ကျော်လွန်ခဲ့ကြောင်း စွမ်းအင်နှင့်သတ္တု အရင်းအမြစ် ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ ၂၀၂၄ ခုနှစ် တွင် ကျောက်မီးသွေး ရောင်းအားသည် တန်ချိန် ၈၁၁.၀၁ သန်းရှိခဲ့ပြီး နိုင်ငံအသီးသီးသို့ တန်ချိန် ၄၃၃.၁၇ သန်း တင်ပို့ခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် တန်ချိန် ၃၇၇.၈၅ သန်း ရောင်းချ ခဲ့သည်။ ပြည်တွင်းရောင်းချရမှု စုစုပေါင်း၏ တန်ချိန် ၂၀၉.၉၃ သန်းကို ပြည်တွင်းဈေးကွက် လိုအပ် ချက်ပြည့်မီစေရန် ခွဲဝေပေးခဲ့ပါသည်။ယမန်နှစ်က ကျောက်မီးသွေး ထုတ်လုပ်မှုသည် အစိုးရ၏ လျာထားချက် တန်ချိန် ၇၁၀ သန်းထက် ၁၇ ရာခိုင်နှုန်း ကျော်လွန်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် သြစတြေးလျကိုကျော်ကာ ကမ္ဘာ့အကြီးဆုံးကျောက်မီးသွေးတင်ပို့သည့်နိုင်ငံ ဖြစ်လာသည့် အင်ဒိုနီးရှားသည် အိန္ဒိယ၊ ဂျပန်နှင့် အခြားနိုင်ငံများအပါအဝင် အခြားသောအဓိကတင်ပို့သည့် နေရာများနှင့်အတူ ကမ္ဘာ့ကျောက်မီးသွေးကုန်သွယ်မှုတွင် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင် လျှက်ရှိသည်။

DOCA(ရန်ကုန်)

နော်ဝေ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် ၂၀၂၄ ခုနှစ် တွင် စံချိန်တင် မြင့်မားနေရန် စီစဉ်ထား

နော်ဝေနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် စံချိန်တင်အဆင့်သို့ ရောက်ရှိခဲ့ပြီး လာမည့်နှစ်အနည်းငယ်အတွင်း မြင့်မားသော ဓာတ်ငွေ့တင်ပို့မှုစနစ်နှင့် နီးကပ်  နေမည်ဟု မျှော်လင့်ထားကြောင်း ဓာတ်ငွေ့တင်ပို့မှုစနစ် အော်ပရေတာ Gassco က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည် ။ ပြီးခဲ့သည့်နှစ်က ဥရောပသို့ နော်ဝေ တင်ပို့မှု စံချိန်တင်နှစ် ဖြစ်ခဲ့ကြောင်း Gassco က ပြောကြားပြီး နော်ဝေနိုင်ငံ၏ သဘာဝဓာတ်ငွေ့သည် ဥရောပ၏ သဘာဝဓာတ်ငွေ့ တင်သွင်းမှု၏ ၃၀ ရာခိုင်နှုန်းနှင့် ဥရောပ စွမ်းအင် သုံးစွဲမှု အားလုံး၏ ၉ ရာခိုင်နှုန်းခန့် ရှိကြောင်း Gassco က ပြောကြားခဲ့သည်။ Norwegian Offshore Directorate မှ နော်ဝေနိုင်ငံ၌ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုသည် ယမန်နှစ်က စံချိန်တင်မြင့်မားခဲ့ကြောင်း ပြသသည့် ၎င်း၏ နှစ်ပတ်လည် ၂၀၂၄  အစီရင်ခံစာကို ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယူကရိန်းကိုဖြတ်၍ ရုရှားမှ ဓာတ်ငွေ့ ပို့ဆောင်မှုသည် နှစ်ကုန်တွင် ရပ်ဆိုင်းသွားသည့်အတွက် နော်ဝေးနိုင်ငံ၏ ဓာတ်ငွေ့သည် ပို၍ အရေးကြီးလာကြောင်း နော်ဝေ ကမ်းလွန်ပင်လယ်ပြင် ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးချုပ် Torgeir Stordal က ပြောကြားခဲ့သည်။ နော်ဝေကမ်းလွန်ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု စုစုပေါင်းသည် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပြီးနောက် မြင့်မားပြီး တည်ငြိမ်သည့်အဆင့်တွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ သည်။ နော်ဝေး၏သဘာဝဓာတ်‌ငွေ့ ထုတ်လုပ်မှုသည် ၂၀၂၀ ခုနှစ်များအကုန်တွင် တဖြည်းဖြည်း ကျဆင်းခြင်းမပြုမီ တည်ငြိမ်ပြီး မြင့်မားသောအဆင့်တွင် ဆက်လက်ရှိနေရန် မျှော်လင့်ထား ကြောင်း ညွှန်ကြားရေးမှူးရုံးမှ ပြောကြားချက်အရ သိရသည်။ အနောက်ဥရောပ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်သူသည် ယခုဆယ်စုနှစ်နှောင်းပိုင်းတွင် မျှော်မှန်းထားသည့် ထုတ်လုပ်မှု ကျဆင်းမှုကို နှေးကွေးစေရန် သဘာဝဓာတ်ငွေ့တူးဖော်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလိုအပ်ကြောင်း  Torgeir Stordal က ၎င်း၏အမြင်ကို ထပ်လောင်းပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

အင်ဒိုနီးရှားနိုင်ငံ၏ BRICS သို့ဝင်ရောက်မှုသည် ရေနံနှင့်ဂတ်စ်တို့တွင်ရင်းနှီးမြှုပ်နှံမှုရရှိမှု ကြီးထွားလာနိုင်

          အင်ဒိုနီးရှားနိုင်ငံ၏ BRICS သို့ဝင်ရောက်နိုင်မှုသည် ရေနံနှင့်ဂတ်စ်တို့တွင် ရင်းနှီးမြှုပ်နှံမှု ဝင်‌ရောက်မှု အရှိန်မြှင့်တင်နိုင်ရန် ကူညီပေးနိုင်မည်ဟု Special Task Force For Upstream Oil and Gas Business Activities (SKK Migas ) ၏အဆိုအရသိရပါသည်။ SKK Migas ၏ အကြီး အကဲဖြစ်သူ Djoko Siswanto က အင်ဒိုနီးရှား BRICS သို့ဝင်ရောက်မှုနှင့်အတူ ၎င်းတို့သည် ရင်းနှီးမြှုပ်နှံမှုများတွင် အပြန်အလှန်ကူညီခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းနှင့် လူသားအရင်းအမြစ်နှင့် နည်းပညာကဏ္ဍတို့တွင် ဖလှယ်ရန် အခွင့်အလမ်း သစ်များ ဖွင့်လှစ်ပေးနိုင်မည်ဟု သိရပါသည်။ BRICS ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ဖြင့် မူလပထမဖွဲ့စည်းထားပြီး ယခုအခါ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း ရှိသော နိုင်ငံ ၁၀ နိုင်ငံနှင့်ဖွဲ့စည်းထားကြောင်း သိရပါသည်။ ရေနံနှင့်ဓာတ်ငွေ့တင်ပို့မှုနှင့် ပတ်သတ်၍ Siswanto က အင်ဒိုနီးရှား၏ လတ်တလောဦးစားပေးသည် ပြည်တွင်းလိုအပ်ချက် ပြည့်မီရန်ဖြစ်ကြောင်း သို့သော်ဂတ်စ်ကိုတင်ပို့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ် အတွက် BRICS ၏ဥက္ကဌအဖြစ် တာဝန်ယူသည့်ဘရာဇီးနိုင်ငံက အင်ဒိုနီးရှား၏ဝင်‌ရောက်မှုကို အသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုသို့ဝင်ရောက်လာမှုသည် အင်ဒိုနီးရှားအား ရုရှား၏ရေနံကို နည်းပါးသောဈေးနှုန်းဖြင့် ရရှိနိုင်ရန် အခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပေးနိုင် မည်ဟု သိရပါသည်။ အင်ဒိုနီးရှားအမျိုးသားစီးပွားရေးကောင်စီ၏ ဥက္ကဌဖြစ်သူ Luhut Binsar Pandjaitan ကလည်း ၎င်း၏အဖွဲ့သည် ရုရှားထံမှရေနံတင်သွင်းမှု၏ ကောင်းကျိုးနှင့်ဆိုးကျိုး များကို တွက်ဆနေကြောင်းပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

အင်ဒိုနီးရှားနှင့်‌ဟောင်ကောင်တို့ ထောက်ပံ့မှုကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဆွေးနွေး

    အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဖြစ်သူ Airlangga Hartarto က ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘဏ္ဍာရေးအတွင်းရေးမှူးဖြစ်သူ Paul Chan နှင့် ထောက်ပံ့မှုကွင်းဆက်ဝန်ဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ အာရှ၏အကြီးမားဆုံး ဘဏ္ဍာရေး ဝန်ဆောင်မှု ပေးသူများထဲမှတစ်ခုဖြစ်သည့် ဟောင်ကောင်သည် ဘဏ္ဍာရေးကဏ္ဍတွင် အင်ဒိုနီးရှားနှင့်ပူးပေါင်း ဆောင်ရွက်ရန် သိသာထင်ရှားသောအလားအလာရှိနေကြောင်း Hartarto ကပြောကြားခဲ့ပါသည်။ ထိုအစည်းအဝေးတွင် ဝန်ကြီးက ထောက်ပံ့မှုကွင်းဆက် ဝန်ဆောင်မှုများနှင့် အခြားအခြေခံအဆောက်အအုံစီမံကိန်းများ တည်ထောင်ရန် ဟောင်ကောင် ကကမ်းလှမ်းသည့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်နှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်းပြောကြားခဲ့ပါသည်။ Hartarto က ဟောင်ကောင်စီးပွားရေးလုပ်ငန်းများအား အင်ဒိုနီးရှားတွင် ကွဲပြားသည့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုရှာဖွေရန်တိုက်တွန်းခဲ့ပြီး ၎င်းတို့ ကလည်းများစွာသော ဘဏ္ဍာရေးမက်လုံးများပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ ထို ဝန်ဆောင်မှုများသည် အင်ဒိုနီးရှားနှင့်ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းများအား ကျယ်ပြန့် သော ဈေးကွက်များသို့ဝင်ရောက်ရန်နှင့် စီးပွားရေးစွမ်းရည်မြင့်တက်လာရန် ခွင့်ပြုပေးနိုင်မည် ဟု သိရပါသည်။ အစည်းအဝေးတွင် Chan က ဟောင်ကောင်သည် အင်ဒိုနီးရှားတွင် ထောက်ပံ့မှု ကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးတွင် အလားအလာရှိသော မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ နှစ်ဦးစလုံးသည်လတ်တလော ကမ္ဘာ့စီးပွားရေးအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ပထဝီ နိုင်ငံရေးအခြေအနေများကြောင့် ကမ္ဘာ့စီးပွားရေးမသေချာမရေရာမှုများသည် နိုင်ငံ အားလုံး အတွက် စိန်ခေါ်မှုဖြစ်နေကြောင်း ပြောကြားခဲ့ကြပါသည်။ ထို့ပြင် Chan က ကမ္ဘာ့စီးပွားရေး အခက်အခဲများကြား အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးနှင့်ဈေးကွက်ကြီးထွားလာမှု အပေါ်အမွှမ်းတင် ပြောကြားခဲ့ပါသည်။ ၎င်းတို့၏ဆွေးနွေးမှုအချုပ်တွင် ဝန်ကြီးက ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစိမ်းရောင်ကဏ္ဍများ အစရှိသည့် အလားအလာရှိသောဧရိယာများအား ဟောင်ကောင်ရင်းနှီး မြှုပ်နှံသူများကရှာဖွေရန်နှင့် စက်မှု၊ ခရီးသွား၊ ကုန်ထုတ်လုပ်မှုနှင့် ဒစ်ဂျစ်တယ်ကဏ္ဍများကို အဓိကထားသည့် အထူးစီးပွားရေးဇုန်များပါဝင်သော သိသာ ထင်ရှားသော အလားအလာရှိသည့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို ပြောကြားခဲ့ ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက်ငှက်သိုက်တင်ပို့မှုအရှိန်မြှင့်တင်ရန် အင်ဒိုနီးရှားအစိုးရ ရည်ရွယ်

         အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Sudaryono က ပြည်သူများအနေဖြင့် ငှက်သိုက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် တိုက်တွန်းအားပေးခဲ့ပြီး ၎င်း သည် မိသားစုများ၏စီးပွားရေး တိုးတက်ရန်သိသာထင်ရှားသောအလားအလာရှိပြီး နိုင်ငံ၏တင်ပို့ မှုများကို အရှိန်မြှင့်တင်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ငှက်သိုက် တင်ပို့မှု၏ ၆၀ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ အစိုးရသည်လည်း ငှက်မွေးမြူရေးသမားများ အား ပံ့ပိုးပေးမည်ဖြစ်ပြီး လိုအပ်သောလုပ်ငန်းစဉ်များအား ရှင်းလင်းစေရန်နှင့် အရှိန်မြှင့်တင်ရန် ပြင်ဆင်ထားကြောင်း သိရပါသည်။ Sudaryono က အစိုးရဘက်ခြမ်းအနေဖြင့် တင်ပို့မှုပမာဏ မြှင့်တင်ရန်အလိုရှိကြောင်းနှင့်လုပ်ငန်းရှင်များစိတ်အားထက်သန်စေရန်အတွက် စည်းမျဉ်းများကို ရှင်းလင်းစေရန် ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသမ္မတသည် အစား အစာဖူလုံမှုရှိစေရန်၊ တင်သွင်းမှုလျှော့ချရန်နှင့် တင်ပို့မှုမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရ ပါသည်။ Sudaryono က ငှက်များအတွက်အသိုက်များသင့်ရုံမျှစီစဉ်ပေးရုံမျှဖြင့် မွေးမြူရေးသမား များသည် ဝင်ငွေအများအပြားရရှိနိုင်ကြောင်းနှင့် ငှက်သိုက်ဈေးနှုန်းများသည်လည်း တစ်ကီလို ဂရမ်လျှင် ရူပီးသန်းချီရရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနသည် လည်း နိုင်ငံ၏ GDP တိုးတက်လာရန် ငှက်သိုက်ထုတ်ကုန်များ ပြုပြင်ထုတ်လုပ်တင်ပို့ခြင်းကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ‌ပေါ်တွင် ငှက်သိုက်အဓိက‌ရောင်းချသူဖြစ်ပြီး ကမ္ဘာ့စုစုပေါင်းရောင်းချမှု၏ ၆၀ မှ ၈၀ ရာခိုင်နှုန်းကြားပံ့ပိုး ရောင်းချလျှက်ရှိကြောင်း သိရပါသည်။ ၎င်းတို့သည် တစ်နှစ်လျှင် ငှက်သိုက်တန်ချိန် ၁၈၀၀ တင်ပို့လျှက်ရှိပြီး တရုတ်နိုင်ငံက တန်ချိန် ၅၀၀ ဖြင့် အဓိကတင်သွင်းသူဖြစ်ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

အင်ဒိုနီးရှားနှင့်သြစတေးလျတို့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင်တင်ရန်ကြိုးပမ်း

          အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဖြစ်သူ Airlangga Hartarto နှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သြစတေးလျသံအမတ် Penny Williams တို့သည် နှစ်နိုင်ငံအပြန်အလှန် စီးပွားရေးဆောင်ရွက်မှု အားကောင်းစေရန်အတွက် နည်းလမ်းများရှာဖွေရန် ဇန်နဝါရီလ ၉ ရက် နေ့က ဝန်ကြီးရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနှင့် သြစ‌တေးလျ နိုင်ငံတို့သည် ကာလကြာရှည်မိတ်ဖက်များဖြစ်ကြပြီး ၂၀၂၄ ခုနှစ်က ၇၅ ကြိမ်မြောက် သံတမံ ဆက်ဆံရေးအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးက သံအမတ် Williams သည် စီးပွားရေးမိတ်ဖက်ပရိုဂရမ် Prospera နှင့် အစိုးရနောက်ခံပြုထားသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုပရိုဂရမ် Katalis တို့ကိုအကောင်အထည်ဖော်ရန် ဦးဆောင်မောင်းနှင်နေကြောင်း အသားပေး ပြောကြားခဲ့ပါသည်။ ထိုပရိုဂရမ်နှစ်ခုသည် အင်ဒိုနီးရှား-သြစတေးလျ ဘက်ပေါင်းစုံ စီးပွားရေး မိတ်ဖက်သဘောတူညီချက်ကို ပြည့်စုံစေရန် ဖန်တီးထားကြောင်း သိရပါသည်။ ထိုစီးပွားရေးပရိုဂရမ်များအား အကောင်အထည်ဖော်ခြင်းသည် နှစ်နိုင်ငံ၏စီးပွားရေးကြီးထွားမှု နှင့် ကောင်းမွန်သောခင်မင်ရင်းနှီးမှုတို့အတွက် အာမခံချက်ရရှိမည်ဟု သိရပါသည်။ ထိုအစည်းအဝေးအတွင်း ဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး ဟန်ချက် ညီသောစီးပွားရေးဆက်နွယ်မှုကိုအဓိကထားသော ကုန်သွယ်ရေးဆောင်ရွက်မှုများကို နက်ရှိုင်းရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။ ထို့ပြင်နှစ်ဦးစလုံးသည် များစွာသောဖိုရမ် များတွင် ၎င်းတို့နိုင်ငံများ၏စည်းလုံးညီညွတ်မှုကို အသားပေးပြောကြားခဲ့ကြကြောင်း သိရပါ သည်။ အစည်းအဝေးအဆုံးတွင် ဝန်ကြီးက သြစတေးလျသည် အင်ဒိုနီးရှား၏ စီးပွားရေးနှင့် ပညာရေးကဏ္ဍများတွင် ဗျူဟာမြောက်မိတ်ဖက်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ကြာရှည်ပြီး နီးကပ်သော မိတ်ဖက်ဖွဲ့မှုကိုမျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ