Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဝမ်းတွင်းမြို့နယ်တွင် နွေစပါးများ ရိတ်သိမ်းနေ

   ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးကို (၃၂၉၉) ဧက စိုက်ပျိုးခဲ့ပြီး ဇွန်လကုန်အထိ (၆၅) ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။ နွေစပါးကို မတ်လကို မတ်လကစိုက်ပျိုးခဲ့ပြီး၊ ဇွန်လမှစ၍ ရိတ်သိမ်းကာ တစ်ဧကကုန်ကျစရိတ်မှာ (၁၅) သိန်းဝန်း ကျင်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၉၄) တင်းခန့်ထွက်ခဲ့ကြောင်း၊ ထွက်ရှိချိန်ဈေး နှုန်းအနေဖြင့် စက်ကျအစိုတစ်တင်းလျှင် ရက် (၉၀) မှာ (၁၄၅၀၀-၁၅၀၀၀) ကျပ်၊ ရွှေသွယ်ရင်မှာ (၁၆၀၀၀) ကျပ်ဈေးရှိသဖြင့် တောင်သူတွက်ခြေကိုက်မှုနည်းကြောင်း သိရသည်။
      ဝမ်းတွင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရာတွင် ဆည်ရေ၊ ကန်ရေရရှိသောဒေသများတွင် သက်တမ်း တိုသောစပါးမျိုးများဖြစ်သည့် ရွှေသွယ်ရင်၊ ရက်(၉၀) စပါးမျိုးများ စိုက်ပျိုးမှုများကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်နွေစပါးစိုက်ပျိုးရာသီက (၈၁၂၆) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ ယခုနှစ်တွင် ရေကြီးခဲ့ခြင်း ကြောင့် ကင်းတားဆည်ဘောင်များပြုပြင်ဆဲဖြစ်၍ စိုက်ဧကမှာ လျော့နည်းခြင်းဖြစ်ကြောင်း တောင်သူ များထံမှသိရသည်။

DOCA(မန္တလေး)

“နံနံပင်စိုက်ပျိုးဝင်ငွေတိုး”

မြန်မာပြည်တွင် ထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ကိုလည်း ဟင်းခတ်မဆလာတွင်အသုံးပြုနိုင်ပါသည်။မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊အုန်းနို့ ခေါက်ဆွဲ၊အသုပ်စုံတို့တွင်လည်း တွဲဖက်၍အသုံးပြုနိုင်ပါသည်။တို့စရာအဖြစ်လည်းစားသုံးကြ ပါသည်။နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှားပါးကာ စျေးကြီးပေးဝယ်ယူစားသုံးရပါသည်။နံနံပင်ကိုစိုက်ပျိုးရန်အတွက် ရေမဝပ်သော နုန်းမြေ သည်အကောင်းဆုံးဖြစ်ပါသည်။ရွှံစေးဆန်သောမြေနှင့်သဲမြေများ၌ နွားချေး၊မြေဆွေး၊ဖွဲပြာတို့ ကိုထည့်၍သင့်တော်သည့်မြေအနေအထားရအောင်ပြုပြင်၍ စိုက်ပျိုးရပါသည်။နံနံပင်စိုက်ပျိုး ရန်အတွက်ဘောင်များပြုလုပ်၍ စိုက်ပျိုးပါက အထူးကောင်းမွန်ပြီး ဘောင်များကို(၄-၅) လက်မ အမြင့်ပြုလုပ်ပြီး(၂-၃)ပေအကျယ်ဖြင့် အရှည်ကိုအလိုရှိသလောက်ထားကာ အသုံးပြု နိုင်ပါသည်။နံနံစေ့မစိုက်ခင် မြန်မြန်အပင်ပေါက်စေရန် ရေတွင်(၂၄)နာရီကြာစိမ်ရပြီး အစေ့ ကိုရေမစိမ်မီ ဂုန်နီအိတ်ပေါ်တင်၍ ပုလင်းဖြင့်နှစ်ခြမ်းကွဲသွားစေရန် အသာအယာလှိမ့်ပေးရပါ သည်။ထို့နောက် ရေတွင်(၂၄)နာရီစိမ်ရာ၌ ရေ(၂)ကြိမ်လဲပေးရပြီး ဘောင်ပေါ်တွင် (၀.၅) လက်မအနက်မြောင်းများကို (၄)လက်မခြားဆွဲပြီး မျိုးစေ့များကိုချရပါသည် ။ ထို့နောက် နွားချေးမှုန့်၊မြေဆွေးမှုန့်ဖြင့် ပါးပါးဖုံးပြီး ကောက်ရိုး၊မြောက်ခြောက်တို့ဖြင့်အုပ်ပေးရပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မြေတွင်အစိုဓါတ်ထိန်းပေးပြီး အပင်ပေါက်ရောက်မှုအားကောင်းစေ ပြီးအပင်များသန့်ရှင်းပြီး သန်မာသောနံနံပင်များရရှိစေနိုင်ပါသည်။နံနံပင်များပေါက်လာပြီး နောက်ရေကို တစ်နေ့(၂)ကြိမ်လောင်းပေးရပြီး အပင်များအနည်းငယ်ကြီးထွားလာပါက ရေကိုလျော့‌လောင်းရပါသည်။ရေများများလောင်းပါက နံနံပင်များ ခါးရိရောဂါကျရောက်စေ နိုင်ပါသည်။နံနံပင်များပေါက်ပြီး(၄၅)ရက်သားမှစတင်၍နှုတ်ယူစားသုံးရောင်းချနိုင်ပါကြောင်း၊ ယခုအခါ နံနံပင်များစိုက်ပျိုးသောတောင်သူများအနေဖြင့် စျေးကောင်းရလျှက်ရှိပါသော ကြောင့်နံနံပင်များစိုက်ပျိုးပြီး အပိုဝင်ငွေရရှိစေရန် စိုက်ပျိုးသင့်ပါကြောင်း ‌ရေးသားတင်ပြ အပ်ပါသည်။

DOCA(မန္တလေး)

၂၀၂၅ ဇူလိုင်လ အတွင်း အစေ့ထုတ်ပြောင်းဈေးကွက် အလားအလာ

      မြန်မာနိုင်ငံအတွင်း အစေ့ထုတ်ပြောင်းမျိုး Hybrid Seed ကို မိုးရာသီတွင် ရှမ်းမြောက်၊ ရှမ်းတောင်၊ ရှမ်းအရှေ့ဒေသများ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဗန်းမော်ခရိုင်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စစ်ကိုင်းတိုင်းနှင့် ကန့်ဘလူခရိုင်ဒေသအသီးသီးတွင် နှစ်စဉ် စိုက်ပျိုး ဧကပေါင်း ၁သန်းကျော် စိုက်ပျိုးခဲ့ပြီးခန့်မှန်း Estimates Yield Per Acre ၁.၅ Ton Per Acre အရ Non GMO ပြောင်းစေ့တန်ချိန်ပေါင်း ၂ million တန်ထွက်ရှိပါသည်။

          ထို့အတူ ဆောင်းအစေ့ထုတ်ပြောင်းကိုလည်း ဧရာဝတီမြစ်ရိုးတစ်လျှောက် ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဗန်းမော်ခရိုင်၊ မန္တလေးတိုင်းမြင်းခြံ၊ ပခုက္ကူခရိုင်၊ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်များတွင် စုစုပေါင်း ဧက ၂သိန်းခန့်စိုက်ပျိုးကြပြီး Estimates Yield Per Acre မှာ ၂.၅ Ton Per Acre အရ Total Production Volume မှာတန်ချိန် ၀.၅ million Ton ထွက်ရှိနိုင်ပါသည်။ လက်ရှိမျိုးစေ့ဈေးနှုန်း သွင်းအားစုကုန်ကျစရိတ်များနှင့် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မြန်မာ့အစေ့ထုတ်ပြောင်း စိုက်ဧရိယာမှာ ၂၀၂၂မှ စတင်၍ ကျဆင်းလာခြင်း၊ အထွက်နှုန်းလျော့ကျလာခြင်းများကိုလည်း မြေပြင်ဒေသအချက်အလက်များအရသိရှိရပါသည်။

          မြန်မာ့အစေ့ထုတ်ပြောင်း Non GMO၏ အဓိကဈေးကွက်မှာ နယ်စပ်ဒေသကုန်သွယ်ရေးမှ တစ်ဆင့် တရုတ်ပြည်နှင့် ထိုင်းနိုင်ငံမှ တစ်ဆင့်ရောင်းချပြီးတောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းခဲ့ ရာမှ လက်ရှိအခြေအနေအရ ကုန်သွယ်ရေးလမ်းကြောင်းများလည်း အနည်းငယ်နှေးကွေးနေဆဲ အခြေအနေရှိသောကြောင့် ယမန်နှစ်မိုးစိုက်တောင်သူများအတွက် အကျိုးအမြတ်နည်းပါးခဲ့ပါသည်။

          ၂၀၂၄ - ၂၀၂၅ ဆောင်ပြောင်းများမှာ Local Consumption တန်ချိန်(၁)သန်းခန့်  ပြောင်းဆန်အရည်အသွေးအရ ဈေးကွက်အားသာချက်ရှိ၍ ထိုက်သင့်သော အကျိုးအမြတ်ကို ပြောင်းစိုက် တောင်သူများ ခံစားရသည်ဟု ခန့်မှန်းရပါသည်။ လက်ရှိနိုင်ငံများ၏ ရာသီဥတု အခြေအနေကြောင့် ပြောင်းဆန်လိုအပ်ချက်ရှိသဖြင့် ဇူလိုင်လမှစတင်၍ တောင်သူလက်ကျန်၊ ဒေသတွင်းလက်ကျန်အရ ပြောင်းဆန်ဈေးမှာ အနည်းအငယ်တက်လာနိုင်သည်ဟုလည်း ခန့်မှန်းသိရှိရပါသည်။ တစ်နည်းအား ဖြင့် မြန်မာ့အစေ့ထုတ်ပြောင်းဆံများမှာ ဝါဆို၊ ဝါခေါင်လများတွင် နှစ်စဉ်အမြင့်ဆုံးအခြေအနေကို ရောက်ရှိဆဲဖြစ်သောကြောင့် တောင်သူများ၏ အကျိုးအမြတ်ကို ဖြစ်ထွန်းစေမည့် မျှော်လင့်နေသည့် ဈေးတန်းတစ်ခုသို့ ရောက်ရှိနိုင်မည်ဟု လေ့လာသုံးသပ်ရေးသားတင်ပြအပ်ပါသည်။

DOCA(ရှမ်း)

 

“သစ္စာပန်းစျေးနှုန်းစျေးကွက်”

     မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်သည် အေးမြသောရာသီဥတုရှိပြီး မြေဆီ၊ မြေလွှာကောင်းမွန်သောကြောင့် နှစ်ရှည်သီးနှံများ၊ရာသီပေါ်သီးနှံများ၊ပန်းပေါင်းစုံစိုက်ပျိုးပြီး မိသားစုစာဝတ်နေရေး အဆင်ပြေရုံသာမက အပိုဝင်ငွေပါရရှိနေကြောင်း သိရှိရပါသည် ။ ပန်းပေါင်းစုံအနက်မှကုန်ကျစရိတ်သက်သာပြီးအကြမ်းခံသော သစ္စာပန်းကိုတောင်သူအများစု စိုက်ပျိုးကြပါသည်။သစ္စာပန်းပင်သည် အေးမြသောရာသီဥတုကိုကြိုက်ပြီး တောင်ပေါ်ဒေသ တွင်ပိုမိုဖြစ်ထွန်းသည်။သစ္စာပန်းပင်ကို တစ်တန်းနှင့်တစ်တန်း (၂”x၂”)ခြားပြီ စိုက်ပျိုးနိုင်ပါ သည်။ မျိုးဥ‌ကောင်းများကို‌ ‌ရွေးချယ်စိုက်ပျိုးမှသာ အပင်ကောင်း၊အပွင့်ကောင်းများရရှိနိုင် မည်ဖြစ်ပြီး (၁)ဧကလျှင် မျိုးဥ(၁၀၀၀၀)ခန့်စိုက်ပျိုးနိုင်ကြောင်း ၊သစ္စာပန်းပင်သည် မတ်လမှ စတင်ဖူးပွင့်ပြီး ဇူလိုင်လအထိ လှိုင်လှိုင်ပွင့်ကြသည် ။ သစ္စာပန်းပင်မှာ အရောင်မျိုးစုံရှိပြီး အုတ်ကျိုးရောင်၊ ပန်းရောင်တို့မှာ လူကြိုက်များပြီး စျေးကွက်အတွင်းဦးဆောင်ထားပါသည်။ ပန်းအလှဆင်ခြင်းနှင့်ဘုရားပန်းထိုးရာတွင် တာရှည်ခံပန်းဖြစ်ပါသည်။ ယခုအချိန် သစ္စာပန်း (၅)ပင်ပါ လက်ဆုပ်စီး(၁)စီးလျှင်(၃၅၀၀-၄၀၀၀)ကျပ် ရောင်းချရကြောင်း ၊ ပြင်ဦးလွင်ထွက် ပန်းမျိုးစုံကို ရန်ကုန်၊ မန္တလေး၊နေပြည်တော်သို့ နေ့စဉ်တင်ပို့လျှက်ရှိကြောင်း ကံကြီးကုန်း ရပ်ကွက်ရှိ ပန်းစိုက်ပျိုးသူ နှင့်ပန်းပွဲရုံများမှသိရှိရပါသည်။

DOCA(မန္တလေး)

ကျိုင်းတုံမြို့ နာနတ်သီးဈေးကွက်

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဒေသထွက်ကုန် နာနတ်သီးများ ဝယ်လိုအား ကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း နာနတ်သီး ရောင်းဝယ်လုပ်ကိုင်သူများထံမှ သိရှိ ရပါသည်။

          ကျိုင်းတုံမြို့တွင် ဒေသထွက် နာနတ်သီးများသည် မေလမှ စတင်ကာ အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရပြီး တစ်ရက်လျှင် နာနတ်သီးအလုံးရေ (၂၀၀၀) မှ (၃၀၀၀) ထိ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျိုင်းတုံမြို့မဈေး၌ သစ်သီးရောင်းဝယ်လုပ်ကိုင်သူများထံမှ သိရှိရ ပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ကျိုင်းတုံမြို့မဈေး၌ ရောင်းတန်းဝင် နာနတ်သီးတစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ လက်ကားဈေး (၃၀၀၀-၄၀၀၀) ကျပ်ခန့်၊ လက်လီဈေး (၄၀၀၀-၅၀၀၀) ကျပ်ခန့်ထိ ရောင်းချကြပါသည်။ ကျိုင်းတုံမြို့တွင် ထွက်ရှိသော နာနတ်သီးများသည် အရည်အသွေး ကောင်းမွန်ပြီး ဓာတုဆေးကင်းလွတ်၍ ကျန်းမာရေးနှင့် ညီညွတ်ခြင်းကြောင့် အရောင်းအဝယ် ကောင်းပြီး နှစ်ရှည်နာနတ်သီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့် တောင်သူများ ဝင်ငွေရရှိနေကြောင်း သိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၇၇၀၀ ကျပ်၊ ဧည့်မထ (ဒေသ) ဆန် တစ်ပြည် ၅၂၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေ ဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၅၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၄၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၁၀၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၆၀၀၀ ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

          ကျိုင်းတုံမြို့တွင် ဇူလိုင်လ ဒုတိယအပတ် စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၃၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၅၀၀ ကျပ်နှင့် ဘဲဥ တစ်လုံး ၇၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၄၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၈၀၀၀ ကျပ် ဈေးနှုန်းများ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

          ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဇူလိုင်လပထမအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ငရုတ်သီးခြောက်(ရှည်)၊ ငရုတ်သီးခြောက်(ပွ)၊ ကုလားပဲ၊ အာလူး၊ ကြက် (မွေးမြူရေး) ကြက်(ဒေသ)၊ ဘဲဥ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်နှင့် ပဲနီလေးတို့ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပါသည်။ ယင်းသို့  ငရုတ်သီးခြောက်(ရှည်)၊ ငရုတ်သီးခြောက်(ပွ)တို့ဈေးနှုန်းကျဆင်း ရခြင်းမှာ ရာသီပေါ်ထွက်ချိန်ဖြစ်သောကြောင့်လည်းကောင်း၊ ကုလားပဲ၊ ပဲနီလေး၊ အာလူး၊ ဂေါ်ဖီထုပ်နှင့် ခရမ်းချဉ်သီးတို့ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မှအဝင်များပြီး ဝယ်လိုအားနည်းသော ကြောင့်လည်းကောင်း၊ ကြက်(မွေးမြူရေး) ကြက်(ဒေသ)နှင့်ဘဲဥတို့ ဈေးနှုန်းကျဆင်းရခြင်းမှာ ဝယ်လိုအားနည်းသောကြောင့် ဖြစ်ပါသည် ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်ဒုတိယအပတ်တွင် ကျိုင်းတုံမြို့ရှိ ဘိလပ်မြေနှင့်ဓာတ်မြေဩဇာဈေးနှုန်း အနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၇၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၈၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၈၅၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၇၀၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ် တို့ဖြစ်ပါသည်။

     တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၃၀၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၀၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၀၀၀)ကျပ် တို့ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် ဇူလိုင်ပထမအပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေ(ကျား)ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပြီး ဓာတ်မြေဩဇာဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။ တာချီလိတ်မြို့၏ ဘိလပ်မြေဈေးနှုန်းများမှာ ဘိလပ်မြေ(ကျား)ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

ကျိုင်းတုံမြို့မဈေးရှိ သစ်သီးဝလံဈေးကွက်

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ရောင်းချနေသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီးတစ်ကီလိုလျှင် (၆၀၀၀) ကျပ်၊ လိမ္မော်သီး တစ်ကီလိုလျှင် (၅၀၀၀) ကျပ်၊ သရက်သီး တစ်ကီလိုလျှင် (၅၀၀၀)ကျပ်၊ နဂါးမောက်သီး တစ်ကီလိုလျှင် (၄၀၀၀) ကျပ်၊ ကြက်မောက်သီး တစ်ကီလိုလျှင် (၇၀၀၀)ကျပ်၊ မင်းကွတ်သီးနှင့် မက်မန်သီး တစ်ကီလိုလျှင် (၆၀၀၀) ကျပ်၊ သစ်တော်သီး တစ်ကီလိုလျှင် (၁၀၀၀၀) ကျပ်၊ စပျစ်သီး တစ်ကီလိုလျှင် (၁၅၀၀၀) ကျပ်၊ နာနတ်သီးတစ်လုံးလျှင် အလုံးအကြီးအသေး ပေါ်မူတည်၍ (၃၀၀၀-၅၀၀၀) ကျပ်နှင့် ဒူးရင်းသီး တစ်ကီလိုလျှင် (၂၀၀၀၀) ကျပ် ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း ကျိုင်းတုံမြို့မဈေးရှိ သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

 

ဘားအံမြို့ ဒေသထွက် သကြားပြောင်းဖူးဈေးနှုန်း

       ၂၀၂၅ ခုနှစ်၊ မိုးရာသီ တတိယအပတ်တွင် ကရင်ပြည်နယ် ဒေသထွက် သကြားပြောင်းဖူးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများသည် သကြားပြောင်းကို မိသားစု အပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ သကြားပြောင်းကို ပြုတ်၍လည်းကောင်း ၊မီးဖုတ်၍လ်ညးကောင်း စားသုံးနိုင်သလို ကြက်ဥဖြစ်လည်း ကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။သကြားပြောင်းတွင် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် အရေ ပြား ဓာတ်တိုးပစ္စည်းပျက်စီးမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်သောကြောင့် ကျန်းမာရေး အတွက် ကောင်းကြိုးဖြစ်စေပါသည်။ သကြားပြောင်းဈေးနှုန်းမှာ တစ်ဖူး လျှင်(၅၀၀)ကျပ်၊ (၁၀)ဖူး လျှင် (၄၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

သရက်သီးမှ သရက်ပြင် (ခေါ်) သရက်ပြားအဖြစ် တန်ဖိုးမြှင့် ထုတ်လုပ်ရောင်းချ

           မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ စိန်တစ်လုံးသရက်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ရောင်းတမ်းဝင် အသီးများကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်တွင် စိန်တစ်လုံးသရက်သီးမှ သရက်ပြင်(ခေါ်)သရက်ပြားအဖြစ် တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်၍ ဒေသတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်းသိရသည်။

            ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် မြစ်သား၊ ပြည်၊ ပေါက်ခေါင်းမြို့ များသို့ အများဆုံးတင်ပို့ ရောင်းချကြောင်း၊ ဇူလိုင်လ ပထမပတ်အတွင်း သရက်ပြင်တစ်ပိဿာလျင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ် (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ နှစ်စဉ်ကုန်ချောသရက်ပြင် (၃၀၀မှ ၈၀၀) ပိဿာခန့်ထိ သက်ရက်သီးကုန်ကြမ်း ရရှိမှုပေါ်မူတည်၍ မိသားစုတစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်း ချလျက်ရှိပြီး ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း လုပ်ငန်းရှင်ဦးမျိုးနိုင်ထံမှ သိရှိရ သည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း