ပခုက္ကူမြို့၌ ပြည်ပပို့ကုန်မတ်ပဲသီးနှံ ဈေးမြင့်တက်၍အရောင်းအဝယ်ဖြစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ် များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ်စိုက်ပျိုးလျက် ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၃၀၀၀)ခန့် စိုက်ပျိုးပြီး ရေစကြို မြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်သည့်အပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။
မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ မတ်ပဲတစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၁၀၀၀၀၀ မှ ၉၀၀၀၀)ဈေးရှိပြီး ယခင်ဇွန်လ(ပထမပတ်)တွင် ကျပ်(၈၅၀၀၀-၈၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ် ပါက တစ်လအတွင်း မတ်ပဲတစ်တင်းလျှင် ကျပ်(၁၅၀၀၀)ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိ ရသည်။ မတ်ပဲသီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအား ကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိကြောင်း သီးနှံဈေးကွက်နှင့် လက်ကျန်အနည်း အများပေါ်မူတည်၍ ဈေးအတက်အကျရှိကြောင်း ပဲဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)









