Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့၏ ကုလားပဲသီးနှံ ဈေးနှုန်းဈေးကွက်

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)တွင် ကုလားပဲဝါ(929) တစ်တင်းလျှင် ငွေကျပ် (၉၅၀၀၀)၊ ကုလားပဲဝါ(HL) တစ်တင်းလျှင်  ငွေကျပ်(၉၄၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

    စက်တင်ဘာလ(ပထမပတ်) ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက စက်တင်ဘာလ ပထမပတ်တွင် ကုလားပဲ တစ်တင်းလျှင် ငွေကျပ် ၁၀၀ဝ မြင့်တက်လာကြောင်း၊ ဈေးကွက်အတွင်း ဝယ်လိုအားကောင်းသော်လည်း ယခင်နှစ်ကထွက်ရှိသည့် ကုလားပဲများသာ အရောင်းအဝယ်ဖြစ်သောကြောင့် ဈေးနှုန်မြင့်တက်ရခြင်းဖြစ်ကြောင်း မကွေးဈေးကွက်မှ သိရသည်။

    ကုလားပဲကို နေ့စဉ်စားသုံးခြင်းဖြင့်လည်း ပရိုတင်းဓါတ်ရရှိ၍ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသည့်အပြင် နှလုံးကို ကျန်းမာစေခြင်း၊ အရိုးအဆစ်သန်မာစေခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်ပါ၍ စားသုံးသင့်ပါကြောင်း အကြုံပြုအပ်ပါသည်။

DOCA(မကွေး)

မကွေးမြို့နယ်၊ ကိုးပင်ကွေ့ကျေးရွာ၌ မိုးမြေပဲများ ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်ကာ အကျိုးအမြတ်ရရှိ

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ကိုးပင်ကွေ့၊ လယ်ယား၊ ထန်းပင်စမ်းစသည့် ကျေးရွာများတွင် နှမ်း၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ကိုးပင်ကွေ့ကျေးရွာတွင် မိုးမြေပဲစိုက်ဧက ၁၅ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

    မိုးမြေပဲကို ဇွန်လလယ်တွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလဆန်းတွင် လှိုင်လှိုင် ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် စွန်တာနီ(မြေပဲဆန်နီ)မျိုးများကို စိုက်ပျိုးကြ‌ပြီး စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၈၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်တင်း ၅၆ တင်း ခန့်ထွက်ရှိ၍ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလဒုတိယပတ်တွင် မြေပဲတောင့် တစ်တင်းလျှင် ငွေကျပ် (၂၅၀၀၀-၂၈၀၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၇ သိန်းကျော် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မိုးမြေပဲများကို မကွေးမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲကို တန်ဖိုးမြှင့်ထုတ်ကုန်(Value Added) ပြုလုပ်၍ ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင်များမှလည်းကောင်း ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ယခင်နှစ်ထက် ဈေး‌ကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

DOCA(မကွေး)

မုဒုံမြို့နယ်၌ မိုးစပါးစိုက်ဧက ၇၅၀၀၀ ကျော် စိုက်ပျိုးပြီးစီး

   မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီချိန်တွင် မိုးစပါးစိုက်ဧက ၇၅၁၉၆ စိုက်ပျိုးရန်လျာထားရာ လက်ရှိအချိန်တွင် မိုးစပါးစိုက်ဧက ၇၅၆၆၅ စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ၄၆၉ ဧကကို ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

    ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများအား နှစ်စဥ်မျိုးကောင်းမျိုးသန့် မျိုးစေ့များကို ပံ့ပိုးပေးခြင်း၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကွက်များ ဖော်ဆောင်ပေးခြင်း ၊ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် ဓာတ်မြေသြဇာများ အချိုးကျ အချိန်ကိုက်ထည့်သွင်းနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သွင်းအားစု ဓာတ်မြေသြဇာများကို သက်သာသော စျေးနှုန်းဖြင့် တောင်သူများအား ဖြန့်ဖြူးပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာများ လက်တွေ့ကွင်းသရုပ်ပြသပေးခြင်း လုပ်ငန်းများကို တောင်သူများနှင့် တွေ့ဆုံ၍ တာဝန်ခံများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ပြောသည်။

   မုဒုံမြို့နယ်တွင် မိုးစပါးများစိုက်ပျိုးရာ၌ ဆည်ရေသောက်နှင့် ချောင်းပိတ်မြောင်းပိတ်စနစ်များဖြင့် ကြဲခင်း (၄၃၄၈၄) ဧက၊ ရိုးရိုးပျိုးစိုက်ခင်း (၃၁၇၅၆) ဧက၊ ဘောင်ပျိုးခင်း (၃၄၃) ဧက၊ ကောက်စိုက်စက်ဖြင့် (၃၀) ဧက၊ Seeder ဖြင့် (၅၂) ဧက စုစုပေါင်း ၇၅၆၆၅ ဧကကို စိုက်ပျိုးနိုင်ခဲ့ရာ အရည်အသွေးကောင်း စပါးမျိုးဖြစ်သည့် ပေါ်ဆန်းရင်အုပ်စုကို တောင်သူများက အဓိကထားကြိုပမ်းစိုက်ပျိုးကြကြောင်း သိရသည်။

DOCA(မွန်)

 

မုဒုံမြို့နယ်တွင် ဖူးစားပြောင်းများစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

   မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြို့အနီးအနားဝန်းကျင်နှင့် ကျေးလက်ဒေသများတွင် ဖူးစားပြောင်းများ စိုက်ပျိုးမှုဖြစ်ထွန်း၍ စျေးကောင်းရရှိကာ တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

   ဖူးစားပြောင်းသီးနှံများကို မိုးရာသီ(မိုးပြောင်း)နှင့် ဆောင်းရာသီ(ဆောင်းပြောင်း) များဖြင့် နှစ်ရာသီ စိုက်ပျိုးကြ၍ စိုက်ဧက ၂၁၇ ဧကကို မြို့နယ်အတွင်း၌ စိုက်ပျိုးထားရှိကြောင်း၊ မျိုးအနေဖြင့် သကြားပြောင်းမျိုးနှင့် ကောင်ညှင်းပြောင်းမျိုးများကို တောင်သူများက အများဆုံး စိုက်ပျိုးကြပြီး သကြားပြောင်းကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ဖူးစားပြောင်းသီးနှံ အထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

   ဖူးစားပြောင်း စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်အားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၀ သိန်းခန့်ကုန်ကျ၍ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ဖူးစားပြောင်း ၈၀၀၀ ကျော်ထွက်ရှိရာ အမြတ်အနေဖြင့် တစ်ဧကလျှင် ၁၈ သိန်းကျပ်ခန့် ရရှိကြောင်း ဖူးစားပြောင်း စိုက်ပျိုးတောင်သူတစ်ဦးကပြောသည်။ မုဒုံမြို့နယ်ဒေသထွက် ဖူးစားပြောင်းများကို ဒေသပေါက်စျေး တစ်ဖူးလျှင် ၃၀၀ ကျပ် မှ ၆၀၀ ကျပ်အထိ စျေးကောင်းရရှိကာ မြို့ပေါ်စျေးများအပြင် မော်လမြိုင်မြို့ပေါ်ရှိ သီးနှံဒိုင်များသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။

DOCA(မွန်)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန်စီးထွက်မှုအခြေအနေ

        ယခုစက်တင်ဘာလ      (ဒုတိယပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၄၃၅၉၊ မန္တလေးသို့ အိတ်ရေ ၃၄၁၀၁၊ နေပြည်တော်သို့ အိတ်ရေ ၁၁၂၅၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၃၁၇၅၊ မွန်သို့ အိတ်ရေ ၄၉၂၊ ကျောက်ပတောင်းသို့ အိတ်ရေ ၃၉၆၇၊ မိတ္ထီလာသို့ အိတ်ရေ ၆၉၅၅၊ ပြည်သို့ အိတ်ရေ ၈၂၀၊ ပဲခူးသို့ အိတ်ရေ ၃၇၀၊ ‌ညောင်လေးပင်သို့ အိတ်ရေ ၇၆၀၊ တောင်ငူသို့ အိတ်ရေ ၃၇၀၊ မကွေးသို့ အိတ်ရေ ၉၄၀၊ ဖြူးသို့ အိတ်ရေ ၇၂၀၊ ဖားအံသို့ အိတ်ရေ ၁၃၅၇၀၊ စစ်ကိုင်းသို့ အိတ်ရေ ၃၂၀၊ မူဆယ်သို့ အိတ်ရေ ၂၆၀၊ ဓနုဖြူသို့ အိတ်‌ရေ ၂၃၀၊ စုစုပေါင်း အိတ်ရေ (၁၂၂၅၃၄)  အိတ်၊ တန်အားဖြင့် (၆၁၂၆) တန်စီးထွက်ခဲ့ပြီး ယခုစက်တင်ဘာလ      (တတိယပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၆၉၄၈၊ မန္တလေးသို့ အိတ်ရေ ၃၅၂၈၈၊ နေပြည်တော်သို့ အိတ်ရေ ၃၄၉၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၃၀၄၊ မွန်သို့ အိတ်ရေ ၃၄၄၀၊ ကျောက်ပတောင်းသို့ အိတ်ရေ ၃၁၁၀၊ မိတ္ထီလာသို့ အိတ်ရေ ၂၄၆၅၊ ပြည်သို့ အိတ်ရေ ၈၆၅၊ ပဲခူးသို့အိတ်ရေ ၃၆၀၊ မကွေးသို့ အိတ်ရေ ၁၀၀၊ ဖြူးသို့ အိတ်ရေ ၃၇၀၊ ဘားအံသို့ အိတ်ရေ ၇၃၃၀၊ မူဆယ်သို့ အိတ်ရေ ၁၀၂၂၊ မုဒုံသို့ အိတ်‌ရေ ၂၃၀၊   စုစုပေါင်းအိတ်ရေ (၁၀၄၃၂၂)  အိတ်၊ တန်အားဖြင့် (၅၂၁၆) တန်စီးထွက်ခဲ့သည့်အတွက်  ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၁၈၂၁၂) အိတ်၊ တန်အားဖြင့် (၉၁၀)တန် လျော့နည်းစီးထွက်ခဲ့ပါကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)       

စက်တင်ဘာလအတွင်း မော်လမြိုင်မြို့သို့ ကြက်သွန်နီ စီးဝင်စီးထွက်မှုနှင့် ဈေးနှုန်းအခြေအနေ

    မွန်ပြည်နယ် မော်လမြိုင်မြို့သို့ စက်တင်ဘာလ (တတိယပတ်)ထိ ကြက်သွန်နီ စီးဝင်မှုမှာ(မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး) တို့မှ စီးဝင်မှု  စုစုပေါင်း ( ၄၉၁၃၇ အိတ်) နှင့် ( ၄၉၁၃၇၀ ပိဿာ)စီးဝင်ခဲ့ခြင်းနှင့် ယင်းမှ မော်လမြိုင်မြို့မှ စီးထွက်မှုမှာ စုစုပေါင်း (၂၄၅၆၈အိတ်)နှင့် (၂၄၅၆၈၀ ပိဿာ) ဘားအံမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျိုက်ခမီ၊ ရေး၊ သံဖြူဇရပ်မြို့များသို့ စီးထွက်ခြင်းဖြစ်ကြောင်း မော်လမြိုင်ကြက်သွန်နီပွဲရုံနှင့် ကုန်စည်ဒိုင်မှ သိရသည်။

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ကြက်သွန်နီ ဈေးနှုန်း အခြေအနေမှာ မြစ်သားကြက်သွန်နီ(အကြီး) တစ်ပိဿာလျှင် ကျပ် ၂၆၀၀၊ မြစ်သား ကြက်သွန်နီ(အလတ်)တစ်ပိဿာလျှင် ကျပ်၂၃၀၀၊ မြစ်သားကြက်သွန်နီ(အငယ်) တစ်ပိဿာ လျှင် ကျပ်၁၉၀၀၊ မိုးကြက်သွန်နီ(အကြီး)တစ်ပိဿာလျှင် ကျပ်၂၅၀၀၊ မုံရွာ ကြက်သွန်နီ(အလတ်) တစ်ပိဿာလျှင် ကျပ် ၂၃၀၀၊ မုံရွာကြက်သွန်နီ (အငယ်) တစ်ပိဿာလျှင် ကျပ်၁၈၀၀ ဖြစ်သည်။ အဆိုပါ ကြက်သွန်နီဈေးနှုန်းမှာ စက်တင်ဘာလ ပထမပတ်မှ တတိယပတ်ထိ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ရွှေဘိုမြို့၏ ကရေကရာဈေးနှုန်း/ဈေးကွက်

       “ကရေကရာ ရွှေညာက မုန့်မျိုး၊ ပေါက်ပေါက်ကယ်ချိုပါလှ အုန်းယိုကတိုး” ဟူသည့် ဆိုရိုးအတိုင်း အညာမုန့်တစ်မျိုးဖြစ်သည့် ကရေကရာသည် မြန်မာတို့နှစ်ခြိုက်စွာစားသုံးကြသော မုန့်တစ်မျိုးဖြစ်ရာ မြန်မာ့ရိုးရာအစားအစာဖြစ်သည့် ကရေကရာကို ဆွမ်းတော်ကပ်ခြင်း၊ စားသုံးခြင်း၊ လက်ဆောင်ပေးခြင်းများ ပြုလုပ်ကြကြောင်း၊ ရာသီစာဖြစ်သည့် ကရေကရာကို တော်သလင်းလမှစ၍ တန်ဆောင်းမုန်းလအထိ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

       ကရေကရာကို ရွှေဘိုမြို့၊ မြို့မစည်ပင်သာယာဈေးကြီးတွင်လည်းကောင်း၊ မြို့လည်ခေါင်လမ်းမကြီးတစ်လျှောက်တွင်လည်းကောင်း ရောင်းချချကြောင်း၊ ကရေကရာတွင် ဘောလုံးကြီး၊ အနုစုပ်၊ အညာသားကျောကုံးနှင့် မလိုင်ကရေကရာဟူ၍ အမျိုးမျိုးရှိကြောင်းသိရှိရပါသည်။

      ယခုရောင်းချသည့် ကရေကရာဈေးနှုန်းမှာ ဘောလုံးကြီး (ခေါ်) ကရေကရာ(၁)ဆယ်ကျပ်သား (၁)ထုပ်လျှင် (၁၀၀ဝိ/-)ကျပ်၊ (၁)ပိဿာလျှင် (၈၀၀ဝိ/-)ကျပ်၊ အနုစုပ်ကရေကရာ (၁)ထုပ်လျှင် (၁၁၀ဝိ/-)ကျပ်၊ (၁)ပိဿာလျှင် (၁၀၀ဝဝိ/-)ကျပ်၊ အညာသားကျောကုန်း (ခေါ်) စလူမုန့် (၁)ထုပ်လျှင် (၁၁၀ဝိ/-) ကျပ်၊ (၁)ပိဿာလျှင် (၁၀၀၀ဝိ/-)ကျပ်၊ မလိုင်ကရေကရာ (၂၅)ကျပ်သား (၁)ထုပ်လျှင် (၅၀၀ဝိ/-) ကျပ်၊ (၁)ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကရေကရာကို အခြားဒေသသို့ တင်ပို့ရောင်းချခြင်းမရှိဘဲ ရွှေဘိုမြို့ပေါ်နှင့်နီးစပ်သည့် ကျေးရွာများမှ လာရောက်ဝယ်ယူကြကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မော်လမြိုင်မြို့၌ ရင်ကွဲသရက်သီးအမှည့် ဈေးကောင်းရရှိ

    မော်လမြိုင် ဒေသထွက် ရင်ကွဲသရက်သီး ဈေးကောင်းရရှိနေသည်။ ယခု စက်တင်ဘာလ (တတိယပတ်)တွင် ရင်ကွဲသရက်သီး ဈေးနှုန်းအခြေအနေမှာ ရင်ကွဲသရက်သီး အစိမ်းအချောအကြီးတစ်လုံးလျှင်(၄၅၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀) ကျပ် ဖြစ်သည်။ ရင်ကွဲသရက်သီးအမှည့်အကြီးတစ်လုံးလျှင်(၇၅၀)ကျပ်၊ အသေး တစ်လုံးလျှင်(၅၅၀)ကျပ်ဖြစ်သည်။ ယခင်(ဩဂုတ်လ)တွင် အစိမ်းအချောအကြီး တစ်လုံး လျှင်(၃၅၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြစ်သည်။ ရင်ကွဲသရက် သီးအမှည့် အကြီးတစ်လုံးလျှင်(၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၄၀၀)ကျပ်ဖြစ်သည်။ ထို့ကြောင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုလတွင် ၁၀၀ ကျပ် မှ ၂၅၀ ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့သည်။

     အဆိုပါ ဈေးနှုန်းမြင့်တက်မှုမှာ ရင်ကွဲသရက်သီး အသီးထွက်နှုန်းရာသီချိန် ကုန်ဆုံးတော့မည်ဖြစ်သဖြင့် အသီးထွက်နှုန်းနည်းပါးခြင်း၊ အခြားဒေသမှ သရက်သီးဝင် ရောက်မှုမရှိခြင်းတို့ကြောင့် ဈေးကွက်အတွင်း ရောင်းချမှုလည်းနည်းပါးခြင်းကြောင့် ဒေသထွက် ရင်ကွဲသရက်မျိုးများမှာ ဈေးကောင်း ရရှိနေကြောင်းသိရှိရပါသည်။ ရင်ကွဲသီးသရက်မျိုးသည် မွန်ဒေသထွက် သရက်သီးမျိုးနွယ်(၁၂၅)မျိုးအနက် လူကြိုက် အများဆုံးနှင့်အသီးထွက် အကောင်းဆုံးဖြစ်သော သရက်မျိုးဖြစ်သည်။

DOCA(မွန်)

 

 

မြိတ်မြို့တွင် စျေးနှုန်းသက်သာစွာ အခြေခံစားသောက်ကုန်များရောင်းချ

      မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက် (၀၇း၀၀) နာရီအချိန်တွင် မြိတ်မြို့၊  ခရူတောရပ်ကွက်ရှိ ပြည်သူများအား စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချရာတွင် ဆန်၊ ဆီ၊ ဆား ကြက်ဥ၊ ချဉ်ပေါင်ရွက်၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးများပါဝင်ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်၏ ဘိလပ်မြေဈေးနှုန်းဈေးကွက်

        ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့သွားရောက်၍ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

       ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့် ခွန်အားသစ် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ မိုးကောင်ကင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် ရွှေပြည့်စုံ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် စသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ငွေကျပ်၂၀၀၀၀နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ် ဘိလပ်မြေ ဈေးနှုန်းမှာ တစ်အိတ်လျှင် ငွေကျပ်၁၉၀၀၀ဖြင့်ရောင်းချကြောင်း၊ စက်တင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း