Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

         ၁၈-၁၁-၂၀၂၄ ရက်နေ့၌ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ငြုပ်သီးတစ်ပိဿာဈေးနှုန်းများမှာ ပန်းရဲ အမြင့်ဆုံးဈေး ကျပ်၆၅၀၀မှ  အနိမ့်ဆုံးဈေး ကျပ်၆၀၀၀၊ မြှားနီ အမြင့်ဆုံးဈေး ကျပ်၆၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၅၅၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ်၁၁၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၁၀၀၀၀၊ ပန်းတနော်(ရှည်) အမြင့်ဆုံးဈေး ကျပ်၅၅၀၀မှ အနိမ့်ဆုံးဈေး ကျပ်၅၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ်၁၂၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၁၀၀၀၀၊ ဆင်ဖြူကျွန်း(ပု) အမြင့်ဆုံးဈေး ကျပ်၁၄၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၁၂၀၀၀၊ မြစ်ဝ (ပု) အမြင့်ဆုံးဈေး ကျပ်၁၀၅၀၀မှ အနိမ့်ဆုံးဈေး ကျပ်၁၀၀၀၀တို့ အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

         ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် နိုဝင်ဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော ကြံခင်းမှ ထန်းမြစ်အစည်းကြီးတစ်စည်းလျှင်ကျပ်၃၅၀၀၊ အလတ် ကျပ်၃၀၀၀၊ ရဲမွန်တပ်မြို့ မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ်၈၀၀၀၊ အလုံးလတ် ကျပ်၅၀၀၀၊ အလုံးသေး ကျပ်၃၀၀၀၊ အင်းမမှ ဖရဲသီး (၈၅၅) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၀၊ အလုံးလတ် ကျပ်၁၈၀၀၀၊ အလုံးသေး ကျပ်၁၅၀၀၀၊  တောင်ကြီးမှ ထောပတ်သီးတစ်လုံးဈေးနှုန်းမှာ အလုံးကြီး ကျပ်၁၀၀၀၊ အလုံးသေး ကျပ်၅၀၀၊ အောင်ပန်းမှ လိမ္မော်သီးတစ်ပိဿာလျှင် အလုံးကြီး ကျပ်၇၀၀၀၊ အလုံးလတ် ကျပ်၆၀၀၀၊ အလုံးသေး ကျပ်၅၀၀၀၊ ပုပ္ပါးမှ မာလာကာသီးအိတ်ကြီးတစ်အိတ်လျှင် ကျပ်၅၅၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၇၀၀၀၊ အလုံးလတ် ကျပ်၆၀၀၀၊ အလုံးသေး ကျပ်၅၀၀၀၊ တိုက်ကြီးမှ ကလောဥတစ်ပိဿာလျှင် အလုံးကြီး ကျပ်၁၅၀၀၊ ရှမ်းပြည်မှ အာတာလွတ်ဥတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ ယိုးဒယားပန်းသီးတစ်သေတ္တာလျှင် ကျပ်၇၈၀၀၀တို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စျေးနှုန်းများ

            နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် ရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥစျေးနှုန်းများမှာ နိုဝင်ဘာလပထမအပတ်တွင် ကြက်ဥအကြီးတစ်လုံးလျှင်(၄၅၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၃၈၀)ကျပ်အထိရှိပြီး၊ ဘဲဥအကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင်(၄၅၀)ကျပ်၊ ငုံးဥတစ်လုံးလျှင်(၁၀၀)ကျပ်၊ ဆေးဘဲဥတစ်လုံးလျှင်(၇၀၀)ကျပ်အထိရှိပြီး နိုဝင်ဘာလ ဒုတိယအပတ်တွင် ကြက်ဥအကြီးတစ်လုံးလျှင် (၅၅၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၅၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင်(၄၈၀)ကျပ်၊ ဘဲဥအကြီးတစ်လုံးလျှင်(၆၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင်(၅၅၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင်(၄၈၀)ကျပ်၊ ငုံးဥစျေးနှုန်းမှာ (၉)လုံးတစ်ထောင်ကျပ်၊ ဆေးဘဲဥတစ်လုံး လျှင်(၈၀၀)ကျပ်အထိ စျေးနှုန်းမြင့်တက်လာကြောင်း သိရပါသည်။

          နတ်တလင်းမြို့နယ်တွင် ဒေသတွင်းအခြေခံစားကုန်များဖြစ်သော ကြက်ဥ၊ ဘဲဥများကို ရန်ကုန်မြို့မှဝင်ရောက်လာကြောင်းနှင့် စျေးနှုန်းမြင့်တက်လာရခြင်းမှာ လမ်းခရီးအခက်အခဲနှင့် မွေးမြူရေးအစားအစာများ စျေးနှုန်းမြင့်တက်နေခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့မှကွမ်းရွက်စျေးနှုန်း

               ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကွမ်းကိုစီးပွားဖြစ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ ကွမ်းစိုက်သူများအနေဖြင့် ကွမ်းခြံစိုက်မည့်နေရာကို နွားချေး၊ မြေဆွေးများထည့်ကာ မြေပြုပြင်ပေးရသည်။ အမြင့်(၄)လက်မနှင့် အကျယ်(၂)ပေရှိဘောင်များ ပြုလုပ်ပေးရသည်။ ကွမ်းခြံတစ်ပိုင်တစ်နိုင်စိုက်သူများအနေဖြင့် ပေါက်ပြားဖြင့်ကွမ်းဘောင်များ ပြုလုပ်ပေးရသည်။ ကွမ်းခြံဆောက်လုပ်ရာတွင် ဝါးလုံးအကြီးများကိုတိုင်အဖြစ်အသုံးပြုပြီး ကွမ်းစိုက်တိုင်များကိုလည်း ဝါးလုံးအသေးများဖြင့်လည်းကောင်း၊ ဝါးလုံးအကြီးများကို ခြမ်း၍လည်းကောင်း စိုက်ပျိုးကြသည်။ ကွမ်းခြံစင်ကိုလည်း အမြင့်(၇)ပေ (၈)ပေအထိဆောက်လုပ်ကြကြောင်း၊ နေပူဒဏ် မှကာကွယ်ပေးရန် အမိုးအကာများကို အုန်းလက်၊ အမိုးအစိမ်း၊ အမိုးအမည်းများ အသုံးပြုရကြောင်းနှင့် ကွမ်းအမျိုးအစားများမှာ ကွမ်းနုဝါနှင့် ကွမ်းစိမ်းဟူ၍ (၂)မျိုးရှိသော်လည်း ကွမ်းနုဝါကိုအများဆုံး အသုံးပြုကြောင်း သိရပါသည်။

               ကွမ်းညွှန့်များကိုမိမိတို့နှစ်သက်ရာခြံမှ မျိူးဝယ်ယူကာ စိုက်ပျိုး‌လေ့ရှိကြသည်။ ကွမ်းနုဝါတစ်ညွှန့်လျှင် လက်ကားစျေး (၅၀၀)ကျပ်ခန့်ဖြင့် ဝယ်ယူကာ စိုက်ပျိုးကြရသည်။ ကွမ်းဘောင်အပေါ်ရှိ မြောင်းအရှည်အတွင်း၌ နှစ်ဆစ်မြုပ်ထည့်ကာ မြေဖုံး၍စိုက်ပျိုးပေးရကြောင်း၊ ကွမ်းညွှန့်အဖျားပိုင်းကို ခပ်ကွေးကွေးအနေအထားဖြင့် ကွမ်းတိုင်တွင်ကွမ်းညွှန့်များ ထောင်မတ်နေသည့်ပုံစံဖြင့် ချည်ပေးရသည်။ ကွမ်းညွှန့်များကို စိုက်နည်းကွာခြားသော်လည်း တစ်ပင်နှင့်တစ်ပင်ကွာခြားချက်မှာ တစ်ပေခန့်သာရှိကြောင်း၊ ကွမ်းပင်များရေလောင်းရာတွင် ရေဖျန်းပုံးဖြင့်ဖျန်းလေ့ရှိသည်။ ကွမ်း စိုက်ပျိုးပြီး(၄)အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည်။ မိုးရာသီနှင့်ဆောင်းရာသီတွင် (၁၀)ရက် တစ်ကြိမ်ခူးရသော်လည်း နွေရာသီတွင် ရာသီဥတုအပူဒဏ်ကြောင့် (၁၅)ရက်ကို တစ်ကြိမ်သာ ခူးရပါသည်။ ကွမ်းခူးပြီးလျှင် (၁၅)ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာနှင့် မှိုဆေးများကို ဖျန်းပေးရသည်။ မြေအနေအထားပေါ်မူတည်၍ ၃နှစ်မှ၅နှစ်အထိထားလေ့ရှိကြောင်း သိရပါသည်။ စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် ကွမ်းခြံတစ်ပိုင်တစ်နိုင်စိုက်သူများအနေဖြင့် ကွမ်းတိုင်(၅၀၀)စိုက်လျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ငွေကျပ်(၈)သိန်းခန့်ကုန်ကျကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရပါသည်။ ကွမ်းနုဝါစျေးနှုန်းများမှာ နိုဝင်ဘာလပထမအပတ်တွင်(၁၀၀၀၀)ကျပ်အထိရှိပြီး နိုဝင်ဘာလဒုတိယအပတ်တွင် (၁၂၀၀၀)ကျပ်အထိ စျေးနှုန်းမြင့်တက်လာကြောင်းသိရပါသည်။ မိုးရာသီတွင် ကွမ်းအထွက်နှုန်းတိုးသော်လည်း မိုးများလျှင် ရောဂါပိုးကျရောက်လာသည့်အတွက် အထူးဂရုစိုက်ရပါ‌ကြောင်း ဆောင်းရာသီနှင့်နွေရာသီတွင် အထွက်နှုန်းနည်းသွားသည့်အတွက် စျေးနှုန်းမြင့်တက်လာကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၏ မတ်ပဲဈေးနှုန်း၊ ဈေးကွက်အခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲထွက်တိုးတစ်တင်းလျှင် (၉၃၀၀၀)ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် (၈၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

          မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း မတ်ပဲထွက်တိုးတစ်တင်းလျှင် (၉၀၀၀)ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် (၁၀၀၀၀)ကျပ်ကျဆင်းသွားကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကိုစိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများမှာ ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာလတတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၄၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၇၇၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးနှုန်းပိုမိုရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

         နိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလ တတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၄၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

ဇီးကုန်းမြို့နယ်တွင် ကြောင်လျှာသီး (အနု)နှင့် ကြောင်လျှာသီး (အရင့်)များ အဝယ်လိုက်

             ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ  ကြောင်လျှာသီး သီးနှံဈေးကွက်မှာ ဈေးနှုန်းမြင့်တက်နေကြောင်း ကြောင်လျှာသီးဝယ်ယူရောင်းချနေသူ ထံမှသိရပါသည်။ ကြောင်လျှာသီး ဈေးကွက်အတွင်းတွင် အသီးနုသာမက အသီးရင့်များကိုပါ ဝယ်ယူမှုများရှိကြောင်း သိရပါသည်။

             ဈေးကွက်အတွင်း အသီးနုကိုစားသုံးရန်အတွက် ရောင်းဝယ်နေသလို စားလို့မရတော့တဲ့ ကြောင်လျှာသီးအရင့်များကိုလည်း ကြောင်လျှာသီးအရင့်ကနေ ကြောင်လျှာဆံထုတ်ရန် ဝယ်ယူမှုများရှိပြီး ကြောင်လျှာသီးအရင့်တစ်တောင့်လျှင် ၁၅၀ကျပ်၊ အနုတောင့် တစ်တောင့်လျှင် (၃၀၀ကျပ်မှ၄၀၀ကျပ်)၊ ကြောင်လျှာဆံ နေလှမ်းပြီးသား တစ်ပိဿာလျှင် (၁၅၀၀၀ ကျပ်)နှုန်း ရှိကြောင်းသိရပါသည်။ ကြောင်လျှာသီး အထဲကအဆံကို ယခင်နှစ်က ထိုင်းမှဝယ်ယူမှုရှိပြီး ယခုနှစ် တရုတ်ဘက်မှဝယ်ယူ၍ တိုင်းရင်းဆေးဝါးထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ်ဝယ်ယူခြင်းဖြစ်ကြောင်း သိရပါသည်။ အသီးနုကိုတော့ ဒေသတွင်းနှင့် ရန်ကုန်မြို့ တညင်းကုန်းဈေးသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။  မြန်မာနိုင်ငံတွင် ကြောင်လျှာသီးကို စားစရာဟင်းလျှာအဖြစ်လည်းကောင်း၊ ဆေးဝါးဓာတ်စာအဖြစ်လည်းကောင်း၊ စားသုံးလေ့ရှိပြီး စီးပွားဖြစ်စိုက်ခင်းများအနေဖြင့် စိုက်ပျိုးမှုမရှိသလောက် ရှားပါးပြီး တစ်ပိုင်တစ်နိုင်သာစိုက်ပျိုးကြ ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)            

ဒေသထွက် ကလားဝါးဥ (ခေါ်) ဝါးဥများထွက်ရှိ

              ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့အတွင်းရှိကျေးရွာများတွင်  ကလားဝါးဥ (ခေါ်) ဝါးဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ ယခုအချိန် နိုဝင်ဘာလတွင် ဝါးဥရာသီချိန်ဖြစ်၍ ဝါးဥများစတင်ထွက်ရှိနေပြီ ဖြစ်ပြီး မြို့နယ်ဈေးကွက်အတွင်း ဝါးဥတစ်ပိဿာလျှင် ငွေကျပ် (၃၈၀၀)၊ ၂၅ ကျပ်သားလျှင်ငွေကျပ် (၁၀၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိရာ စားသုံးသူများကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်းသိရပါသည်။

             ဝါးဥသည် ပရိုတင်းဓာတ်နှင့် သန်ဓာတ်ကိုလည်း အားဖြည့်ပေးပါသည်။ ဝါးဥကိုစားသုံး ပေးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများကိုရရှိစေပါသည်။ ဝါးဥပင်ကိုစိုက်ပျိုးရာတွင် တကူးတက စိုက်ပျိုးစရာမလိုဘဲ ဝါးဥကိုတူးဖော်စဉ်က အပင်တက်ထွက်ရာ ဝါးဥ၏ အမြီးပိုင်းကို လက်တစ်ဆစ်ခန့်ချိုး၍ တူးယူသောကျင်း၌ ပြန်လည်မြေဖို့၍ စိုက်ပျိုးခဲ့ပါသည်။ မိုးဦးကျမှသာ အပင်တက်များ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ အပင်အမြင့်မှာ (၃ - ၄) ပေခန့် အမြင့်ရှိပြီး မိုးအကုန်တူးဖော်ရာတွင် တစ်ပင်ကို ဥပွားများ  (၃ - ၄) ဥပြန်လည် ထွက်ရှိပါသည်။

               ဝါးဥသည် အထိအခိုက် အထားခံ၍ သယ်ရလွယ်ကူသောကြောင့် ဒေသမရွေးမှာပင် ဝယ်ယူရရှိနိုင်ပါသည်။ ဓာတုဆေးဝါးလည်း ကင်းလွတ်သော အော်ဂဲနစ်သီးနှံလည်းဖြစ်၍ ရာသီပေါ် ကလားဝါးဥ (ခေါ်) ဝါးဥကို စားသုံးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်၏သံပုရာသီးဈေးကွက်

            လူတို့သည် သံပုရာသီးကို နေ့စဉ်တစ်မျိုးမဟုတ်တစ်မျိုး စားသုံးကြပါသည်။ သံပုရာသီးကို ကျန်းမာရေးအရအသုံးပြုသလို အသုပ်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ သံပုရာသီးကို ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် တော်တော်များများစိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်စား၍ရသော သီးနှံပင်ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ သံပုရာပင် တစ်ပင်လျှင်ထွက်ရှိသော ပျမ်းမျှအသီးနှုန်းမှာ (၅၀-၁၀၀)အထိ ထွက်ရှိကြောင်း သိရပါသည်။ ပြည်ဈေးကွက်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြောင်းသိရပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် ၂၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ သံပုရာသီးများကို ပြည်ဈေးကွက်မှတစ်ဆင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်များအပြင် နယ်မြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။


              ထို့ကြောင့် သံပုရာပင်စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင်လွယ်ကူပြီး စိုက်ပျိုးစရိတ်လည်းသက်သာ၍ နှစ်ပတ်လည်ဝင်ငွေများရရှိလာသဖြင့် အပိုဝင်ငွေများလည်း ရရှိလာမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

ကန့်ဘလူမြို့နယ်၏ အစေ့ထုတ်ပြောင်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

        မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ တစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။

        အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစ၍ ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ နိုဝင်ဘာလ တတိယပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် ငွေကျပ်၂၀၅၀၀ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ အစေ့ထုတ်ပြောင်းဈေးနှုန်းများသည် ယခင်အပတ်ထက် ယခုအပတ်တွင် (၁)တင်းလျှင် ငွေကျပ်၂၀၀၀မြင့်တက်လာကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း