Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့နယ်၏ ၂၀၂၅/၂၀၂၆ခုနှစ်၊ ဆောင်းထောပတ်ပဲ စိုက်ပျိုးထားရှိမှု

        မြင်းခြံမြို့နယ်၌ ဆောင်းထောပတ်ပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် ဆောင်းထောပတ်ပဲစီမံကိန်းဧက(၆၅၀)လျာထားချက်တွင် စိုက်ပျိုးပြီးဧက (၂၉၂)ဧက စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများအား လျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။  ဆောင်းထောပတ်ပဲသီးနှံကို  အနိမ့်ကျေးရွာ၊ ဂေါင်းကွဲရွာ၊ နဘူးအိုင် ကျေးရွာ၊ တလုပ်မြို့ကျေးရွာနှင့် ဓါးကျွန်းကျေးရွာတို့တွင် စိုက်ပျိုးထားကြောင်း၊ ထောပတ်ပဲကို ပင်ထောင်နှင့် ပင်ပြန့်ဟူ၍ နှစ်မျိုးရှိ၍ ပင်ထောင်ပဲသည် အစေ့ကြီးပြီး ပင်ပြန့်ပဲသည် အစေ့ငယ်ကြောင်း၊ မြင်းခြံမြို့နယ်တွင် ပင်ပြန့်ပဲများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ပင်ပြန့်မျိုးသည် စိုက်ပျိုးပြီး ရက်ပေါင်း(၆၅)ရက်ခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး ပင်ထောင်မျိုးသည် စိုက်ပျိုးပြီးရက်ပေါင်း(၈၀-၁၀၀)ခန့်အကြာတွင် ခူးဆွတ်နိုင်ကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၆-၇)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ အပင်ပြုစုမှု၊ သွင်းအားစုနှင့်  စိုက်ခင်းသို့ တစ်ပတ်လျှင်တစ်ကြိမ် ရေသွင်းပြုစုပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊ ဖူးစားပြောင်း(မိုး)သီးနှံစိုက်ပျိုးထားရှိမှု

         တောင်သာမြို့နယ်ရှိ မိုးကောင်းသောက် ဧရိယာများတွင် ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ပြောင်းနှင့် ကြက်သွန်နီသီးနှံများစိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်း(မိုး)များကိုလည်း စိုက်ပျိုးထားကြောင်း သိရှိရသည်။ ဖူးစားပြောင်း(မိုး)သီးနှံကို ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင် စိုက်ပျိုးပြီး၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၌ ရိတ်သိမ်းထွက်ပေါ် မည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဖူးစားပြောင်း(မိုး) သီးနှံကို စီးမံကိန်းဖြင့် (၄၉၅)လျာထားဧကတွင် စိုက်ပျိုးပြီး ဧက(၁၃၆၃) ဧကစိုက်ပျိုးထားကြောင်း၊ လျားထားချက်ထက်(၈၆၈)ဧက ကျော်ပိုမိုစိုက်ပျိုး ထားကြောင်း၊ ကျောက်ဖူးရွာ၊ ချောင်းဆုံရွာ၊ ခါးတက်ကုန်းရွာနှင့် ထန်းပင်ကန်ရွာများတွင် စိုက်ပျိုးထားကြောင်း၊ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် ပြောင်းဖူး (၈၀၀၈၂၅၀) ဖူးထွက်ရှိကြောင်း၊ ရာသီဥတုနှင့် မြေအမျိုးအစား၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် အပင်ပြုစုမှုကောင်းမွန်ပါက အထွက်နှုန်းကောင်းနိုင်မည်ဖြစ်ကြောင်း ဖူးစားပြောင်း စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊ ဖရဲပင်(မိုး)စိုက်ပျိုးထားရှိမှု

       မြင်းခြံမြို့နယ်သည် ဆည်ရေသောက်အသင့်အတင့်ရှိပြီး သစ်သီးဝလံမျိုးစုံ စိုက်ပျိုးလျက်ရှိရာဖရဲသီး သီးနှံကိုလည်းစိုက်ပျိုးထားကြောင်း၊ ၎င်းကို ရွာသာရွာ၊ ဖရင်းရွာ၊ သစ်ရုံရွာနှင့် ပတ္တာကျေးရွာတို့တွင် စိုက်ပျိုးထားကြောင်း၊ အပူပိုင်းဒေသ မိုးနည်းရပ်ဝန်းဖြစ်သာ ဖရဲ(မိုး)ကို မေလမှစ၍ ဖေဖော်ဝါရီလအထိ စိုက်ပျိုးကြောင်း၊ ပူလွန်းသောအချိန်တွင်စိုက်ပျိုးပါက အချိုဓာတ်လျော့နည်းကြောင်း၊ ၂၀၂၅/၂၀၂၆ခုနှစ်၊ ဖရဲပင်(မိုး)သီးနှံကို စီမံကိန်းလျာထားချက်( ၉၁၂)ဧက ရှိသည့်အနက် စိုက်ပျိုးဧက(၁၀၄၀) စိုက်ပျိုးထားကြောင်း၊ လျာထားဧကထက် (၁၂၈)ဧကကျော် ပိုမိုစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ဖရဲပင်သည် သဲနှုန်းမြေအမျိုးအစားတွင် စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ပျိုးထောင်၍စိုက်ပျိုးပြီး ပျိုးပင်ပေါက်များကို (၁၀-၁၅)ရက်အတွင်း စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၇၈၉) လုံးထွက်ရှိကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး စိုက်နည်းစနစ်၊ သွင်းအားစုနှင့် အပင်ပြုစုမှုများ ကောင်းပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင်ကြောင်း ဖရင်းကျေးရွာမှ ဖရဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တ‌လေး)

တောင်သာမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊ နေကြာ(မိုး)စိုက်ပျိုးထားရှိမှု

         တောင်သာမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။ နေကြာ(မိုး)သီးနှံအား ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက် ပေါ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်းသိရှိရသည်။  ၂၀၂၅/၂၀၂၆ ခုနှစ်၊ နေကြာ(မိုး)ကို တစ်မြို့နယ်လုံးအနေဖြင့် စီမံကိန်းလျာထားဧက (၄၇၅)ဧက ရှိသည့်အနက် စိုက်ဧက (၅၀၂) ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ စီမံကိန်းလျာထားဧကထက် (၂၇)ဧကကျော် ပိုမိုစိုက်ပျိုးထားကြောင်း၊  မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏စာရင်းများ အရသိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့်(၂၃)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ဆီနေကြာတစ် ပိဿာလျှင် (၆၅၀၀)ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊ နေကြာ(မိုး)သီးနှံကို ကျွဲဇင်းရွာ၊ ခါးတက်ကုန်းရွာ၊ ငါးပင်စင်ရွာ၊ ဆည်ကုန်းရွာနှင့် ဆုံးကုန်းရွာ တို့တွင်စိုက်ပျိုးထားရှိကြောင်း၊ တောင်သူများအနေဖြင့် ဆင်းရွှေကြာ-၂နှင့် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း၊ စိုက်နည်းစနစ်၊ အပင်ပြုမှု၊ သွင်းအားစုနှင့် ရာသီဥတုကောင်းပါက အထွက်နှုန်းကောင်းနိုင်ကြောင်း နေကြာစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်၏ ၂၀၂၅/၂၀၂၆ ကြက်သွန်နီ(မိုး)စိုက်ပျိုးထားရှိမှု

         တောင်သာမြို့နယ်ရှိ ကြက်သွန်နီ(မိုး)သီးနှံများကို ထန်းပင်ကန်ရွာ၊ ခါးတက်ကုန်းရွာ၊ ကြာပို့ရွာ၊ ဇရပ်ကြီးရွာ၊ ဘုရားလှရွာနှင့် ရုံးစည်ကြီးကျေးရွာစသည်တို့တွင် စိုက်ပျိုးထားရှိကြောင်း၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကြက်သွန်နီ(မိုး)ကို စတင်စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် ကြက်သွန်နီ (မိုး) စိုက်ပျိုးထားရှိမှုမှာ (၂၈၀)ဧက စိုက်ပျိုးထားရှိပြီး၊ ယခင်နှစ်စိုက်ဧကထက် ယခုနှစ်တွင် (၅၅) ဧကကျော် ပိုမိုစိုက်ပျိုးထားရှိကြောင်း၊ အစိုဓာတ်ရှိသော မြေအမျိုးအစားတွင် စိုက်ပျိုးဖြစ် ထွန်းကြောင်း၊ ပျိုးထောင်၍စိုက်ပျိုးကြောင်း၊ ပျိုးပင်သက် (၄၅-၅၀)ရက်သားတွင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြောင်း၊ ပင်ကြား၊ တန်းကြား(၃လက်မ) အကွာအဝေးဖြင့် စိုက်ပျိုးကြောင်း၊ ယခင်နှစ် ကြက်သွန်နီ(မိုး) တစ်ဧက အထွက်နှုန်းအနေဖြင့် (၂၁၀၀) ပိဿာခန့် ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ကြက်သွန်နီမိုး တစ်ပိဿာလျှင် (၈၀၀-၂၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊ ကြက်သွန်နီ (မိုး)သည်  ကြက်သွန်နီ (ဆောင်း) သီးနှံကုန်ဆုံးချိန်တွင် စားသုံးရန်အတွက် အစားထိုးစိုက်ပျိုးသော သီးနှံဖြစ်ကြောင်း၊ ယခုနှစ်ကြက်သွန်နီ (မိုး)သီးနှံများ စိုက်ပျိုးချိန်တွင် မိုးများသောကြောင့် စိုက်ခင်းတွင်နောက်ကျ၍ စိုက်ပျိုးရကြောင်း၊ မြေအမျိုးအစား၊ စိုက်ပျိုးသည့် နည်းစနစ်၊ သွင်းအားစုနှင့် အပင်ပြုစုမှုကောင်းမွန်ပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင်မည်ဖြစ်ကြောင်း ကြက်သွန်စိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

              အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ နိုဝင်ဘာလ(၁၂)ရက်နေ့မှ နိုဝင်ဘာလ(၁၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၈၀၀ မှ ၂၅၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၆၀၀၀ မှ ၇၀၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၀၀၀၀ မှ ၁၃၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၃၀၀၀ မှ ၄၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၂၅၀၀ မှ ၅၀၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၁၀၀ မှ ၁၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၅၀၀၀ မှ ၇၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၁၃၀၀၀ မှ ၁၃၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၃၀၀၀ မှ ၅၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၃၀၀ မှ ၅၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၁၅၀ မှ ၂၅၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၅၀၀ မှ ၂၅၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၅၀ မှ ၁၅၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၃၀၀၀ မှ ၄၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၆၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1620500)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (73790) ကျော်၊ ဗူးသီးအလုံးပေါင်း (25220)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(14383)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (233450)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (125360)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (15675) ကျော်၊ ဖရဲသီးလုံးပေါင်း(29750)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

လူအများကြိုက်နှစ်သက်သော အာလူး

      အာလူးသီးသည် ကလေး၊ လူကြီး အားလုံးကြိုက်နှစ်သက်သော အစားအစာတစ်ခုဖြစ်ပြီး အာလူးသီးကို ပြုတ်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း၊ အသား၊ ဘဲဥတို့နှင့် တွဲဖက်၍သော်လည်းကောင်း၊ စမူဆာပြုလုပ်ရာတွင်လည်းကောင်း၊ ပူးတင်းပြုလုပ်ရာတွင်လည်းကောင်း အများဆုံးထည့်သွင်းအသုံးပြုကြသလို အခြားစားသောက်မှုများတွင်လည်း ထည့်သွင်းစားသုံးကြ၍ စားသုံးမှုများသော အစားအစာတစ်မျိုးဖြစ်ပါသည်။ အာလူးသီးတွင် ကယ်လိုရီဓာတ်၊ အမျှင်ဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ အဆီ၊ ပရိုးတင်း၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ ဗီတာမင်ဘီစီ စသောဓာတ်သတ္တုများစွာပါဝင်၍ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါသည်။ အာလူးကို စားသုံးခြင်းဖြင့် အရိုးကျန်းမာခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ နှလုံးကိုကျန်းမာစေခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း၊ ကင်ဆာရောဂါကာကွယ်ပေးခြင်း၊ အရေပြားကျန်းမာစေခြင်း၊ ကိုယ်ခံအားကောင်းမွန်စေခြင်း အစရှိသည့်ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေပါသည်။ ထိုသို့ ဟင်းချက်ရာတွင်လည်း အမျိုးမျိုးအသုံးဝင်ပြီး၊ ကျန်းမာရေးအကျိုးကျေးဇူးများသည့် အာလူးသီးကို ရှမ်းပြည်နယ်၊ အောင်ပန်းဒေသဘက်မှ အများဆုံးဝင်ရောက်လျက်ရှိပြီး မြင်းခြံမြို့ရှိဈေးများတွင် တစ်ပိဿာလျှင်(၇၀၀၀)ကျပ်ဝန်းကျင်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရာသီနှင့်လိုက်ဖက်သော ငါးခြောက်

        ကျေးလက်ဒေသများရှိ ကျေးရွာသူကျေးရွာသားများသည် နံနက်ပိုင်းတွင် ကိုယ့်မိသားစု၏ တစ်နေ့တာဝမ်းစာအတွက် ထမင်းဟင်းများကို ထင်းမီးများဖြင့် ချက်ပြုတ်ကြပြီး  မီးခဲများကောင်းလာချိန်၌  ငါးခြောက်များကို မီးကင်/ မီးဖုတ်၍ ဆီဆမ်းပြီး ထမင်းပူပူနှင့် နံနက်အဆာပြေ စားသောက်ကြသည်မှာ မိရိုးဖလာစားသောက်မှု ပုံစံတစ်ခုလိုပင်ဖြစ်ပါသည်။ ထမင်းပူပူ ငါးခြောက်အချိုခြောက်ကို ပဲဆီဆမ်း၍ ရေနွေးကြမ်းဖြင့် စားသောက်ရသည်မှာ လွန်စွာမှ အရသာရှိလှပါသည်။ နေ့လည်စာအတွက်လည်း ရာသီပေါ် ဗမာခရမ်းချဉ်သီးနှင့် ငါးခြောက်ရော၍ ချက်ပြုတ်စားသောက်လျှင်လည်း လွန်စွာထမင်းမြိန်လှပြီး တောဓလေ့ရာသီစာ တစ်မျိုးလိုပင် ဖြစ်ပါသည်။ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ အလှူအတန်း၊ သာရေး၊ နာရေးနှင့် ပွဲလမ်းသဘင်များရှိလျှင် လာရောက်ဝယ်ယူကြလေ့ရှိပြီး၊ ယခုလိုဆောင်းရာသီတွင် ရာသီနှင့်  ငါးခြောက်များ ရောင်းချမှုများကောင်းကြောင်း မြင်းခြံမြို့ အေးမြသီတာဈေးနှင့် မြို့မစည်ပင်သာယာဈေးရှိ ရေချိုရေငန်ငါးပိ ငါးခြောက်ရောင်းချသူများထံမှ သိရှိရသည်။

        မြင်းခြံမြို့တွင် ရောင်းချလျက်ရှိသောရေချိုရေငန်ငါးပိငါးခြောက်များကို ရန်ကုန်မြို့မှ မှာယူရောင်းချကြောင်းနှင့်  နိုဝင်ဘာလ ဒုတိယပတ်တွင် ဒေသခံများ  အများဆုံးဝယ်ယူစားသုံးကြသည့် ငါးခြောက်ဈေးများအနေဖြင့် ငါးရောင်အသားမြောင်း အလတ်စား (၂၅)ကျပ်သား (၁၈၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၇၀၀၀၀ )ကျပ်၊   ငါးနီတူး (၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ တစ်ပိဿာလျှင်  (၃၀၀၀၀ ) ကျပ်၊ ငါးပုတ်သင်(ရှယ်) (၂၅)ကျပ်သားလျှင် (၁၄၀၀၀)ကျပ် တစ်ပိဿာလျှင် (၅၃၀၀၀) ကျပ်၊ ငါးပုတ်သင် (လတ်) (၂၅)ကျပ်သားလျှင် (၁၂၀၀၀)ကျပ် တစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ ငါးဖောင်ရိုး (ရှယ်) (၂၅)ကျပ်သားလျှင် (၁၄၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၃၀၀၀)ကျပ် ငါးဖောင်ရိုး (လတ်) (၂၅)ကျပ်သားလျှင် (၁၁၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)

မြန်မာ့အစားအစာ မရွေးမုန့်

       မြင်းခြံမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အညာဒေသမြို့တစ်မြို့ဖြစ်ပြီး ထန်းပင်ထန်းတောများပေါများ လှပါသည်။ မြန်မာ့ရိုးရာအစားအစာများပြုလုပ်ရာတွင် အများဆုံးထည့်သွင်း ပါဝင်ရသော ထန်းလျက်များထွက်ပေါ်ရာဒေသတစ်ခုလည်းဖြစ်ပါသည်။ ထန်းလျက်ဖြင့်တွဲဖက်၍ ပြုလုပ်သော မုန့်ပဲသရေစာများစွာရှိသည့်အနက် မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သော မရွေးမုန့်သည်လည်း ကလေးလူကြီးကြိုက်နှစ်သက်သော သရေစာမုန့်တစ်မျိုးဖြစ်၍ အလှူပွဲ၊ မင်္ဂလာပွဲ၊ ဘုရားပွဲများတွင် ဧည့်ခံမုန့်အဖြစ်လည်းကောင်း၊ လက်ဆောင်အဖြစ်လည်းကောင်း လူကြိုက်များသောမုန့်တစ်ခုဖြစ်ပါသည်။ အထက်အညာဒေသမှ ထန်းလျက်နှင့် အောက်ပိုင်းဒေသတစ်ခုဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူဒေသမှထွက်ရှိသော ကောက်ညှင်းဆန်ဖြင့်ပြုလုပ်သော မရွေးမုန့်များကို မြင်းခြံမြို့၊ မြို့မစည်ပင်သာယာဈေးကြီးနှင့် အေးမြသီတာဈေးတွင် ဝယ်ယူရောင်းချလျက်ရှိရာ (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့် ဒေသခံများဝယ်ယူစားသုံး လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

(၁၉.၁၁.၂၀၂၅) ရက်နေ့ထိ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

                     ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်း အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်အမျိုးအစားများအနက် ဧည့်မထ တစ်ပြည်လျှင် ကျပ်၂၅၀၀ မှ ၂၈၀၀ ထိ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၀၀ မှ ၃၀၀ ထိ၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၀၀ မှ ၅၉၀၀ ထိလည်း ကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၅၅၅ မှ ၆၇၅၅ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၆၀၀၀၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီးလျှင် ကျပ် ၀၀ မှ ၁၀၀၀၊ ချဉ်ပေါင်ရွက် တစ်စီး ကျပ် ၃၀၀ မှ ၅၀၀၊ မုန့်ညှင်းတစ်စီး ကျပ် ၅၀၀ မှ ၇၀၀၊ ကိုက်လန်တစ်စီး ကျပ် ၁၅၀၀ မှ ၁၈၀၀၊ ဂေါ်ဖီ တစ်ထုပ်လျှင် ကျပ် ၃၀၀ မှ ၃၅၀၀၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ် ၃၅၀၀ မှ ၄၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၆၀၀၀ မှ ၈၀၀၀၊ ဗူးသီးတစ်လုံး ကျပ် ၂၀၀၀ မှ ၃၅၀၊ အာလူး(တရုတ်)တစ်ပိဿာ ကျပ် ၅၅၀၀ မှ ၆၅၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၀၀၀ မှ ၂၀၀၊ ဂျင်း တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၃၅၀၀၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၀၀၀၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊ ဆိတ်သားတစ် ပိဿာလျှင် ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၂၀၀၀ မှ ၃၀၀၀၀၊ ပုဇွန်ထုပ်သေး တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀၊ ငါးခူတစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀၊ ငါးရံ့တစ်ပိဿာ  ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀ တို့ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် ကျပ် ၃၆၅၊ ဘဲဥတစ်လုံး ကျပ် ၅၀၀ မှ ၆၀၀ တို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း