
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် အညာဒေသဖြစ်သည့်အတွက် ရာသီပေါ် ဟင်းသီးဟင်းရွက်သစ်သီးဝလံများ လာရောက်ရောင်းချလျှက်ရှိရာမိုးတွင်းကာလတွင် ကင်ပွန်းချဉ်ပင်များမှ အရွက်အညွန့်များ တလူလူနှင့်စတင်ထွက်ရှိပြီး ကင်ပွန်းချဉ်ပင်များကို အိမ်နောက်ဖေး မြေပိုမြေလွတ်များတွင် စနစ်တကျစိုက်ပျိုးထားကြသလို စီးပွားဖြစ်အနေဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြပါသည်။ ပူပြင်းသော ရာသီဥတု အချိန်အခါများတွင် ကင်ပွန်းချဉ် ကိုဟင်းအရံ အနေဖြင့် ဟင်းချို အရေကျဲလေးချက်ပြုတ်၍စားသုံးခြင်းဖြင့် အပူဒဏ်ကို လျော့စေပြီး ခံတွင်းမြိန်စေပါသည်။ ကင်ပွန်းချဉ်အရွက်သာမက ကင်ပွန်းဥ၊ကင်ပွန်းသီးပါ အသုံးဝင်းသည့်အပြင် အပင်အားလည်း ဆေးအနေဖြင့်လည်းသုံး၍ရကြောင်း၊ အရွက်ကိုကြိတ်ပြီး အသည်းရောင်အသားဝါ ရောဂါအား သက်သာစေပြီး၊ အသည်းရောင်နေတဲ့နေရာကို လိမ်းပေးခြင်းဖြင့် အရောင်ကျစေကြောင်း၊ ကင်ပွန်းချဉ်ရွက်သည် လေနဲ့ပတ်သက်တဲ့ရောဂါကို သက်သာစေပြီး ဝမ်းကိုလည်း ပျော့စေကြောင်း ၊ ကျောက်ကပ်ကို အားပေးတဲ့အတွက် သောက်သုံးလျှင် ဆီးရွှင်စေကြောင်း၊ ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး ငှက်ဖျားရောဂါသည်တွေ သောက်သုံးခြင်းဖြင့် ပျောက်စေ ကြောင်းစသည့် ရောဂါများ သက်သာစေသည်ဟု လေ့လာသိရှိရပါသည်။ ကင်ပွန်းချဉ်ဈေးကွက် အနေဖြင့် ကင်ပွန်းချဉ်(၁၀)ကျပ်သားလျှင် (၈၀၀)ကျပ် ၊ (၁)ပိဿာလျှင်(၇၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိကြောင်းကုန်းစိမ်းရောင်းသူတစ်ဦးထံမှသိရှိရပါသည်။
DOCA(မန္တလေး)
