Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေးဒရဲမြို့ "ဖြိုးဟိန်း"စက်မှုလက်မှုလုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခြင်း

            ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည်၂၀၂၅ခုနှစ် စက်တင် ဘာလ၂၄ရက်နေ့၊ နံနက်၁၀နာရီအချိန်တွင်ဒေးဒရဲမြို့အမှတ်၂ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ "ဖြိုးဟိန်း"စက်မှုလက်မှုလုပ်ငန်းသို့သွားရောက်ပြီးSMEလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
       အဆိုပါကွင်းဆင်းရာတွင် မြို့နယ်တာ၀န်ခံက"ဖြိုးဟိန်း"စက်မှုလက်မှုပိုင်ရှင် ကိုထက်ဝေယံ ဖြိုးအားထုတ်လုပ်သည့်ပစ္စည်းများနှင့်ပတ်သက်၍မေးမြန်းရာတွင်အနိမ့်တင်ရေစက်များ၊ရေတင်ပိုက်လုံးများကို အဓိကထားထုတ်လုပ်လျက်ရှိပြီး ဒေးဒရဲကျေးရွာများမှလာရောက်၀ယ်ယူ ကြောင်းအရင်းအနှီးအနေဖြင့် ကျပ်သိန်း၂၅၀ခန့်ရှိပြီးလုပ်သားဦးရေမှာ မိမိအပါအ၀င် သုံး ယောက်နှင့်လည်ပတ်လျက်ရှိပြီး တစ်ဦးလျှင်လစာအနေဖြင့် ၁၅၀၀၀၀ကျပ် ဖြစ်ကြောင်းပြော ကြား ခဲ့ပြီး မြို့နယ်တာ၀န်ခံမှလိုအပ်သည်များ မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ကျေးရွာများအရောက် စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် စက်တင်ဘာလ(၁၉)ရက်၊ နေ့လယ်ပိုင်းက ကျေးရွာများအရောက် စားသုံးဆီများသွားရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

            အဆိုပါစားသုံးဆီရောင်းချရာတွင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ ကြီးမှူး၍ အောင်သပြေခိုင် ကုမ္ပဏီမှ ဖြန့်ဖြူးသည့် စားသုံးဆီ (၁)ပိဿာလျှင် (၇၂၁၇)ကျပ်နှုန်းဖြင့် ထင်းကွင်းကျေးရွာ နှင့် ကလပ်ရပ်ကျေးရွာ ရှိ မိဘပြည်သူများအား စားသုံးဆီဖူလုံစေရေးအတွက်  ရောင်းချပေးခြင်း ဖြစ်ကြောင်းသိရသည်။ ထို့နောက် ကျိုက်လတ်မြို့နယ် ဆီကုန်သည်ကြီးများ အသင်းနှင့် ဆီလုပ်ငန်းရှင်များ ပူးပေါင်း၍ သတ်မှတ်ရက်များ အလိုက် မြို့ပေါ်ရပ်ကွက်ကြီး များနှင့် ကျေးရွာများတွင်လည်း အခြေခံလူတန်းစားများ စားသုံးဆီကို ဈေးနှုန်း ချိုသာစွာ ဝယ်ယူနိုင်ရန် လှည့်လည်၍ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေး ဆွေးနွေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဆန်စက် လုပ်ငန်းရှင်များအား ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူး ရောင်းချရာတွင် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေးအတွက် အသိပညာပေး ဆွေးနွေးခြင်းကို စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆန်စက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ကျိုက်လတ်မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များအား ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း တို့က ဆန်စက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆန်၊ စပါး ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများကိုလေ့လာ စုံစမ်းခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

လမ်းဘေးဝဲယာမြက်ပင်ပေါင်းပင်များရှင်းလင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဖျာပုံ-ဘိုကလေး နယ်စပ်၌ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့၊ နံနက် (၁၁ : ၀၀)နာရီအချိန်တွင် မြို့နယ်အဝင်တွင် green zone ဖော်ဆောင်ရေးအတွက် လမ်းဘေးဝဲယာမြက်ပင်ပေါင်းပင်များရှင်းလင်းခဲ့ကြပါသည်။

           အဆိုပါလမ်းဘေးဝဲယာမြက်ပင်များ ရှင်းလင်းရာတွင် ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်ဝင်းလှိုင်၊ ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်ညွှန့်၊မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)ဦးထွဏ်းသူရိန် တို့မှကွင်းဆင်းစစ်ဆေးကြီးကြပ်ခဲ့ရာ လိုအပ်ချက်များအား ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်ဝင်းလှိုင်မှ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဘိုကလေးမြို့နယ်တွင်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈)ဘီလီယံဖြင့် မတည်ထောက်ပံ့ငွေပေးအပ်

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေး ခန်းမတွင်  စက်တင်ဘာ (၂၀)ရက်နေ့၊ နံနက်(၁၀)နာရီခွဲ အချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈)ဘီလီယံဖြင့် မတည်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။

           အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ၊ ဥက္ကဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ထောက်ပံ့ချေးငွေ ရယူကြမည့် မြို့နယ်တွင်းမှ လုပ်ငန်းရှင်များ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှုကော်မတီ၊ ဥက္ကဌ ဦးဇော်ဝင်းလှိုင်က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်းမှ လုပ်ငန်းရှင်များအား ပိုမိုတိုးတက်သောလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အပံ့ဖြစ်ရန် အတိုးနှုန်း(၀.၅)ရာခိုင်နှုန်းဖြင့်သာ ထောက်ပံ့ချေးငွေ ထုတ်ပေးသည့်အတွက် ချေးငွေရယူကြသူ များအနေဖြင့် မိမိတို့လုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေးအတွက်သာ အကျိုးရှိရှိ အသုံးချကြရန် အမှာစကား ပြောကြားပြီး မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ် စီမံကိန်းဦးစီးမှူး ဒေါ်မာမာဆွေက ချေးငွေထုတ်ချေးမှုနှင့်ပတ်သတ်သည်များ၊ လိုအပ်သည့် လမ်းညွှန်မှု များအား ရှင်းလင်းမှာကြားဆွေးနွေးသည်။ထို့နောက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်လုပ်ငန်း စသော လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့အတွက် ချေးငွေကျပ် သန်း(၂၅၀)အား လုပ်ငန်းအဖွဲ့များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

 

ဘိုကလေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက်

                           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ  အခြေခံပညာမူလတန်းလွန် (ဓမ္မာရုံ)ကျောင်းသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်(၁၀)နာရီ အချိန်၌ ကွင်းဆင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး၊ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်အတူ ပြပွဲများ ကျင်းပဆောင်ရွက်သည်။

                 အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ခြင်းကြောင့် ရရှိလာနိုင်သည့် ရလဒ်ကောင်းများ၊ စာပေဖတ်ရှုလေ့လာနိုင်ရေး တိုက်တွန်းမှုများစသော စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများ ဟောပြောခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးက ဆိုးဆေးအန္တရာယ်များအကြောင်း၊ သက်တမ်းလွန် အစားသောက်များနှင့် အန္တရာယ်ရှိသော အစားအစာများအား ဝယ်ယူစားသုံးမှု မရှိစေရေးအတွက် အသိပညာပေး ဟောပြောသည်။ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကဏ္ဍစုံ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစုံ စာအုပ်စာပေများ ခင်းကျင်းချိတ်ဆွဲ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ကျီးနှစ်ပင် ကျေးရွာသို့ စားအုန်းဆီစာအုပ်ဖြင့် ခွဲဝေပေးလျက်ရှိ

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့၊နံနက် (၉:၀၀) နာရီအချိန်တွင် ကျီးနှစ်ပင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး နှင့် ကော်မတီ အဖွဲ့ဝင်များအား ကျေးရွာနေ ပြည်သူများထံသို့  စားအုန်းဆီသက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် ဆီစာအုပ်များကို စနစ်တကျခွဲဝေပေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးက အဆိုပါ ဆီစာအုပ်များကို ပြည်သူလူထုထံအမှန်တကယ် ရရှိနိုင်ရေးနှင့် အလွဲသုံးစားပြုလုပ်ခြင်းတို့မရှိစေရေး၊ ဌာန၏ စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များအကြောင်း၊ စားသုံးသူ၏ အခွင့်အရေးများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆီစာအုပ်များကို စနစ်တကျ ခွဲဝေဖြန့်ဖြူးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

 

ဖျာပုံမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

        ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင် ကျင်းပသော ၂၀၂၅ ခုနှစ်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက် (၉)နာရီခွဲအချိန်ကဖျာပုံမြို့ အထက (၃)ကျောင်း မြမဥ္ဇူခန်းမ၌ ကျင်းပခဲ့ပါသည်။
            ရှေးဦးစွာကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Video Clip အားပြသပြီး ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်က ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊အိုဇုန်းလွှာ၏ အဓိပ္ပါယ်၊ခရမ်းလွန်ရောင်ခြည်လှိုင်း အမျိုးစားများ၊ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်ရန်နည်းလမ်းများနှင့်၂၀၂၅ ခုနှစ်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သော "အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး"ဟူသောဆောင်ပုဒ်နှင့်အညီ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာများအားအသိပညာပေး ဟောပြောသည်။ ထိုနောက်၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်အဆင့်ကျင်းပပြုလုပ်သည့် အထက်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ကျေင်းသူများအား ဖျာပုံခရိုင်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ထွန်း၊ ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ် ဥမ္မာလှိုင်၊မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်တို့က ဆုများအသီးသီးပေးအပ်ကြရာ ဆုရကျောင်းသား၊ ကျောင်းသူများကလက်ခံရယူကြသည်။ဆက်လက်၍ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ် ဥမ္မာလှိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆရာများလက်စွဲ စာအုပ်များပေးအပ်ရာ အထက (၃)ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူခဲ့ကြောင်းသတင်းရရှိပါသည်။

( Docaဧရာဝတီ)


 

           ဖျာပုံမြို့နယ်၌ အမှိုက် (၄)မျိုး ခွဲခြားစွန့်ပစ်တတ်စေရေးအသိပညာပေး ဟောပြောပွဲကျင်းပ

            ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန် မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ စျေးများနှင့် ဌာနဆိုင်ရာ ရုံးများတွင် ကျောင်းသား၊ကျောင်းသူများ၊ပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်စို၊အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရန်ရည်ရွယ်၍ အမှိုက်စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် လိုက်လံအသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ(၁၃)ရက်နေ့၊ နေ့လယ်အချိန်က ဖျာပုံမြို့နယ်အတွင်း လိုက်လံအသိပညာပေး ဆောင်ရွက်ကြသည်။
             အဆိုပါ အမှိုက် (၄)မျိုး ခွဲခြားစွန့်ပစ်တတ်စေရေးအသိပညာပေး ဟောပြောပွဲရာတွင် ဖျာပုံ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဦး၊ဦးစီးအရာရှိဒေါ် သက်သက်ကြူနှင့်ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊အခြေခံပညာကျောင်းများ၊ စျေးများတွင် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်စို၊အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရန် အမှိုက်ခြောက်၊ အမှိုက်စို ၊ ဘေးအန္တရာယ်ရှိအမှိုက် ၊ ပလတ်စတစ်အမှိုက်များ ခွဲခြားစွန့်ပစ်စေရေး အသိပညာပေး ဆောင်ရွက်ခြင်း၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့်
 လက်တွေ့သရုပ်ပြခြင်းများလိုက်လံဆောင်ရွက်ကြကြောင်း သိရှိရသည်။

( Doca ဧရာဝတီ )

   နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်အခြေခံစားသောက်ကုန်များ                                                       ဈေးနှုန်းချိုသာစွာရောင်းချပေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၂)နေ့၊ နံနက်( ၁၁ : ၀၀)အချိန်က ဖျာပုံမြို့ ပဥ္စမာရဇိံ ဆုတောင်းပြည့် ရွှေသာလျောင်းဘုရားကြီးတန်ဆောင်းတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအားအခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချပေးရာတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ဖျာပုံခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်၊ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းနှင့်ဝန်ထမ်းများ၊ဖျာပုံမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းနှင့်ဆရာ/ဆရာမများ၊ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊အခြေခံစားသောက်ကုန်များဖြစ်သော စားသုံးဆီ၊ဆန်၊ကြက်ဥများကို သက်သာသော စျေးနှုန်းဖြင့် စားသုံးဆီ(၅၀)ကျပ်သား (၁)ဗူးလျှင်(၃၅၀၀)ကျပ်နှုန်း၊ ဆန်တစ်ပြည်လျှင် (၂၀၀၀)ကျပ်နှုန်း၊ကြက်ဥတစ်လုံးလျှင် (၄၀၀)ကျပ်ဖြင့် စတင်ဘာဘာလ (၂၂)ရက်နေ့ နံနက် (၈)နာရီအချိန်မှ စတင်ကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား နေ့ရက်အလိုက် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

( Doca ဧရာဝတီ )

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ