Main menu

HighLight News

Powered by Drupal

လက်လီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

        ၈.၁၂.၂၀၂၁ ရက်နေ့ ၁၃:၀၀နာရီအချိန်တွင် မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအုပ် ဦးဘောမ်ဇုန်းသည် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ လက်လီအရောင်းဆိုင်လုပ်ငန်းရှင် (၃)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်စည်များတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်တို့ကို ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

ဗန်းမော်မြို့မုန့်မျိုးစုံထုတ်လုပ်ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦးသည် ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်ရှိ လူပျံအမှတ်တံဆိပ်မုန့်မျိုးစုံ ထုတ်လုပ်ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား ခေါ်ယူတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာစွာ ဖော်ပြရမည့်အချက်များမှာ ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့် နေရာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ကုန်စည်တွင်ပါဝင်သောကုန်ကြမ်းပစ္စည်း၊ အမျိုးအမည်နှင့် ပမာဏပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသည့် အချက်များဖြစ်ကြောင်း၊ ကုန်စည်များတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူရေးရာဦးစီးဌာနသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံခြင်း ရှိ/မရှိ၊ မှန်ကန်ခြင်း ရှိ/မရှိ ကို စိစစ်ခြင်း၊ ညှိနှိုင်းပေါင်းစပ်ခြင်း၊ သတိပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များကိုက်ညီမှု ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလျှောက်ထားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

ဗန်းမော်မြို့၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

       ၈.၁၂.၂၀၂၁ရက်နေ့တွင် ဗန်းမော်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ဗန်းမော်မြို့၊ ၃မိုင်ရွှေပြည်သာရပ်ကွက်၊ Denko စက်သုံးဆီဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တွင် အခန်း(၂၅)ခန်းနှင့် ပုဒ်မ(၈၄)ခု ပါဝင်ကြောင်း ယင်းဥပဒေအရစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိ‌ပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့်ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီပြည့်ဝစွာ ပေးခြင်း၊ စားသုံးသူ၏ လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ အာမခံထားသောအချိန်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုး အတိုင်း ပေးအပ်စေခြင်းတို့ကို အပြည့်အဝဆောင်ရွက်ပေးရန်လိုကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို ၂၀၁၂ ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၁၃)ဖြင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ အတည်ပြုပြဌာန်းခဲ့ကြောင်း၊ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၀ အရ အရေးကြီးကုန်စည်နှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်အပ်နှင်းလာမှုအပေါ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ၄၊ ပုဒ်မခွဲ(က)အရ (က) Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ (ခ) ဆေးဝါး များ၊ (ဂ)စားသုံးကုန်ပစ္စည်းများအား အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ အဆိုပါ အရေးကြီးကုန်စည်များအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများကို ၃၀.၃.၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀ ဖြင့် တားမြစ်မိန့်ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းတားမြစ်မိန့်အပေါ် လိုက်နာဆောင်ရွက်မှုမရှိသည့် စီးပွားရေးလုပ်ငန်းရှင်သည် အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အနည်းဆုံးထောင်ဒဏ် ၆ လ မှ အများဆုံးထောင်ဒဏ်၃နှစ် အထိချမှတ်ခံ ရမည်ဖြစ်သည့်အပြင် ကျပ်ငါးသိန်းထက်မပိုသောဒဏ်ငွေလည်း ချမှတ်ခံရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

ဒီဇင်ဘာဒုတိယပတ်အတွင်းစက်သုံးဆီဈေးနှုန်းအနည်းငယ်ကျဆင်း

       ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ခဲ့ရာ စက်သုံးဆီများ၏ အနိမ့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုးတစ်လီတာကို (၁၂၄၂)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၂၅၃)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၂၉၇)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၃၅၇)ကျပ်တို့ဖြစ်ပြီး အမြင့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုးတစ်လီတာကို (၁၄၃၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၄၄၀)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၄၈၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၅၆၀)ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိပါသည်။ ယခင် ဒီဇင်ဘာပထမပတ်အတွင်း စက်သုံးဆီအနိမ့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုး တစ်လီတာကို (၁၃၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာကို (၁၃၆၀)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၃၉၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၅၀၀)ကျပ်တို့ဖြစ်ပြီး အမြင့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုး တစ်လီတာကို (၁၅၆၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၄၄၀)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို ( ၁၄၈၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၅၆၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခုအပတ်နှင့် ယခင်အပတ်တို့၏ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် အနိမ့်ဆုံးဈေးနှုန်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၁၀၈) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၀၇) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၉၃)ကျပ်၊ ဓါတ်ဆီ 95 တစ်လီတာကို (၁၄၃)ကျပ်နှင့် အမြင့်ဆုံးဈေးနှုန်းမှာ ဒီဇယ်ရိုးရိုး တစ်လီတာကို (၁၃၀)ကျပ် ကွာဟလျက်ရှိပါသည်။

       ဒီဇင်ဘာလဒုတိယအပတ်တွင် ဒီဇင်ဘာလပထမအပတ်ထက် ဈေးအနည်းငယ်ကျဆင်းနေခြင်းမှာ ဒေါ်လာဈေးကျဆင်းလာသဖြင့် တင်သွင်းလာသည့် ဈေးနှုန်းများလည်း ကျဆင်းလာမှုကြောင့် ဈေးနှုန်းအနည်းငယ်ကျရခြင်းဖြစ်သည်ဟု သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကယားပြည်နယ်)

အစားအသောက်များဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးကွင်းဆင်းဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးသည် မကွေးတိုင်းဒေသကြီးမှ FDA ဌာန၊ ရေနံချောင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ဒေသခံပြည်သူများ အစားအသောက်‌ ဘေးကင်းလုံခြုံရေးအတွက် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ(၁၀)ရက် နံနက်ပိုင်း (၀၈:၀၀) အချိန်မှ ရေနံချောင်းမြို့မဈေးရှိ ဈေးဆိုင်များသို့သွားရောက်ပြီး စားသောက်ကုန်ပစ္စည်းများအား အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရသော အစားအသောက်များ စားသုံးနိုင်ရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော စားသောက်ကုန်များ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟာခေါဂေမှ စားသုံးသူပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြကြရန်နှင့် ကုန်ညွှန်းအမှတ်အသားမပြည့်စုံသော ကုန်ပစ္စည်းများအားဖြန့်ဖြူးရောင်းချခြင်းတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည့် ဥပဒေအကြောင်းအရာများအား အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး FDA အဖွဲ့မှ တာဝန်ခံ ဒေါက်တာစိုင်းမင်းထွန်းနှင့်အဖွဲ့သည် ဈေးကွက်အတွင်းရှိ စားသောက်ကုန်အမျိုးအစား (၃၅) မျိုးအား (Mobile Lab)ဖြင့် ဓာတ်ခွဲစမ်းသပ်ရန်အတွက် နမူနာလိုက်လံဝယ်ယူ စစ်ဆေးခဲ့ကြောင်းသိရသည်။ မကွေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ခရိုင်အတွင်းရှိမြို့နယ် (၆) မြို့နယ်တွင် စားသုံးသူပြည်သူများအား အစားအသောက်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အခါအားလျော်စွာ ဈေးသူဈေးသားများ၊ ဈေးဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးခြင်းနှင့်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးဈေး၊ ရပ်ကွက်ကျေးရွာများရှိ စားသောက်ကုန် ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ဖားစည်မြေမှ စပါးဈေးနှုန်းအခြေအနေ

      ကရင်ပြည်နယ်၊ ဘားအံမြို့ တွင် ၂၀၂၁ မိုးစပါးအခြေအနေမှာ မိုးလေဝသ အသင့်အတင့်ကောင်းခဲ့သည့်အတွက် အထွက်နှုန်း အနည်းငယ်ပိုမိုထွက်ရှိခဲ့ကြောင်း၊ ယခုနှစ် မိုးစပါးစတင် ရိတ်သိမ်းချိန် နိုဝင်ဘာလတွင် စပါးဈေးနှုန်းမှာ ကွင်းဈေး (၅၈၀၀၀၀)ကျပ် နှင့် ဆန်စက်သို့အရောက်ပေါက်ဈေးမှာ (၆၄၀၀၀၀)ကျပ် ဈေးနှုန်းစတင်ဈေးဖွင့်ခဲ့ပြီး ယခုဒီဇင်ဘာလ စပါးလှိုင်လှိုင်ထွက်ရှိသည့် အချိန်တွင် စပါးဈေးမှာ ကွင်းဈေး (၇၀၀၀၀၀) ကျပ်ခန့်နှင့် စက်အရောက်ဈေး (၇၆၀၀၀၀) ကျပ်ခန့် ရောင်းဝယ်မှုပြုလုပ်နေကြောင်း၊ ယခုကဲ့သို့ စပါးဈေး မြင့်တက်လာမှုကြောင့် တောင်သူများအတွက် အကျိုးအမြတ်ပိုမိုရရှိခဲ့ကြောင်းနှင့် လက်ရှိစပါးဈေးနှုန်းများအတိုင်း ဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု တောင်သူများ၏ ဈေးနှုန်းခန့်မှန်းချက်အရ သိရှိရပါသည်။

       ၂၀၂၂ ခုနှစ် နွေစပါးစိုက်ရာသီတွင် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာအုပ်စု တွင် နွေစပါး ရက်(၉၀)စပါးမျိုးများကို ဧက (၁၀၀)ကျော်ခန့် စိုက်ပျိုးရန်ပြင်ဆင်လျက်ရှိကြောင်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှိုင်းဘွဲ့ နှင့် ကော့ကရိတ်မြို့နယ်များတွင်လည်း အလားတူ စိုက်ပျိုးရန်ပြင်ဆင်လျက်ရှိကြောင်း၊ ထူးခြားသည်မှာ ယခုနှစ် မိုးစပါးပေါ်ချိန်တွင် ဘားအံမြို့မှ ရန်ကုန်မြို့ရှိ ဆန်ပွဲရုံများဆီသို့ ဒေသထွက် မနောသုခအမျိုးအစားဆန်များအား (၂)ရက်လျှင် (၁)ကြိမ်ခန့် ဆန်အိတ်ရေ (၁၀၀၀)ခန့် နှင့် ဆန်ကွဲအိတ်ရေ (၃၅၀)ခန့်အား တင်ပို့လျက်ရှိကြောင်း ဘားအံမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်ထံမှ လေ့လာစုံစမ်း သတင်းရရှိခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ သဲပုံဆိပ်ဈေးရှိ ဓါတ်မြေဩဇာ၊ ဘိလပ်မြေ ဈေးနှုန်းများ ကွင်းဆင်းစုံစမ်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု/ခရိုင်ဦးစီးမှူး မြို့နယ်တာဝန်ခံတို့သည့် (၉.၁၂.၂၀၂၁)ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင် မြောင်းမြမြို့ သဲပုံဆိပ်ဈေးရှိ ဓါတ်မြေဩဇာနှင့် ဘိလပ်မြေဆိုင်များသို့သွားရောက်၍ ဈေးနှုန်းဈေးကွက်နှင့် စီးဝင်စီးထွက်မှုအခြေအနေများအား ကွင်းဆင်းတွေ့ဆုံ မေးမြန်းဆောင်ရွက် ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပုလဲဓါတ်မြေဩဇာ(အာမို) တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်၊ တီစူပါ(သံကွင်း)တစ်အိတ်လျှင်(၆၃၀၀၀)ကျပ်ရှိကြောင်းသိရှိရ၍ ယခင်အပတ် ဈေးနှုန်းနှင့် ဈေးနှုန်းကွာခြားမှုမရှိကြောင်း သိရှိခဲ့ရပြီး၊ Alpha တစ်အိတ်လျှင် (၇၀၀၀)ကျပ်၊ Crown(အနီ)တစ်အိတ်လျှင် (၇၀၀၀)ကျပ်၊ Crown(အပြာ) တစ်အိတ်လျှင် (၆၈၀၀)ကျပ်ဈေး ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့် ဈေးနှုန်းကွာခြားမှုမရှိကြောင်းစုံစမ်းသိရှိရ၍ လက်ရှိဖြစ်ပေါ် နေသည့် ဈေးနှုန်းမှာ ယခင်လ၊ယခင်ပတ် ဈေးနှုန်းအခြေအနေများနှင့် ကွာခြားမှုမရှိကြောင်း တွေ့ရပါသည်။ဆိုင်ရှင်များအား ဈေးနှုန်းမှန်ကန်စွာရောင်းချရေး အသိပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

ဟင်္သာတကုန်စည်ဒိုင်တွင် ပဲတီစိမ်း(ဝါးခယ်မ) အသစ်များ ဈေးကွက်ဝင်ရောက်လာပြီး ဈေးကောင်းရလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ပထမပတ်မှစ၍ ပဲတီစိမ်းအသစ်များ ဈေးကွက်ဝင်ရောက်လာပြီး ပဲတီစိမ်း(ဝါးခယ်မ) တစ်တင်းလျှင် အရည်အသွေး ပေါ်မူတည်၍ ၄၇၀၀၀ ကျပ်မှ ၅၂၀၀၀ ကျပ်ဈေး ပေါက်လျက် ရှိပါသည်။ ၂၀၂၀ခုနှစ် ဒီဇင်ဘာတွင် ပဲတီစိမ်း(ဝါးခယ်မ) တစ်တင်းလျှင် ၃၉၀၀၀ ကျပ်ဝန်းကျင်ဈေးသာရရှိခဲ့ပြီး၊ ယခု ၂၀၂၁ ခုနှစ်တွင် ၅၀၀၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည့်အတွက် တောင်သူများ ဈေးကောင်းရလျက်ရှိပါသည်။ ဟင်္သာတခရိုင်တွင် ပဲတီစိမ်းစိုက်ဧက ၄၉၀၀၀ကျော်ရှိပြီး၊ ယခုဈေးကွက်ဝင်လာသော ပဲတီစိမ်းများသည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အနောက်ခြမ်း ဘန့်ဘွေးကုန်း၊ ကညင်ငူ ဒေသများတွင်လည်းကောင်း၊ အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသနှင့် ပုသိမ်-မုံရွာကားလမ်း ဘေးရှိ တောင်စောင်းများ၊ ကုန်းပြန့်များတွင်လည်းကောင်း၊ ချောင်းရေကျသည့်အခါ ပေါ်လာသည့် သောင်ပြင်များတွင်လည်းကောင်း၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးဒေသ နှင့် တောင်စောင်းနှင့် ကုန်းပြန့်များနှင့် ကိုင်းမြေများ၊ ကြံခင်းမြို့နယ်၊ ကြိုးဝိုင်းအတွင်းရှိ စိုက်ခင်းများတွင် စိုက်ပျိုးသော ပဲများဖြစ်ပါသည်။ စက်တင်ဘာလလယ်လောက်မှာ စိုက်ပျိုးပြီး ဒီဇင်ဘာလဆန်းတွင် စတင်ထွက်ရှိ ကာ၊ လကုန်တွင် လှိုင်လှိုင်ထွက်ရှိလာမည့် ဆောင်းသီးနှံလည်းဖြစ်ပါသည်။

        ၂၀၁၇ - ၂၀၁၈ ခုနှစ်မှစ၍ အိန္ဒိယမှ မတ်ပဲဝယ်ယူမှုကို ကိုတာသတ်မှတ်လာသည့်အတွက်၊ အခြား နိုင်ငံများသို့တင်ပို့နိုင်ပြီး၊ စိုက်ပျိုးရက်တိုကာ၊ ပုံမှန်သင့်တင့်သော ဈေးနှုန်းရရှိသည့် မတ်ပဲအစားထိုး စိုက်ပျိုး နိုင်သောပဲတီစိမ်းကို စိုက်ပျိုးလာကြပြီး ယခုနှစ် ၂၀၂၁ ခုနှစ်တွင် အဖွင့်ဈေးမြင့်၍ တောင်သူများ ဈေးကောင်းရလျက်ရှိပါသည်။ တစ်ဧက စိုက်ပျိုးစရိတ်မှာ နှစ်သိန်း ဝန်းကျင်ရှိပြီး အထွက်နှုန်း ၁၅ တင်းခန့်ရှိသည်အတွက် တစ်ဧကကို ငါးသိန်းခန့် အကျိုးအမြတ်ရှိ စေမှာလည်းဖြစ်ပါတယ်။ အရည်အသွေးအလိုက် ဈေးပေးဝယ်ယူလျက်ရှိပြီး နေ့စဉ် ပဲတီစိမ်း (ဝါးခယ်မ) အိတ် ၂၀၀ ခန့် ဝင်ရောက်လျက်ရှိကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်းကို ၊ ပဲမျိုးစုံရောင်းဝယ်သည့် သိန်းသန်းဌေးပွဲရုံ ပိုင်ရှိင်ဦးဒီပထံမှ သိရှိခဲ့ရပြီး ၊ ကုန်စည်ဒိုင်တွင်လည်း နေ့စဉ် အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

၁၃.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁၃.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ဓနိအဖူး လက်ဖက်ခြောက် ထုတ်လုပ်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း

      ကရင်ပြည်နယ်၊ မြဝတီခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုနှင့် ဝန်ထမ်းများသည် ၆.၁၂.၂၀၂၁ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြဝတီမြို့၊ အမှတ်-၄ ရပ်ကွက် အလိုတော်ပြည့်၊ ဇော်ဂျီ- ၄လမ်း၊ လမ်းသွယ်(၅) ရှိ ပိုင်ရှင် ဒေါ်လှမွန် ဓနိအဖူးလက်ဖက်ခြောက် လုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

      ဓနိအဖူး လက်ဖက်ခြောက်လုပ်ငန်းအား လုပ်ငန်းလိုအပ်ချက်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)အရ ပုဒ်မ ၄၁- ကုန်စည်အုပ်စု (၈)မျိုးပါဝင် စေရန်နှင့် လိုအပ်ချက်များအား ထပ်မံရှင်းလင်းဆွေးနွေးပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သိပ္ပံနည်းကျ သုတေသနပြုဆောင်ရွက်ချက်နှင့် ကျန်းမာရေးဆိုင်ရာ အာမခံချက်များ ထောက်ခံချက်များ ဖော်ပြနိုင်ရန် ဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်ပြီး ကောင်းမွန်သော ဈေးကွက်ရရှိနိုင်ရေး အကြံပြုဆွေးနွေးမှာ ကြားခဲ့ကြပါသည်။ ဓနိအဖူး လက်ဖက်ခြောက်လုပ်ငန်း လည်ပတ်မှုအခြေအနေအား ဆက်လက်မေးမြန်းခဲ့ရာ လုပ်ငန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ လဆန်းပိုင်းတွင် စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဓနိအဖူးများကို ကျိုက်ခမီဘက်မှ ဝယ်ယူ၍ ဓနိအဖူးတံ တစ်ခုလျှင် ၁၀၀၀ကျော်ကျပ်ဖြင့် ဝယ်ယူပြီး တစ်စီး (၁၀)ချောင်းပါ မြဝတီမြို့အရောက် ၁၈၀၀၀ ကျပ် ကုန်ကျကြောင်း၊ လုပ်သား (၃)ဦး ဖြင့်သာ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ ထုပ်ပိုးမှုပါကင် တစ်ခုလျှင် ၇၀၀ကျပ်ဖြစ်ပြီး ဓနိဖူးတစ်ချောင်းလျှင် အထုပ်(၂၀)ခန့် ထွက်ရှိကြောင်း ၊ တစ်ထုပ်လျှင် ၅၀၀၀/-ကျပ်ဖြင့် ရောင်းချပြီး လက်ကားဈေးအနေဖြင့် ၁၀ ထုပ် မှာယူပါက ၄၀၀၀/-ကျပ်၊ အထုပ် ၂၀ မှာယူပါ ၃၅၀၀/-ကျပ် ဖြင့်ဖြန့်ချီပြီး၊ ဈေးကွက်အနေဖြင့် ကော့သောင်း၊ ရနောင်း၊ ရန်ကုန်သို့ အနည်းငယ် တင်ပို့ကြောင်း၊ တစ်နေ့လျှင် ထုတ်လုပ်နိုင်မှုပမာဏမှာ အထုပ် ၂၀၀ ခန့် ထုတ်လုပ်နိုင်ပါကြောင်းသိရှိရပါသည်။

       ဓနိဖူးလက်ဖက်ခြောက် ထုတ်လုပ်ပုံမှာ ဓနိဖူးအား (၁)ရက်ရေစိမ်ပြီး ရေသန့်ဖြင့် သန့်စင်အောင် ဆေးကြောရကြောင်း၊ ထို့နောက် ဓနိအဖူး၊ အရိုးများကို လှီးဖြတ်၍ သဘာဝနေရောင်ခြည် ၅ နေရောင်အထိ အခြောက်ခံနေလှန်းရကြောင်း၊ ခြောက်လာလျှင် စနစ်တကျထုပ်ပိုးပြီး စတင်ထုတ်လုပ်သည့်ရက်မှ ထုပ်ပိုးပြီးသည်အထိ ၈ ရက်/ ၉ ရက် အထိကြာမြင့်ပါကြောင်း၊ ကိုရီးယားလူမျိုးများ၏ VIP အခြေခံအစားအသောက်ဖြစ်၍ လူမျိုးဘာသာမရွှေး သောက်သုံးနိုင်ပါကြောင်း၊ ကျန်းမာရေးနှင့် အထူးသင့်လျော်ပါကြောင်း၊ ဌာနဆိုင်ရာများ၏ ထောက်ခံချက်ခွင့်ပြုချက်များ အပြည့်အစုံရရှိပြီးပါက ကိုရီးယားမှ ဝယ်ယူသူများ မှာယူမည်ဖြစ်ပါ၍ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

Pages

Subscribe to RSS - HighLight News