Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံသည် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စက်တင်ဘာ ၉ ရက်နေ့တွင် တရားဝင်လည်ပတ်နိုင်ရန် စတင်သတ်မှတ်

           ကမ္ဘောဒီးယားနိုင်ငံသည် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တရားဝင်စတင်လည်ပတ်ရန်အတွက်  ၉-၉-၂၀၂၅ ရက်နေ့တွင် သတ်မှတ်ထားကြောင်း ၅-၉-၂၀၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။ Cambodia Airport Investment Co., Ltd မှ ရင်းနှီးမြုပ်နှံထားသည့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန် လေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော် ဖနွမ်းပင်မှ ကီလိုမီတာ ၂၀ ခန့်အကွာ Takeo ခရိုင်တွင် တည်ဆောက်လျက်ရှိပြီး ဟက်တာ ၂,၆၀၀ ကျယ်ဝန်းသည်။ အဆိုပါ လေဆိပ်စီမံကိန်းကို ၂၀၂၀ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး၎င်းကို ကမ္ဘာ့အဆင့်အမြင့်ဆုံး 4F အဆင့်လေဆိပ်အဖြစ် သတ်မှတ်ထားသည်။ လေဆိပ်သစ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ပုံရိပ်ကို ခေတ်မီစေပြီး သွားလာရလွယ်ကူသော နေရာတစ်ခုအဖြစ် မြှင့်တင်ပေးမည်ဖြစ်ကြောင်း ပစိဖိတ်အာရှ ခရီးသွားအသင်း(ကမ္ဘောဒီးယား) ၏ ဥက္ကဋ္ဌဖြစ်သူ Thourn Sinan က ပြောကြားခဲ့သည်။ လေဆိပ်သည် အလုပ်အကိုင်များဖန်တီးပေးခြင်း၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများမြှင့်တင်ပေးခြင်းနှင့် အခြေခံအဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုကို လှုံ့ဆော်ပေးမည်ဟု မျှော်လင့်ကြောင်းနှင့်  ခရီးသွားလုပ်ငန်းအပြင်ကဏ္ဍအသီးသီးကို မြှင့်တင်ပေးနို်ငမည့် ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးတို့ကို အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း Sinan မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

Source: Khmer Times

DOCA(ရန်ကုန်)

အရှေ့အလယ်ပိုင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယားတွင် Friendly Tourism နှင့် ရင်းနှီးမြှုပ်နှံမှုများ၏ အလားအလာများကို စူးစမ်းလေ့လာ

            ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော “၁၉ ကြိမ်မြောက် ဟိုချီမင်းမြို့တော်နိုင်ငံတကာ ခရီးသွားကုန်စည်ပြပွဲ” တွင် အရှေ့အလယ်ပိုင်းနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူ အုပ်စုအတွက် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံရေး၊ လူ့အဖွဲ့အစည်းနှင့် စီးပွားရေးနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။  ဤတွေ့ဆုံပွဲအခမ်းအနားတွင် Hak မှ ခရီးသွားလုပ်ငန်း အလားအလာများ အထူးသဖြင့် Friendly Tourism နှင့် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို စူးစမ်းလေ့လာရန် စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနှင့် လူမှုရေးတည်ငြိမ်ရေး၊ ဘေးကင်းရေးနှင့် နိုင်ငံတကာ ခရီးသွားများအတွက် မက်လုံးပေးမှု ယန္တရားများနှင့် အာမခံချက်များ အပါအဝင် ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံတကာ ခရီးသွားများအတွက် လုံခြုံရေးတို့ကို ပံ့ပိုးပေးသည့် အဓိကအချက်များစွာကို ဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံသည် ထွန်းသစ်စ စျေးကွက်၊ တက်ကြွပြီး အရည်အသွေးပြည့်ဝသော လုပ်သားအင်အားနှင့် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သော အခြေခံအဆောက်အအုံများအဖြစ် ခိုင်မာသောခရီးသွားလုပ်ငန်း အလားအလာများကို ဆက်လက်ပြောကြားခဲ့သည်။ Hak က ကမ္ဘောဒီးယားသည် ဘေးကင်းလုံခြုံပြီးဖော်ရွမှု၊ နွေးထွေးပြီး ဆွဲဆောင်မှုရှိသော နိုင်ငံတကာ ခရီးသွားနေရာတစ်ခုဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး  ကမ္ဘောဒီးယားနိုင်ငံသည် အခြေအနေအရပ်ရပ်တွင် ငြိမ်းချမ်းရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းကာ စီးပွားရေးနှင့် လူမှုရေးကဏ္ဍအားလုံးတွင် အလေးပေးဆောင်ရွက်လျက်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

10th Eastern Economic Forum (EEF) တွင် ကမ္ဘောဒီးယားသည် ပိုမိုခိုင်မာသော ကုန်သွယ်ရေး ဆက်ဆံမှုရရှိရန် ကြိုးပမ်း

            ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် Lim Phanphearak သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်မှ ၆ ရက်အထိ ရုရှားနိုင်ငံ၊ Vladivostok မြို့၌ ကျင်းပသည့် 10th Eastern Economic Forum (EEF) တွင် ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြုတက်ရောက်ခဲ့ပြီး အာဆီယံ-ရုရှား မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် နိုင်ငံတော်၏ကတိကဝတ်ကိုများကို အလေးပေး ဖော်ပြခဲ့သည်။ နည်းပညာ၊ အခြေခံအဆောက်အအုံနှင့် ဒေသတွင်းပေါင်းစည်းမှုတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးသည့် အဆိုပါပြပွဲ့သို့ အစိုးရအရာရှိများ၊ စီးပွားရေး ခေါင်းဆောင်များ၊ ပညာရှင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များ အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ တက်ရောက်သူ ၇,၀၀၀ ခန့် ပါဝင်ခဲ့ကြသည်။ ရုရှား-အာဆီယံ စီးပွားရေး ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားရာတွင် Phanphearak က ဒေသနှစ်ခုကြား စီးပွားရေး ဆက်ဆံရေး အားကောင်းလာမှုကိုအလေးပေးပြောကြားခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (USD) ၁၇ ဘီလီယံအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၂ ရာခိုင်နှုန်းတိုးလာကာ အာဆီယံအတွက် အဓိကကုန်သွယ်ဖက်အဖြစ် ရုရှား၏ရပ်တည်ချက်ကို ခိုင်မာစေကြောင်း မှတ်ချက်ပြုခဲ့သည်။  ကမ္ဘောဒီးယားသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ၂၀၂၆-၂၀၃၅ ဆိုင်ရာ အာဆီယံ-ရုရှား မဟာဗျူဟာ အစီအစဉ်မူကြမ်းတွင် ကုန်သွယ်မှု ပံ့ပိုးကူညီမှု၊ ရင်းနှီးမြှုပ်နှံမှု အာမခံချက်များ၊ မက်လုံးများနှင့် မက်ခရိုစီးပွားရေး တည်ငြိမ်ရေးတို့ကို မြှင့်တင်ပေးခြင်းဖြင့် ကမ္ဘောဒီးယားတွင် ပံ့ပိုးကူညီရန် အသင့်ရှိကြောင်း Phanphearak  က အလေးအနက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် ခရီးသွားလာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအသစ်ဖြင့် ဆက်ဆံရေးမြှင့်တင်ရန် စီစဉ်

           ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာပြီး တက်ကြွစွာပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာစေရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ (MoU) အသစ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို ခိုင်ခိုင်မာမာ တိုးချဲ့သွားရန် စီစဉ်လျက်ရှိသည်။ “၁၉ ကြိမ်မြောက် ဟိုချီမင်းမြို့တော်နိုင်ငံတကာ ခရီးသွားကုန်စည်ပြပွဲ” တွင် ခရီးသွားလာရေးဝန်ကြီး Huot Hak နှင့် ဗီယက်နမ်ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီး Nguyn Văn Hùng တို့အကြား ဆွေးနွေးခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တွေ့ဆုံစဉ် နှစ်ဖက်စလုံးမှ လက်ရှိ နားလည်မှုစာချွန်လွှာ MoU ၏ တိုးတက်မှုကို ပြန်လည်သုံးသပ်ပြီး ယနေ့အထိ အောင်မြင်မှုများကို အကဲဖြတ်ကာ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် လမ်းညွှန်ချက်အသစ်များကို သဘောတူညီခဲ့ကြသည်။ သဘော တူညီချက်အသစ်သည် ရှေးဟောင်းယဉ်ကျေးမှုနှင့် ကမ္ဘာ့အမွေအနှစ်များ၊ ရိုးရာဓလေ့များ၊ ခိုင်မာသောဘေးကင်းရေးစံနှုန်းများနှင့် ဒေသခံပြည်သူများ၏ နွေးထွေးပျူငှာသော ဧည့်ဝတ်ကျေပွန်မှုတို့အပါအဝင် နှစ်နိုင်ငံ၏ ကြွယ်ဝသော ခရီးသွားလုပ်ငန်း အလားအလာများကို မြှင့်တင်ရင်း ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုချဲ့ထွင်ပြီး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ထားသည်။ နှစ်နိုင်ငံလုံးသည် ရေရှည်တည်တံ့မှု၊ ဆန်းသစ်တီထွင်မှုနှင့် ပေါင်းစည်းမှုတို့ကို အဓိကထား၍ ပြည်တွင်းပြည်ပ ခရီးသွားများ လိုအပ်ချက်နှင့် ဖြည့်ဆည်းပေးမည့် ဆွဲဆောင်မှုရှိသော၊ ယှဉ်ပြိုင်နိုင်သော ခရီးသွားလုပ်ငန်း အခွင့်အလမ်းအသစ်များ ဖော်ဆောင်သွားရန် ကတိပြုခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

MoC နှင့် အမေရိကန် သံရုံးတို့ ကုန်သွယ်မှုမြှင့်တင်ရန် နည်းလမ်းများဆွေးနွေး

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနိုင်ငံခြားရေး၀န်ကြီး Rath Saravuth သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး အကြီးအကဲ Blake Dawgert နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် အမေရိကန် ရင်းနှီးမြှုပ်နှံသူများအား ပိုမိုဆွဲဆောင်ရန်နှင့် ကမ္ဘောဒီးယားဈေးကွက်သို့ အမေရိကန်ထုတ်ကုန်များ တိုးပွားလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် ဦးစားပေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို အဓိကထားကာ အမေရိကန်ကုမ္ပဏီများအတွက် အဆင်ပြေသောစီးပွားရေး ပတ်ဝန်းကျင်တစ်ခုဖန်တီးရန် ကမ္ဘောဒီးယားနိုင်ငံမှ ကတိပြုခဲ့သည်။  Blake Dawgert က အပြန်အလှန် ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးမည့် ဦးစားပေးလုပ်ငန်းအချို့အတွက် ကျေးဇူးတင်ရှိကြောင်း၊ သဘောတူညီချက်များ ဆက်လက်ဆွေးနွေးခြင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် ကမ္ဘောဒီးယားရှိ ဦးစားပေး ကဏ္ဍအချို့တွင် အမေရိကန်ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  ကမ္ဘောဒီးယား လုပ်ငန်းရှင်များအား ၎င်းတို့၏ကုန်ပစ္စည်းများအား အမေရိကန်ကို တင်ပို့ရာတွင် ကူညီရန် အမေရိကန်သံရုံးအနေဖြင့် အဆင်သင့်ဖြစ်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ Rath Saravuth က Trump အုပ်ချုပ်ရေးမှ ကမ္ဘောဒီးယား ကုန်စည်များအပေါ် အခွန် ၃၆ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ လျှော့ချပေးသည့်အတွက် အမေရိကန်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါ အခွန်လျော့ချမှုသည် ကုန်သွယ်မှု ဆက်ဆံရေးတွင် သိသာထင်ရှားသော အောင်မြင်မှုများဖြစ်ပြီး အမေရိကန်နှင့် ကမ္ဘောဒီးယား၏ စီးပွားရေးသံတမန်ဆက်ဆံရေးကို မြှင့်တင်ပေးနေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း တင်ပို့မှု၏ ၃၇.၉ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး) ရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တရားဝင်အချက်အလက်များအရ သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အဓိကစီးပွားရေး သဘောတူညီချက်များ လက်မှတ်ရေးထိုး ရန်စီစဉ်

        လေကြောင်းဆက်သွယ်မှု၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် အဆင့်မြင့်ပညာရေးအပါအဝင် အဓိကစီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို ဖိလစ်ပိုင်သမ္မတ Ferdina R Marcos Jr သည် ၎င်း၏ နိုင်ငံတော်ခရီးစဉ်ကို ၆-၉-၂၀၂၅ ရက်နေ့က စတင်ခဲ့ပြီး ကမ္ဘောဒီးယား နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကြား သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိသည်။ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် Marcos Jr နှင့်အတူ ၎င်း၏ကိုယ်စားလှယ်အဖွဲ့ အား ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီး Huot Hak နှင့် ဝန်ကြီးဌာနအသီးသီးမှ အစိုးရအရာရှိကြီးများက လက်ခံတွေ့ဆုံခဲ့ကြသည်။ သောကြာနေ့ အစောပိုင်းက ဖိလစ်ပိုင် သမ္မတ၏ ရုံးဖြစ်သော Malacañang တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဖိလစ်ပိုင် နိုင်ငံခြားရေး ဌာန (DFA) မှ ပြောရေးဆိုခွင့်ရှိသူ Escalona က နှစ်နိုင်ငံသဘောတူစာချုပ်တွင် စီးပွားရေးကဏ္ဍ အသီးသီးပါဝင်သည်ဟု ဆိုသည်။ ယခုခရီးစဉ်သည် ဖိလစ်ပိုင်နှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံး အတွက် ပူးပေါင်းဆောင်ရွက်မှုကိုချဲ့ထွင်ပြီး အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်း ပေးနိုင်မည့် သဘောတူညီချက်များနှင့် အစပြုမှုများ ပေါ်ထွက်ထွက်စေရန် မျှော်မှန်းထား ကြောင်း Escalona က ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ နိုင်ငံတော် ခရီးစဉ်သည် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေးဆက်ဆံမှု ကွဲပြားစေရန်၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်၏ အာဆီယံ ဥက္ကဋ္ဌတာဝန်အတွက် ကမ္ဘောဒီးယား၏ ထောက်ခံမှုကို ရယူရန် ရည်ရွယ်ထားကြောင်း DFA မှ ထုတ်ပြန်ထားသည်။  ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားစီးပွားရေးခေါင်းဆောင်နှစ်ဦးစလုံးသည် မနီလာနှင့် ဖနွမ်းပင်ကြား ဒေသတွင်း ထုတ်ကုန်များ လိုင်စင်ထုတ်ပေးခြင်းများနှင့် ခရီးသွားဖလှယ်မှုများ တိုးချဲ့လုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း ဖိလစ်ပိုင်အမျိုးသားသတင်း အေဂျင်စီ က ဖော်ပြထားသည်။ ကမ္ဘောဒီးယားသည် ထောက်ပံ့ရေးကွင်းဆက် ကွဲပြားခြင်း အတွက် အလားအလာရှိသော အခြားရွေးချယ်စရာတစ်ခုအဖြစ် ပေါ်ထွက်နေသောကြောင့် မနီလာနှင့် ဖနွမ်းပင်ကြားတွင် စီးပွားရေးဆက်ဆံမှု ပိုမိုနက်ရှိုင်းလာစေရန် နှစ်နိုင်ငံအတွက် အခွင့်အလမ်းကောင်းတစ်ခု ပေးဆောင်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံမှ စီးပွားရေးလေ့လာ သုံးသပ် သူများထံမှ သိရသည်။ ဖိလစ်ပိုင်အတွက် ကုန်ပစ္စည်းများ တည်ငြိမ်သော ထောက်ပံ့မှုနှင့် ရာသီဥတုဆိုင်ရာ အန္တရာယ်များကြားတွင် ၎င်း၏ စားနပ်ရိက္ခာဖူလုံမှုကို အာမခံချက်ပေးကာ မဲခေါင် စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်တွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လာစေရန် ဖိလစ်ပိုင် လယ်ယာလုပ်ငန်းကုမ္ပဏီများသည် ကမ္ဘောဒီးယား စိုက်ပျိုးထုတ်လုပ်သည့် စက်ရုံများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

အမေရိကန်သည် ကမ္ဘောဒီးယားနှင့် စီးပွားရေးအရ ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန် ဆွေးနွေး

          ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ အကြီးအကဲ Blake Dawgert  က ကမ္ဘောဒီးယားနိုင်ငံနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန် အမေရိကန်အနေဖြင့် ကြိုးစားနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီး Rath Sarawut က ၅-၉-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်အတွင်း အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအဆင်ပြေချောမွေ့စေရန် Blake Dawgert ကို နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်။  ကမ္ဘောဒီးယားနိုင်ငံသည် လာမည့်နှစ်များတွင် အမေရိကန်ထုတ်ကုန်များ ပိုမိုတင်သွင်းနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း Rath Sarawut က ပြောကြားခဲ့သည်။  Blake က နိုင်ငံခြားရေး၀န်ကြီးအား ကျေးဇူးတင်ရှိပါကြောင်း အပြန်အလှန်ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးမည့် ဦးစားပေးလုပ်ငန်းအများအပြားကို အလေးပေးဖော်ပြခဲ့ပြီး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန်၊ ကုန်သွယ်မှုသဘောတူညီချက်များနှင့် နိုင်ငံတော်၏ ဦးစားပေးကဏ္ဍအချို့တွင် အမေရိကန် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုများပြားလာစေရန် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ၎င်းတို့၏ ထုတ်ကုန်များကို မိတ်ဆက်ပေးခြင်းဖြင့် သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမေရိကန်ဈေးကွက်များကို စူးစမ်းလေ့လာလိုသည့် ကမ္ဘောဒီးယား ကုန်သည်များနှင့် လုပ်ငန်းရှင်များကို အားပေးမည်ဖြစ်ကြောင်း Blake က ဆက်လက်ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရန်အတွက် နှစ်ဖက်စလုံးသည် အလေးပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း MOC မှ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနှင့် တောင်အာဖရိကတို့သည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

            ကမ္ဘောဒီးယားနိုင်ငံ ASEAN SOM ခေါင်းဆောင် Kung Phoak နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တောင်အာဖရိကသမ္မတနိုင်ငံ သံအမတ်ကြီး Darkey Ephraim Africa  တို့သည် နှစ်နိုင်ငံအကြားအဓိကကျသောကဏ္ဍများ အထူးသဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်အတွက် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ ၅-၉-၂၀၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်မှ ကမ္ဘောဒီးယားနှင့် တောင်အာဖရိကကြား နွေးထွေးသော ဆက်ဆံရေးကို အလေးပေးပြောကြားခဲ့ပြီး ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ရှိ လက်ရှိအခြေအနေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။  ကမ္ဘောဒီးယားနိုင်ငံသည် အငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် နိုင်ငံတကာဥပဒေများကို လိုက်နာခြင်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသတွင်းနှင့် နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များမှ ကုန်သွယ်မှုအကျိုးများစွာရရှိစေရန် တောင်အာဖရိရှိ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များတွက် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအလားအလာမျာကိုလေ့လာရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ဘတ်ငွေတန်ဖိုး မြင့်တက်မှု လျှော့ချနိုင်ရေး လုပ်ဆောင်ရန် ထိုင်းဆန်ကုန်သည်များ တောင်းဆို

     ထိုင်းဆန်၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းနှင့် လယ်သမားများ၏ ဝင်ငွေရရှိမှုတို့ကို ကာကွယ်ပေးရန် ကြိုးပမ်းမှုအဖြစ် ဘတ်ငွေတန်ဖိုး တည်ငြိမ်စေရေးအတွက် လက်တွေ့ကျသော အစီအမံများကို ထုတ်ပြန်ဆောင်ရွက်ရန် အစိုးရနှင့် ထိုင်းဗဟိုဘဏ်တို့အား ထိုင်းဆန်တင်ပို့ရောင်းချသူများ အသင်းက တောင်းဆိုလျက်ရှိသည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြပါသည်။

     အဆိုပါအသင်း၏ ဥက္ကဋ္ဌ Charoen Laothammatas က အစိုးရနှင့် ဗဟိုဘဏ်တို့အနေဖြင့် ဘတ်ငွေ အလွန်အမင်း ခိုင်မာအားကောင်းလာခြင်းမှ ကာကွယ်ရန် အရေးပေါ်စီမံဆောင်ရွက်မှု များ ပြုလုပ်သင့်ကြောင်း၊ ငွေကြေးတည်ငြိမ်မှုကို ခိုင်မာစေပြီး အတက်အကျပြောင်းလဲလွယ်မှုကို လျှော့ချလျက် ပိုမို၍ ဈေးကွက်ယှဉ်ပြိုင်နိုင်သည့်အဆင့်၌ ရှိစေရေးအတွက် ငွေကြေးတန်ဖိုး ချိန်ညှိ ရမည်ဖြစ်ကြောင်း၊ လက်ငင်းအရေးယူဆောင်ရွက်မှုများ မရှိပါက အားကောင်းပြီး အတက်အကျ ရှိသည့် ဘတ်ငွေသည် ထိုင်းဆန်၏ ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းနှင့် တောင်သူများ၏ ဝင်ငွေ ကို ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ယခုနှစ်တွင် ထိုင်းဘတ်ငွေသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်းကျော် တန်ဖိုးမြင့်တက်ခဲ့ချိန်၌ အိန္ဒိယ၊ ဗီယက်နမ်နှင့် ပါကစ္စတန်ကဲ့သို့သော အဓိက ဆန်တင်ပို့သည့် နိုင်ငံများ ငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိခဲ့သည်။ ဤအခြေအနေက ဈေးကွက်အတွင်း ထိုင်းနိုင်ငံနှင့် ၎င်း၏ပြိုင်ဘက်များအကြား ငွေလဲနှုန်းကွာဟချက်သည် ၁၀ ရာခိုင်နှုန်းကျော်ဖြင့် သိသာစွာ ခြားနားမှုဖြစ်စေကြောင်း၊ အကယ်၍ ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် ပါကစ္စတန်တို့မှ ကုန်သည်များသည် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သည့် ဆန်ဖြူ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ နှုန်းဖြင့် ဈေးနှုန်းတူညီစွာ တင်ပို့ရောင်းချမည်ဆိုပါက ပြည်တွင်းသုံးငွေဖြင့် ဝင်ငွေရရှိမှုမှာ သိသာထင်ရှားစွာ ကွာခြားသွားမည်ဖြစ်ကြောင်း၊ ပြိုင်ဘက်များသည် ထိုင်းကုန်သည်များထက် ဆန်တစ်တန်အပေါ် ဘတ် ၁၀၀၀ မှ ၁၂၅၀ အထိ ဝင်ငွေပိုမိုရရှိမည်ဖြစ်ကြောင်း Mr. Charoen က ပြောဆိုသည်။

    ထိုင်းဆန်၏ စျေးနှုန်းသက်သာမှုကြောင့် မဟုတ်ပဲ နိုင်ငံခြားငွေလဲနှုန်းအရ အကြောင်းမညီ ညွတ်မှုကြောင့် ထိုကဲ့သို့ ကွာဟချက်ဖြစ်ပေါ်ခြင်းသည် ထိုင်းလယ်သမားများ အနေဖြင့် ပြည်ပရှိ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများထက် ဈေးနှုန်းလျော့နည်းစွာရရှိသည်ကို ဖော်ပြလျက်ရှိသည်။

    ဆန်ဈေးနှုန်းမြင့်မားမှုနှင့်အတူ ပို့ကုန်အမှာစာများရရှိမှု ကျဆင်းလာခြင်းက အထူးသဖြင့် ပင်မသီးနှံရိတ်သိမ်းရန် နီးကပ်လာချိန်၌ လယ်သမားများကို တိုက်ရိုက်ထိခိုက်လျက်ရှိကြောင်း၊  ပြည်ပမှဝယ်လိုအား ဆက်လက်ကျဆင်းနေပါက ပြည်တွင်းဆန်ဈေးနှုန်းများသည် သိသိသာသာ ကျဆင်းသွားနိုင်ကြောင်း၊ မကြာသေးမီက တစ်ရက်တာအတွင်း ဘတ်ငွေတန်ဖိုး ၂ ရာခိုင်နှုန်း မြင့် တက်ခဲ့ရာ ပို့ကုန်လုပ်ငန်းရှင်များကို ဆန်တင်ပို့ရောင်းချရန် တွန့်ဆုတ်မှုဖြစ်စေခဲ့ပြီး  ဝယ်လက်များ အနေဖြင့် ငွေလဲနှုန်း ပိုမိုအလေးသာမှုမှ အကျိုးအမြတ်ရရှိနိုင်သည့် ပြိုင်ဘက်များထံသို့ ဦးလှည့် သွားကြကြောင်း Mr. Charoen က ပြောကြားခဲ့သည်။

    တင်ပို့သူများသည် ပုံမှန်အားဖြင့် ကုန်ဖိုးငွေရရှိရန် ၁ လမှ ၃ လကြာအထိ စောင့်ဆိုင်းရလေ့ ရှိကြောင်း၊ ယနေ့ ဆန်ကို တစ်ဒေါ်လာလျှင် ၃၁ ဘတ် ငွေလဲနှုန်းဖြင့် ရောင်းချခဲ့ပြီးနောက် သုံးလ အတွင်း တစ်ဒေါ်လာလျှင် ၃၀ ဘတ်နှုန်းအထိ ဘတ်ငွေတန်ဖိုး မြင့်တက်လာပါက အရှုံးပေါ်မည် ဖြစ်ကြောင်း၊ ထို့အပြင် စျေးကွက်အတွင်းသို့ ဆန်တန်ချိန် သန်း ၂၀ ခန့် ဖြန့်ချိရောင်းချမည့် အိန္ဒိယ၏ အစီအစဉ်အတွက် စိုးရိမ်မှုများရှိနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာန၏ အချက်အလက်များအရ ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၇ လအတွင်း ဆန်တန်ချိန် ၄.၃၀ သန်း တင်ပို့ခဲ့ရာ ယခင်နှစ်ကာလတူ တင်ပို့နိုင်မှုအောက် ၂၅.၁ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် ဘတ် ၈၆.၄ ဘီလီယံ (ဒေါ်လာ ၂.၅၉ ဘီလီယံ ခန့်) ရှိပြီး ယခင်နှစ်ကာလတူ တင်ပို့မှုတန်ဖိုးအပေါ် ၃၅.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ဖြစ်ကြောင်း သိရ သည်။ ဘတ်ငွေတန်ဖိုး မတည်ငြိမ်မှုနှင့် ငွေတန်ဖိုးမြင့်တက်ခြင်းတို့က ဆန်ပို့ကုန်အပေါ် ဖိအား များ တိုးလာစေကြောင်း အဆိုပါဌာနက ပြောဆိုထားသည်။

Source: Bangkok Post, 11 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

အာဖရိက ဆန်ဈေးကွက်သို့ ပိုမိုတိုးချဲ့နိုင်ရန် အမေရိကန် ကြိုးပမ်းနေ

    အမေရိကန်နိုင်ငံသည် အာဖရိကဆန်ဈေးကွက်အတွင်း ၎င်း၏ဈေးကွက်ဝင်ရောက်နိုင်မှုကို ချဲ့ထွင်ရန် ကြိုးပမ်းလျက်ရှိရာ အမေရိကန်ဆန်စပါးလုပ်ငန်းကို ကိုယ်စားပြုသည့် ဦးဆောင်အဖွဲ့ အစည်းတစ်ရပ်ဖြစ်သော USA Rice သည် အာဖရိက ၉ နိုင်ငံရှိ ဝယ်ယူသူများထံသို့ အမေရိကန် ဆန်ကို တိုးမြှင့်တင်ပို့နိုင်ရန်အတွက် မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာမြို့တွင် ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြောင်း ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Ecofin Agency သတင်းဌာနက ဖော်ပြပါသည်။

    စက်တင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်အရ အဆိုပါဆွေးနွေးပွဲသို့ ဘီနင်၊ ကင်မရွန်း၊ ကို့ဒီအိုင်ဗိုရီ၊ ဂါနာ၊ လိုင်ဘေးရီးယား၊ မော်ရိုကို၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါနှင့် ကျူနီးရှား နိုင်ငံတို့မှ သွင်းကုန်လုပ်ငန်းရှင်များနှင့် ဆန်စက်လုပ်ငန်းရှင်များ စုစစုပေါင်း ၆၀ ဦး တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

    အမေရိကန်သည် ယခင်က အဆိုပါ အာဖရိကဒေသအတွင်း ခိုင်မာသည့်  ပို့ကုန်ဈေးကွက် ရှိခဲ့ဖူးသော်လည်း အာရှဒေသမှ ဆန်ဈေးနှုန်းသက်သာမှုကြောင့် ၎င်းဈေးကွက်များသို့ ဝင်ရောက် နိုင်မှု လျော့နည်းလာခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့၏ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှု စံနှုန်းများနှင့် ပို့ကုန်တားမြစ်ပိတ်ပင်မှုမရှိခြင်းတို့အရ အမေရိကန်နိုင်ငံထံမှ အရည်အသွေးမြင့် ဆန်များ အစဉ်တစိုက်ထောက်ပံ့ပေးနိုင်မှုအပေါ် စိတ်ဝင်စားမှု အခိုင်အမာရှိနေသည်ကို တွေ့မြင်ရ ကြောင်း USA Rice ၏ အာဖရိကဒါရိုက်တာ Eszter Somogyi က ပြောကြားခဲ့သည်။

    အမေရိကန်အနေဖြင့် အာဖရိကဒေသ၏ ဆန်ဝယ်လိုအား ဆက်လက်မြင့်တက်နေချိန်တွင် ယင်းဈေးကွက်သို့ ပြန်လည်အာရုံစိုက် လုပ်ဆောင်လာခြင်းဖြစ်သည်။ ၂၀၂၅-၂၆ ဈေးကွက်ရာသီ နှစ်တွင် အာဖရိက ဆာဟာရဒေသ တောင်ပိုင်း၏ ဆန်တင်သွင်းမှုသည် တန်ချိန် ၁၉.၁ သန်းရှိပြီး ၂၀၂၂-၂၃ ရာသီနှစ်၌ တင်သွင်းခဲ့သော ဆန်တန်ချိန် ၁၅.၅  သန်းထက် ၂၃ ရာခိုင်နှုန်း တိုးတက် လာမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာနက ခန့်မှန်းထားသည်။ 

    သို့သော်လည်း အမေရိကန်ဆန်သည် အဆိုပါဆန်ဈေးကွက်ကို လွှမ်းမိုးထားသည့် အာရှမှ ဆန်ပေးသွင်းသူများ အထူးသဖြင့် အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်တို့နှင့် ပြိုင်ဆိုင်မှုကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။ လက်ရှိကာလတွင် အာဖရိကသို့ အမေရိကန်၏ ဆန်တင်ပို့မှုသည် နှစ်စဉ် တန်ချိန် ၁၀၀၀၀၀ ဝန်းကျင်ရှိပြီး အဓိကအားဖြင့် ဆီနီဂေါနှင့် ကို့ဒီအိုင်ဗိုရီ နိုင်ငံများသို့ ဦးတည် တင်ပို့ခြင်းဖြစ်ကြောင်း USA Rice အဖွဲ့အစည်း၏ ပြောဆိုချက်အရ သိရှိရသည်။

Source: Ecofin Agency, 12 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ