Main menu

“ဝယ်လိုအားကောင်းပြီး ဈေးကွက်လှုပ်ခတ်နေသည့် လားရှိုးဒေသထွက် ပန်းနှမ်း ဈေးကွက်”

Powered by Drupal

            ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးဒေသနှင့် အနီးတစ်ဝိုက်မြို့နယ်များ၏ ဆောင်းဦးပေါက် ရာသီစာ သီးနှံတစ်ခုဖြစ်သော ပန်းနှမ်း (Niger seed) သည် ယခုနှစ် ၂၀၂၆ ခုနှစ် ကုန်စည်ဒိုင် ဈေးကွက်များတွင် ဈေးကောင်းရရှိနေပြီး ကုန်သည်များနှင့် တရုတ်-အိန္ဒိယ ဝယ်လက်များအကြား အရောင်းအဝယ် ဆက်တိုက်သွက်လျက်ရှိကြောင်း မန္တလေးနှင့် လားရှိုးဒေသခံ သီးနှံပွဲရုံများထံမှ သိရသည်။

          ပန်းနှမ်းသည် ရှမ်းမြောက်တောင်ပေါ်ဒေသတွင် မိုးနှောင်းဆောင်းဦးကာလ၌ အဝါရောင် ပန်းခင်းများအဖြစ် အများအပြား စိုက်ပျိုးကြပြီး၊ ဆီထွက်သီးနှံအပြင် ပြည်ပပို့ကုန်အဖြစ် အလား အလာကောင်းသော သီးနှံဖြစ်သည်။မန္တလေးနှင့် ဒေသတွင်း ကုန်စည်ဒိုင်များ၏ နောက်ဆုံးရရှိသော သီးနှံဈေးကွက် အချက်အလက်များအရ ပန်းနှမ်းဈေးနှုန်းမှာ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရသည်။

             ပန်းနှမ်း (၃ တင်းဝင် တစ်အိတ် - ၄၅ ပိဿာ) - ၃၁၇,၀၀၀ ကျပ်ခန့်ဝန်းကျင်အထိ ဈေးပေါက် နေသည်။ ယခင်နှစ် (၂၀၂၅ ခုနှစ်) ကာလတူ ပေါက်ဈေး (တစ်အိတ်လျှင် ၂၃၀,၀၀၀ ကျပ် ဝန်းကျင်) နှင့် နှိုင်းယှဉ်ပါက တစ်အိတ်လျှင် ငွေကျပ် ၈၀,၀၀၀ ကျပ်ကျော်အထိ ဈေးနှုန်းမြင့်တက် လာခြင်း ဖြစ်သည်။ တစ်ပိဿာလျှင် - ပျမ်းမျှ ၆,၆၀၀ ကျပ်မှ ၇,၀၀၀ ကျပ် ကြား ပေါက်ဈေးရှိနေသည်။

         ပန်းနှမ်းဈေးကွက် ယခုကဲ့သို့ ကျပ်တည်းမှုကြားမှ ဈေးမာနေရခြင်းမှာ ပြည်ပပို့ကုန် လမ်းကြောင်းနှင့် ဒေသတွင်း ဆီထွက်သီးနှံ လိုအပ်ချက်ကြောင့် ဖြစ်ကြောင်းသိရှိရသည်။ ပန်းနှမ်းကို အိတ်စပို့ (Export) ပို့ရန်အတွက် အိန္ဒိယနိုင်ငံက အဓိက အများဆုံး ဝယ်ယူပြီး တရုတ်နိုင်ငံက ဒုတိယအများဆုံး ဝယ်ယူလျက်ရှိရာ ပြည်ပဝယ်လိုအား ပုံမှန်ရှိနေသည်။

         လားရှိုးဒေသတွင်း သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက်မှုနှင့် လမ်းကြောင်းအပြောင်း အလဲများ ရှိနေသော်လည်း၊ မန္တလေးပဲကုန်သည်များနှင့် နယ်စပ်ကုန်သည်များက ကုန်ကြမ်းရရှိရန် အပြိုင်အဆိုင် အဝယ်လိုက်နေကြသည်။ နယ်စပ်တင်ပို့ရုံတင်မကဘဲ ပြည်တွင်းတွင် သဘာဝအတိုင်း ပန်းနှမ်းဆီ သန့်သန့်ကြိတ်ခွဲစားသုံးမှု မြင့်တက်လာခြင်းကလည်း ဈေးကွက်ကို ထောက်ပံ့ပေးထား သည်။

           လက်ရှိတွင် ရာသီဥတု အခြေအနေကောင်းမွန်၍ ရှမ်းမြောက်ဒေသထွက် ပန်းနှမ်းများ အရည် အသွေး ကောင်းမွန်သဖြင့် ဈေးကွက်တွင် ဆက်လက် အရောင်းအဝယ် သွက်နိုင်ခြေရှိသည်။ သို့သော်လည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း အခြေအနေများနှင့် နိုင်ငံခြားငွေလဲနှုန်း မတည် ငြိမ်မှုများအပေါ် မူတည်၍ ဈေးနှုန်းအနည်းငယ် အပြောင်းအလဲ ရှိနိုင်သဖြင့် ဒေသခံ တောင်သူများနှင့် ပွဲရုံများအနေဖြင့် ဈေးကွက်ဖွင့်လှစ်မှုများကို မျက်ခြေမပြတ် စောင့်ကြည့် အရောင်းအဝယ်ပြုသင့် ကြောင်း သီးနှံကျွမ်းကျင်သူများက သုံးသပ်ထားကြကြောင်း သိရှိရသည်။DOCA(ရှမ်း)