Main menu

ပခုက္ကူမြို့ပေါ်တွင် ထောပတ်သီးများ ရာသီပေါ်ချိန်ဖြစ်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချလျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ထောပတ်သီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။ ထောပတ်သီးသည် ကျန်းမာရေးနှင့်ညီညွတ်သော ရာသီစာသီးနှံဖြစ်သဖြင့် အိမ်ထောင်စုများအပြင် အလှူအတန်းနှင့် ပွဲလမ်းသဘင်များအတွက်ပါ ဝယ်လိုအားရှိခြင်းကြောင့် ယခုလို ဝါတွင်းကာလ၌ ပို၍ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

       ပခုက္ကူမြို့သို့ ဝင်ရောက်လာသည့် ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ကြီး၊ ကလော၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို)ဒေသများမှ အဓိက ဝင်ရောက်လျက်ရှိပြီး တောင်ကြီးမှ ပခုက္ကူမြို့သို့ လာသည့်လမ်းကြောင်းများအတိုင်း လမ်းပန်းဆက်သွယ်ရေးအခြေအနေပေါ်မူတည်၍ ဝင်ရောက်လျက်ရှိကြောင်း၊ ဝယ်လိုအားကောင်းမွန်သည့်အပြင် ပခုက္ကူခရိုင်အတွင်းရှိ  မြိုင်၊ ရေစကြို၊ ဆိပ်ဖြူနှင့် ပေါက်မြို့များမှ လက်လီဈေးသည်များကပါ လာရောက်ဝယ်ယူကြကြောင်း သိရသည်။

       ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ရောင်းချနေသော ထောပတ်သီး ဈေးနှုန်းမှာ အလုံးကြီး  တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၃၅၀၀)ဈေးဖြင့် ရောင်းချလျက်ရှိပါသည်။ ယခင်လ (ဩဂုတ်လ)ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုလတွင် တစ်ပိဿာလျှင် ကျပ် (၂၀၀၀) ခန့်ဈေးနှုန်းအနည်းငယ်ကျလာကြောင်း၊ ထောပတ်သီးသည် ရာသီစာသီးနှံဖြစ်သဖြင့် ကုန်ဝင်ရောက်မှုပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါသည်။ ယခု အောက်တိုဘာလဆန်းပိုင်းတွင် ထောပတ်သီးများ ရာသီပေါ်ချိန်ဖြစ်၍ အဝင်များသဖြင့် ပစ္စည်းပြတ်လပ်မှုမရှိဘဲ ရောင်းချရသောကြောင့် ဈေးနှုန်းကျလာသည်ကို တွေ့ရပါသည်။ ထောပတ်သီးကို ဖျော်ရည်အဖြစ်လည်းကောင်း၊ စားသုံးရန်လည်းကောင်း ကျန်းမာရေးလိုက်စားသူများက ပိုမိုဝယ်ယူလာကြသဖြင့် ရောင်းအားကောင်းလျက်ရှိကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)