Main menu

ပခုက္ကူကြက်သွန်နီဈေးကွက် ဈေးဆက်လက်မြင့်တက်လျက်ရှိ

Powered by Drupal

 မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ ပခုက္ကူကြက်သွန်ဒိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်း ကြက်သွန်နီ အရောင်းအဝယ်ဖြစ်ရာ အဓိက အချက်အချာကျသော ဒိုင်ကြီးတစ်ခုဖြစ်သည်။ ပခုက္ကူ ကြက်သွန်ဒိုင်တွင် အများဆုံးဝင်ရောက်သော ကြက်သွန်နီအမျိုးအစားများမှာ ယောစ(ယောနယ်) ဘက်မှ ထွက်သော ကြက်သွန်နီဖြစ်ပြီး တောင်ဘက်ကမ်းစ ကြက်သွန်နီမှာ (ညောင်ဦး၊ ဆိပ်ဖြူ)ဘက် မှ ဝင်ရောက်သော  ကြက်သွန်နီများဖြစ်သည်။ 

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ကြက်သွန်နီပေါက်ဈေးမှာ (ယောစ) တစ် ပိဿာလျှင် ကျပ် (၆၆၀၀ မှ ၇၅၀၀) (တောင်ဘက်ကမ်းစ)တစ်ပိဿာလျှင် ကျပ်(၅၅၀၀ မှ ၆၀၀၀) ဈေးအသီးသီးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၎င်းကြက်သွန်နီများသည် အခြားဒေသထွက် ကြက်သွန်နီများထက် အရည်အသွေးပိုကောင်း၍ သိုလှောင်မှုဒဏ်ခံနိုင်သော ကြောင့် ဈေးကောင်းပိုရ သည်ကိုတွေ့ရပါသည်။ ယခင်တပတ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၄၇၅၀ မှ ၆၀၀၀)ဈေးပေါက် ခဲ့သဖြင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၁၀၀၀ မှ ၁၅၀၀)ခန့် ဈေးမြင့် တက်လာကြောင်း တွေ့ရပါသည်။

ဈေးကွက်သုံးသပ်ချက်

          လက်ရှိ စက်တင်ဘာလလယ် အခြေအနေအရ ဒေသတွင်း နွေကြက်သွန်နီ လက်ကျန်များ သိသိသာသာ လျော့နည်းလာပြီဖြစ်သည်။ အထူးသဖြင့် အရည်အသွေး ကောင်းမွန်သော ယောစနှင့် တောင်ဘက်ကမ်းစ ကုန်အဝင်များသည် နေ့စဉ် ရာဂဏန်း ပိဿာခန့်သာ ရှိတော့သဖြင့် ဈေးကွက် အတွင်း ပစ္စည်းရှားပါးမှုကြောင့် ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်သည်။ မိုးရာသီကာလဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေးအခြေအနေများကြောင့် နယ်ကျေးရွာများမှ ပခုက္ကူကြက်သွန်နီဒိုင် သို့ သယ်ယူရာတွင် ကုန်ကျစရိတ်များပြားခြင်းနှင့် ကုန်ဝင်ရောက်ရန် ကြန့်ကြာခြင်းတို့က ဈေးနှုန်းကို ပိုမိုမြင့်တက် စေသည်။ ပခုက္ကူကြက်သွန်နီ များသည် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ အဓိက စီးဆင်းပြီး ထိုမှတစ်ဆင့် ပြည်ပ (တရုတ်နှင့် ထိုင်း)သို့ တင်ပို့ရန်အတွက် ဝယ်လိုအားပုံမှန်ရှိနေသည်။ ပစ္စည်း ကောင်းကို လိုချင်သည့် ဝယ်လက်များသဖြင့် ဝင်သမျှ ယောစနှင့်တောင်ဘက်ကမ်းစ ကြက်သွန်များ ကို ဈေးအမြင့်တန်းပေး၍ ဝယ်ယူနေခြင်းကြောင့် ဈေးမာနေခြင်း ဖြစ်သည်။

ဈေးကွက်အလားအလာ

အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် မိုးကြက်သွန်နီအသစ်များ ဈေးကွက်ထဲသို့ ဝင်ရောက်လာပါက ဈေးနှုန်း အနည်းငယ် ပြန်အေးသွားနိုင်သော်လည်း အရည်အသွေး ကောင်းသည့် ကြက်သွန်ဟောင်း (နွေကြက်သွန်)များမှာ ဈေးကောင်း ဆက်လက်ရရှိနေဦးမည် ဖြစ်သည်။ မြန်မာ့ ကြက်သွန်နီသည် ပြည်ပပို့ကုန် ဝယ်လိုအား (အထူးသဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံ) ပေါ်တွင် များစွာ မူ တည်နေသည်။ ပြည်ပအဝယ်လိုက်လာပါက ဈေးကွက်အတွင်း ဝယ်လိုအား ရုတ်တရက် မြင့်တက် လာနိုင်ပြီး ဈေးဆက်လက်မာနိုင်သည့်အလားအလာရှိသည်ဟု ကုန်သည်များထံမှ သိရပါသည်။

DOCA(မကွေး)