Main menu

ချောက်မြို့နယ်၊ ဆူးရစ်ကန်ကျေးရွာ၌ မြေပဲစိုက်တောင်သူများ စျေးကောင်းရ၍ အဆင်ပြေလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊‌ ချောက်မြို့နယ်၊ ဆူးရစ်ကန်‌‌ ကျေးရွာသည် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို အဓိကစိုက်ပျိုးကြပါသည်။ အထူးသဖြင့် ချောက်မြို့နယ်သည် မြေပဲစိုက်ပျိုးမှု ကျယ်ပြန့်ပြီး ဒေသရာသီဥတုနှင့် မြေဆီလွှာအခြေအနေများနှင့် ကိုက်ညီသော မြေပဲမျိုးများကို ရွေးချယ်စိုက်ပျိုးလာကြသည်။ ချောက်မြို့နယ်တွင် မိုးမြေပဲစိုက်ဧက များစွာရှိပြီး မကွေး-၁၁၊ မကွေး-၁၆၊ ဆင်းပဒေသာ-၁၁၊ စွန်တာနီနှင့် ကျောင်းကုန်းပင်ပြန့်မျိုးများ စိုက်ပျိုးကြပါသည်။မြေပဲသည် အပူချိန်အသင့်အတင့်မြင့်မားပြီး မိုးရေချိန် အလွန်အကျွံမများသော ရာသီဥတုကို နှစ်သက်သည့် သီးနှံဖြစ်သည်။ ချောက်ဒေသကဲ့သို့ မိုးနည်းဒေသများတွင် မိုးဦးကျပြီး မြေဆီလွှာအစိုဓာတ် လုံလောက်လာသည့်အချိန်ကို ချိန်ဆ၍ ထွန်ယက်စိုက်ပျိုးကြသည်။

    မိုးမြေပဲကို ၂၀၂၆ ခုနှစ် ဇွန်လ(ပထမပတ်)မှ စတင်စိုက်ပျိုးပြီး စက်တင်ဘာလ(ဒုတိယပတ်)တွင် ရိတ်သိမ်းခဲ့ပါသည်။ အပင်ပေါက်နှုန်း ၈၀ ရာခိုင်နှုန်းအထက်ရှိသော မျိုးမြေပဲဆံ တစ်တင်းလျှင် ကျပ်(၂၀၀၀၀၀)ဈေးနှုန်းဖြင့်ဝယ်ယူရပြီး တစ်ဧကလျှင် မြေပဲဆံ ၁.၅ တင်းမှ ၂တင်းခန့်အသုံးပြု ကြသည်။ မြေပဲကို အဓိကအားဖြင့် ပင်ထောင်မျိုး နှင့် ပင်ပြန့်မျိုး ဟူ၍ ခွဲခြားနိုင်သည်။ မြေပဲပင်၏ စွယ်ချချိန်နှင့် အဆံဖြည့်တင်းချိန်ဖြစ်သော စိုက်ပြီး ၄၅ ရက်မှ ၇၅ ရက်အတွင်း မြေတွင် အစို ဓာတ် လုံလောက်ရန် အရေးကြီးပြီး လိုအပ်ပါက ရေပေးသွင်းသင့်သည်။ ပန်းပွင့်ပြီးနောက် အစိုဓာတ် မလုံလောက်ပါက အတောင့်ဖွဲ့စည်းမှုနှင့် အဆံဖြည့်တင်းမှု လျော့နိုင်ကြောင်းသိရပါသည်။ မြေပဲသည် မျိုးအလိုက် သက်တမ်းကွာခြားသော်လည်း မိုးမြေပဲအများစုမှာ စိုက်ပျိုးပြီး ၃ လဝန်းကျင်မှ ၄ လခန့် အတွင်း ရင့်မှည့်လာသည်။ မိုးမြေပဲ တစ်ဧကစိုက်ပျိုးရာတွင် မျိုးမြေပဲဆံဖိုး၊ ထွန်ယက်ခ၊ လုပ်အားခ၊ ဆေးဖြန်းခနှင့် ရိတ်သိမ်းခ အပါအဝင် စုစုပေါင်း ကျပ်၁၃ သိန်းမှ ၁၄သိန်းခန့် ကုန်ကျပြီး တစ်ဧကလျှင် မြေပဲတောင့် ၈၀ တင်းခန့် ထွက်ရှိခဲ့ကြောင်း သိရသည်။ဈေးနှုန်းအနေဖြင့် မြေပဲအတောင့်တစ်တင်းလျှင် ကျပ် (၅၇၀၀၀)ဈေးနှုန်းဖြင့်ရောင်းချခဲ့ပြီး အကျိူးအမြတ်အနေဖြင့် ကျပ်(၃၁၆၀၀၀၀)ကျန်ရှိကြောင်း၊ ထွက်ရှိသောမြေပဲများကို ချောက်မြို့၊ ကျောက်ပန်းတောင်မြို့ပေါ်ရှိ ပွဲရုံများသို့  တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)