Main menu

အင်ဒိုနီးရှား၏ အဝတ်အထည် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလားများရှိကြောင်း ပြောကြားခဲ့သည့် အင်ဒိုနီးရှားစက်မှုဝန်ကြီး

Powered by Drupal

         အင်ဒိုနီးရှားနိုင်ငံ စက်မှုဝန်ကြီး Agus Gumiwang Kartasasmita က နိုင်ငံ၏ အဝတ်အထည်နှင့် အထည်အလိပ်ထုတ်ကုန် (TPT) လုပ်ငန်းကဏ္ဍအနေဖြင့် စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသော်လည်း ဖွံ့ဖြိုးတိုးတက်ရန် အလားအလာများစွာရှိနေဆဲဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ Kartasasmita က ဩဂုတ် ၁၉ ရက်တွင် ဂျကာတာမြို့၌ ထုတ်ပြန်သည့် ကြေညာချက်တွင် အထည်အလိပ်နှင့် အဝတ်အထည်လုပ်ငန်းသည် နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး အလုပ်သမား ၃.၈ သန်းကျော်ကို အလုပ်အကိုင်ဖန်တီး ပေးထားကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ကုမ္ပဏီအချို့ ဖိအားများနှင့် ရင်ဆိုင်နေရသော်လည်း ရင်းနှီးမြှုပ်နှံမှုအသစ်များနှင့် လုပ်ငန်းတိုးချဲ့မှုများလည်းရှိနေကြောင်း၊ ၎င်းသည် TPT ကဏ္ဍအနေနှင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာများစွာ ရှိနေသေးသည်ကို ပြသ နေကြောင်း၊ နိုင်ငံ၏ TPT လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အမြင့်ဆုံးအထိမြှင့်တင်နိုင်ရန် စက်မှုဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းရှင်များ၊ လုပ်ငန်းအသင်းအဖွဲ့များ၊ ဒေသန္တရအစိုးရများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ခိုင်မာစေမည်ဖြစ်ကြောင်းနှင့် အစိုးရအနေနှင့် အဝတ်အထည်နှင့် အထည်အလိပ်ထုတ်ကုန် လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေးနှင့် ကမ္ဘာ့ဈေးကွက်တွင် အောင်မြင်စွာယှဉ်ပြိုင် နိုင်ရေးအတွက် ပံ့ပိုးပေးနေကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ၈၁ နှစ်မြောက် လွတ်လပ်ရေးနေ့နှင့်အတူ TPT လုပ်ငန်းကဏ္ဍသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါကဏ္ဍ၏ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၈၅ ဘီလီယံ ရှိခဲ့ ကြောင်း သိရပါသည်။ ယင်းရလဒ်သည် အထည်အလိပ်နှင့် အဝတ်အထည်လုပ်ငန်းကဏ္ဍ၏ နိုင်ငံ့စီးပွားရေးအတွက် အဓိကအထောက်အကူပြုကဏ္ဍတစ်ရပ်အဖြစ်ပါဝင်နေမှုကို ထင်ရှားစွာ ဖော်ပြနေကြောင်း Kartasasmita က ပြောကြားခဲ့ပါသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် ဇူလိုင်လအတွက် စက်မှုလုပ်ငန်းယုံကြည်မှုညွှန်းကိန်း (IKI) သည် တိုးတက်မှုဇုန်အတွင်း ၅၃.၁၀ အဆင့်၌ ဆက်လက်ရပ်တည်နေခြင်းကလည်း ယင်းအကောင်းမြင်မှုကို ပိုမိုခိုင်မာစေကြောင်း သိရပါသည်။
       အထည်အလိပ်လုပ်ငန်း၏ စွမ်းဆောင်ရည်တိုးတက်လာရေးသည် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ အသွင်ပြောင်းတိုးတက်ရေးနှင့် တစ်ပြိုင်နက်တည်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ကဏ္ဍ၏ဖွံ့ဖြိုးတိုးတက်မှုကို အမြင့်ဆုံးအထိမြှင့်တင်နိုင်ရန် စက်မှုဝန်ကြီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမှုမက်လုံးများ၊ လုပ်ငန်းပြန်လည်ဖွဲ့စည်းရေးအစီအစဉ် များ၊ အလုပ်သမားအင်အားအသုံးပြုမှုများပြားသည့် စက်မှုလုပ်ငန်းများအတွက် ချေးငွေ (KIPK) နှင့် အင်ဒိုနီးရှားပို့ကုန်ဘဏ္ဍာရေးအေဂျင်စီ (LPEI) မှ ပံ့ပိုးပေးသည့် ပို့ကုန်ဘဏ္ဍာငွေများ အပါအဝင် မူဝါဒများစွာကိုဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် ကုန်သွယ်မှုကာကွယ်ရေးမူဝါဒများခိုင်မာစေရေး၊ “Making Indonesia 4.0” အစီအစဉ် အကောင် အထည်ဖော်မှုအရှိန်မြှင့်ရေးနှင့် အစိမ်းရောင်စက်မှုလုပ်ငန်းစံနှုန်းများ (Green Industry Standards) လက်ခံကျင့်သုံးရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
        ယနေ့ကမ္ဘာကြီးတွင် ထုတ်ကုန်များကိုသာ ဝယ်ယူခြင်းမဟုတ်ဘဲ ထိုထုတ်ကုန်များကို မည်သို့ ထုတ်လုပ်ထားသနည်းဆိုသည်ကိုပါ ကြည့်ရှုလာကြကြောင်းနှင့် ထို့ကြောင့်ရေရှည်တည်တံ့မှုသည် ဝန်ထုပ်ဝန်ပိုးတစ်ခုမဟုတ်တော့ဘဲ ကမ္ဘာ့ဈေးကွက်တွင်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည့် အားသာချက်တစ်ရပ်ဖြစ်လာကြောင်းကို သတိပြုရန်အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News

DOCA (ရန်ကုန်)