
အိန္ဒိယဗဟိုအစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းရှိမြို့ကြီးများတွင် တစ်ကီလိုလျှင် ရူပီး ၅၅ မှ ၆၀ အထိ ဈေးမြောက်နေသည့် ကြက်သွန်နီ ဈေးနှုန်းများကို ထိန်းချုပ်ရန်အတွက် ဩဂုတ်လ ၂၇ ရက် နေ့မှစတင်၍ ကြက်သွန်နီတစ်ကီလိုလျှင် သက်သာသည့်ဈေးနှုန်း ၃၅ ရူပီးဖြင့် လက်လီရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
ဈေးကွက်သို့ ဖြန့်ချိနေသော ကြက်သွန်နီများသည် ၂၀၂၆ ခုနှစ်အတွက် ထုတ်လုပ်သည့် ပြည်နယ်များတွင် သိုလှောင်ထားသည့် ကြက်သွန်နီ အရန်သိုလှောင်မှု တန်ချိန် ၁.၂၁ သိန်းမှ လာ ရောက်ခြင်းဖြစ်သည်။ ယင်းအရန်သိုလှောင်မှုမှ လက်လီဖြန့်ဖြူးရောင်းချခြင်းကို အေဂျင်စီသုံးခု ဖြစ်သည့် Nafed၊ အမျိုးသားစားသုံးသူများသမဝါယမအသင်းချုပ် (NCCF) နှင့် Kendriya Bhandar တို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကြက်သွန်နီတန်ချိန် ၆၂,၀၀၀ သိုလှောင်ထားသည့် NCCF အနေဖြင့် Kanda Express ရထားဖြင့် Nashik နှင့် Maharashtra ပြည်နယ်တို့မှ တန်ချိန် ၄၀၀ ပို့ဆောင်လျက်ရှိရာ ဩဂုတ်လ ၂၇ ရက်နေ့တွင် ဒေလီသို့ရောက်ရှိမည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။
အေဂျင်စီအနေဖြင့် Kendriya Bhandar စတိုးဆိုင် ၁၀၀ မှ ကြက်သွန်နီများကို လက်လီ ရောင်းချသွားမည်ဖြစ်ပြီး Mother Dairy ရှိ ဆိုင်ခွဲ ၃၀၀ တွင် ရောင်းချနိုင်ရေး စီစဉ်လျက်ရှိ ကြောင်း၊ ရထားတွဲများဖြင့်ရောက်ရှိလာသည့် ကြက်သွန်နီများကို Chandigarh ပြည်နယ်၊ Ludhiana ပြည်နယ်၊ Varanasi ပြည်နယ်နှင့် အခြားမြို့ကြီးများသို့ ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ကြက်သွန်နီတန်ချိန် ၅၅,၀၀၀ သိုလှောင်ထားသည့် Nafed ပြည်နယ်တွင် ဒေလီနှင့် အခြားမြို့ကြီးများနည်းတူ ကြက်သွန်နီဈေးနှုန်းကို တူညီစွာရောင်းချသွားမည်ဖြစ်ကြောင်း၊ တင်ပို့ မှုများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန်အတွက် အစိုးရအနေဖြင့် Kanda Express ကဲ့သို့သော ရထားတွဲများဖြင့် မြို့တော်သို့ ကြက်သွန်နီအမြောက်အမြား တင်ပို့လျက်ရှိကြောင်း သိရသည်။
ကြက်သွန်တန်ချိန် ၈၀၀ တင်ဆောင်ထားသည့် ပထမရထားတွဲသည် Nashik ပြည်နယ်မှ ထွက်ခွာသွားပြီဖြစ်ရာ ဒေလီသို့သွားနေဆဲဖြစ်ကြောင်း၊ ဒေလီအပြင် အခြားမြို့ကြီး၄မြို့ ဖြစ်သည့် Chennai၊ Ernakulam၊ Madurai နှင့် Guwahati တို့တွင် ရထားတွဲများဖြင့် သယ်ဆောင်လာသည့် ကြက်သွန်နီများကို လက်ခံရယူရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
ပြီးခဲ့သည့်လက အလွန်အမင်းမြင့်တက်ခဲ့သည့် ကြက်သွန်နီဈေးနှုန်းများကို ထိန်းချုပ်ရန် အတွက် အစိုးရမှ ကြားဝင်ထိန်းကျောင်းခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ဇူလိုင်လ ၂၅ ရက်နေ့၌ ကြက်သွန်နီတစ်ကီလိုလျှင် ရူပီး ၃၄.၈၀ ရှိခဲ့ရာမှ ဩဂုတ်လ ၂၅ ရက်နေ့တွင် ကြက်သွန်နီတစ်ကီလိုလျှင် ရူပီး ၄၄.၇၂ ဖြင့် ၂၈ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း၊ ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီများကို တစ်ကီလိုလျှင် ၂၈.၆၇ ရူပီးဖြင့် လက်လီရောင်းချ နေချိန်တွင် ၅၆ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခြေအနေသည် မြို့ကြီးများတွင် သိသာစွာဖြစ်ပေါ်ခဲ့ကြောင်း၊ ဗုဒ္ဓဟူးနေ့တွင် ကြက်သွန်နီ လက်လီဈေးနှုန်းများသည် Chennai ပြည်နယ်နှင့် Kolkata ပြည်နယ်တို့တွင် တစ် ကီလိုလျှင် ရူပီး ၆၀ နှုန်းဖြင့် လည်းကောင်း၊ ဒေလီတွင် တစ်ကီလိုလျှင် ၅၅ ရူပီးနှုန်းဖြင့်လည်း ကောင်း၊ Mumbai တွင် တစ်ကီလိုလျှင် ၄၈ ရူပီး ဖြင့်လည်းကောင်း၊ Ranchi တွင် တစ်ကီလိုလျှင် ၃၈ ရူပီးဖြင့်လည်းကောင်း အသီးသီးရှိကြောင်းသိရသည်။
လက်လီဈေးနှုန်းများနည်းတူ လက်ကားဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကြောင်း၊ ကြက်သွန်နီလက်ကားဈေးနှုန်းများသည် ယခင်က တစ်ကီလိုလျှင် ၂၂.၅၄ ရူပီးရှိခဲ့ရာမှ ဩဂုတ်လ ၂၅ ရက်တွင် တစ်ကီလိုလျှင် ၃၆.၇၃ ရူပီးဖြစ်ခဲ့ခြင်းကြောင့် ၆၃ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး လွန်ခဲ့သောသုံးလအတွင်း ၃၃.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဝန်ကြီးဌာနမှထုတ်ပြန်သည့် အချက်အလက်များအရသိရသည်။
ကြက်သွန်နီဈေးနှုန်းများမြင့်တက်လျက်ရှိသော်လည်း အစိုးရအနေဖြင့် လာမည့်လများ အထိ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီစေရေး ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ တွင် တန်ချိန် ၃၀၇.၃၇ သိန်း ထွက်ရှိရန်ခန့်မှန်းထားရာ ယခင်နှစ်ထွက်ရှိခဲ့သည့် တန်ချိန် ၃၀၇.၆၇ သိန်း နှင့်တူညီကြောင်းသိရသည်။
Source : The Hindu Businessline, 26 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
