Main menu

အာဆီယံကုန်သွယ်မှု မူဘောင်အောက်မှ ပြောင်းတန်ချိန် ၆ သိန်း တင်သွင်းမည့် အစီအစဉ် ထိုင်း အစိုးရရုပ်သိမ်း

Powered by Drupal

    ထိုင်းနိုင်ငံ၌ တောင်သူများ၏ ဝင်ငွေရရှိမှုနှင့် ဈေးနှုန်းများကို ထိန်းသိမ်းရန် လိုအပ်သည့် ပြည်တွင်းဈေးကွက်အခြေအနေများအရ  အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှုဧရိယာ (AFTA) အစီ အစဉ်အောက်မှ မွေးမြူရေးအစာပြောင်း တန်ချိန် ၆၀၀,၀၀၀ တင်သွင်းမည့် စီမံကိန်းကို စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ပြည်သူ့သိုလှောင်ရုံ အာဏာပိုင်အဖွဲ့ (PWO) က ဖျက်သိမ်းလိုက်ကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။

    ထိုင်းနိုင်ငံအတွင်းသို့ အာဆီယံကုန်သွယ်မှု မူဘောင်အောက်မှ အစာစပ်ပြောင်းများ တင်သွင်း ရန် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကြေညာချက်အမှတ် ၆၈/၂၀၂၆ ဖြင့် ထုတ်ပြန်ထားရှိခဲ့ပြီးနောက် သုံးရက်အကြာ တွင် PWO အဖွဲ့သည် ကြေညာချက်အမှတ် ၆၉/၂၀၂၆ ကို ထပ်မံထုတ်ပြန်လျက် ပြန်လည်ပယ်ဖျက် လိုက်ခြင်းဖြစ်သည်။

    အဆိုပါ စီမံကိန်းသည် လက်ရှိကာလဈေးကွက်နှင့် စီးပွားရေးအခြေအနေများနှင့်အညီ သက်ဆိုင်ရာ ကဏ္ဍအားလုံးအတွက် အကျိုးဖြစ်ထွန်းမှု အများဆုံးရရှိစေမည့် နည်းလမ်းဖြင့် စီမံ ခန့်ခွဲရန် လိုအပ်လျက်ရှိကြောင်း၊ ပြည်တွင်းအစာစပ်ပြောင်းဈေးနှုန်း တည်ငြိမ်မှုကို ထိန်းသိမ်း ရေးနှင့် ထိုင်းတောင်သူများ၏ ဝင်ငွေအဆင့်အတန်းကို ကာကွယ်ရေးတို့အတွက်  ယင်းအစီအစဉ် ကို ရုပ်သိမ်းရခြင်းဖြစ်ကြောင်း PWO က ပြောကြားခဲ့သည်။

    မူလကြေညာချက်၌ စိုက်ပျိုးရေးဈေးကွက် အခြေအနေများနှင့် ပြည်တွင်းတောင်သူများ အပေါ် သက်ရောက်လာနိုင်မှုများကို အဓိက ထည့်သွင်းစဉ်းစားလျက် လိုအပ်ပါက PWO အဖွဲ့ အနေဖြင့် ၎င်းစီမံကိန်းကို အဆင့်လျှော့ချခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြုလုပ်နိုင် သည်ဟု အခွင့်အာဏာကို အပ်နှင်းထားရှိခဲ့ခြင်းဖြစ်သည်။

    ထိုကဲ့သို့ စီမံကိန်းဖျက်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ရာ၌ ပြင်ဆင်မည့် ပြောင်း တင်သွင်းမှုပမာဏ၊ အစားထိုးဆောင်ရွက်မည့် အစီအစဉ် သို့မဟုတ် အာဆီယံမူဘောင်အောက်မှ အစာစပ်ပြောင်း တင်သွင်းမည့် အချိန်ဇယားအသစ် စသည်ဖြင့် မည်သည့်ပြင်ဆင်ချက် တစ်စုံ တစ်ရာကိုမျှ ဖော်ပြထားခြင်းမရှိကြောင်း သိရှိရသည်။

     ဤဆုံးဖြတ်ချက်အရ တင်သွင်းလာသော ကုန်ပစ္စည်းများကြောင့် ပြည်တွင်းပြောင်း ဈေး နှုန်းများ ကျဆင်းမသွားအောင် တားဆီးရန် အစိုးရက ကြိုးပမ်းနေစဉ် မွေးမြူရေးအစာ ထုတ်လုပ် သည့် လုပ်ငန်းများအနေဖြင့် ကုန်ကြမ်းပစ္စည်းများ မည်သို့ရယူမည်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ် များကို မည်သို့စီမံခန့်ခွဲမည်ဆိုသည့်အပေါ် ပြန်လည်အာရုံစိုက်လာစေသည်။

    ထိုင်းနိုင်ငံ၏ ပြောင်းသီးနှံဆိုင်ရာ မူဝါဒသည် ပြည်တွင်းစိုက်ပျိုးသူများ၏ အကျိုးစီးပွားနှင့် မွေးမြူရေးအစာ လုပ်ငန်းများ၏ ဈေးနှုန်းသက်သာစွာဖြင့် ကုန်ကြမ်းများ လုံလောက်စွာ ရရှိရန် လိုအပ်ချက်တို့အကြား ဟန်ချက်ညီမျှမှုရှိအောင် ချမှတ်ထားခြင်းဖြစ်သည်။

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ယခင်ခန့်မှန်းချက်များအရ ထိုင်း နိုင်ငံအနေဖြင့် တစ်နှစ်လျှင် အစာစပ်ပြောင်း တန်ချိန် ၉ သန်းခန့် လိုအပ်မှုရှိသော်လည်း ပြည် တွင်း၌ တန်ချိန် ၅ သန်းခန့်သာ ထုတ်လုပ်နိုင်သဖြင့် ပြည်ပမှတင်သွင်းသောပြောင်းနှင့် အစားထိုး သုံးစွဲနိုင်မည့် ကုန်ကြမ်းများဖြင့် ဖြည့်ဆည်းရမည့် တန်ချိန် ၄ သန်းခန့် လိုအပ်ချက် ရှိနေသည်။

    အာဆီယံကုန်သွယ်မှု မူဘောင်အောက်မှ အစာစပ်ပြောင်းများ တင်သွင်းမည့် စီမံကိန်းကို ဖျက်သိမ်းလိုက်ခြင်းသည် ပြည်တွင်းဈေးနှုန်း တည်ငြိမ်ရေးနှင့် တောင်သူများ၏ ဝင်ငွေအပေါ် ချက်ချင်း ပိုမိုဦးစားပေးလိုက်ခြင်းဖြစ်ပြီး မွေးမြူရေးအစာ ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များနှင့် ကုန်ကြမ်းရရှိနိုင်မှု အခြေအနေတို့ကို ဆက်လက်စောင့်ကြည့် လုပ်ဆောင် နေရဦးမည်ဖြစ်သည်။

Source: The Nation Thailand, 27 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)