Main menu

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ကမ္ဘောဒီးယားနှင့် RCEP အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော်အထိ ရှိလာ

Powered by Drupal

         ကမ္ဘောဒီးယားနိုင်ငံနှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ယခင်နှစ် တူညီသော ကာလထက် ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄.၄ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့ထုတ်ပြန်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။

         ဇန်နဝါရီမှ ဇွန်လအထိ ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံမှ RCEP အဖွဲ့ဝင်နိုင်ငံများသို့ ပို့ကုန်တင်ပို့မှုသည် ၁၁.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၅.၆၃ ဘီလီယံရှိခဲ့သည်။ တစ်ချိန်တည်း မှာပင် သွင်းကုန်တင်သွင်းမှုသည် ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဒေါ်လာ ၁၈.၈ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

         ယခုနှစ် ပထမ ၆ လအတွင်း ကမ္ဘောဒီးယား၏ စုစုပေါင်း ကမ္ဘာ့ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၈.၂ ဘီလီယံ၏ ၆၃.၉ ရာခိုင်နှုန်းအထိ ရှိခဲ့သောကြောင့် အဆိုပါ အာရှ-ပစိဖိတ် ဒေသတွင်း လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်ကြီးသည် ကမ္ဘောဒီးယား၏ အဓိက ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

         အဖွဲ့ဝင်နိုင်ငံများအနက် တရုတ်၊ ဗီယက်နမ်၊ စင်ကာပူ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့သည် ကမ္ဘောဒီးယား၏ ထိပ်တန်း ကုန်သွယ်ဖက် ၅ နိုင်ငံအဖြစ် ပေါ်ထွက်လာကြောင်း အစီရင်ခံစာအရ သိရသည်။ ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်သည် ကမ္ဘောဒီးယား၏ စီးပွားရေး တိုးတက်မှုကို ဆက်လက်မောင်းနှင်ပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

       RCEP သည် ကမ္ဘောဒီးယားနိုင်ငံ၏ ရေရှည် ပို့ကုန်တိုးတက်ရေးအတွက် အဓိက အရှိန်အဟုန်မြှင့်တင်ပေးသူအဖြစ် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို လာရောက်ရင်းနှီးမြှုပ်နှံ ရန် ဆွဲဆောင်နိုင်သည့် အင်အားကြီး တွန်းအားတစ်ခုအဖြစ်ရှိနေသည်။ ၂၀၂၂ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော RCEP တွင် အာရှ-ပစိဖိတ်ဒေသရှိ ၁၅ နိုင်ငံ ပါဝင်ပြီး အာဆီယံ ၁၀ နိုင်ငံနှင့်အတူ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ကို ပေါင်းစည်းထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)