Main menu

မော်ရိုကိုသို့စားအုန်းဆီနှင့် အေးခဲပုစွန်များတင်ပို့မှုမြှင့်တင်မည့်အင်ဒိုနီးရှား

Powered by Drupal

              အင်ဒိုနီးရှားနိုင်ငံသည် မော်ရိုကိုနိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်နှင့် လက်ရှိအချိန်အထိ အပြည့်အဝအသုံးချနိုင်ခြင်းမရှိသေးသည့် ပို့ကုန်အလားအလာများကို ဖော်ထုတ်အသုံးချနိုင်ရန် အဓိကပို့ကုန်ကုန်စည်များဖြစ်သည့် စားအုန်းဆီကြမ်းနှင့် အေးခဲပုစွန်များအပါအဝင် ကုန်ပစ္စည်း များ တိုးမြှင့်တင်ပို့ရန်ရည်မှန်းထားကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဒုတိယဝန်ကြီး Dyah Roro Esti က ဩဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားအနေနှင့် မော်ရိုကိုနိုင်ငံကို အန်ဟိုက်ဒရပ်စ် အမိုးနီးယား၊ ရေနံအုန်းဆီနှင့် ပြုပြင်ပြီးအုန်းဆီ၊ semi-finished သံနှင့် သံမဏိ ထုတ်ကုန်များ၊ အေးခဲပုစွန်များအပါအဝင် ထုတ်ကုန်များတင်ပို့နိုင်မည့် အလားအလာများစွာ ပိုင်ဆိုင်ထားသော်လည်း အပြည့်အဝအသုံးချနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဂျကာတာမြို့၌ ထုတ်ပြန်သည့်ကြေညာချက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါကုန်စည်များအပြင် နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးဆက်ဆံမှုများ ပိုမိုခိုင်မာလာသည်နှင့်အမျှ အခြားထုတ်ကုန်များကိုလည်း မော်ရိုကိုဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်မည်ဖြစ်ကြောင်း Esti က ပြောကြားခဲ့ပါသည်။ မော်ရိုကို နိုင်ငံသည် အင်ဒိုနီးရှားအတွက် ဓာတ်မြေဩဇာနှင့် အလူမီနီယမ်ကဲ့သို့ မဟာဗျူဟာမြောက် ကုန်ပစ္စည်းများကို အဓိကပံ့ပိုးပေးသည့်နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် အရေးပါသောကုန်သွယ်ဖက် နိုင်ငံဖြစ်ကြောင်း သိရပါသည်။ ဈေးကွက်ဝင်ရောက်ခွင့်တိုးချဲ့နိုင်ရေးသည် အင်ဒိုနီးရှားအစိုးရက အင်ဒိုနီးရှား-မော်ရိုကို ကုန်သွယ်ရေးသဘောတူညီချက် (Indonesia-Morocco Trade Agreement) ဆွေးနွေးမှုများကိုအရှိန်မြှင့်ရန်တွန်းအားပေးနေသည့် အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ပြီး အဆိုပါသဘောတူညီချက်ကို ၂၀၂၇ ခုနှစ်တွင် အပြီးသတ်ရန်ရည်မှန်းထားကြောင်း သိရပါ သည်။ ဩဂုတ် ၂၇ ရက်က မော်ရိုကိုနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Omar Hejira နှင့် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုများအပေါ် အွန်လိုင်း မှတစ်ဆင့် ဆက်လက်ဆွေးနွေးခဲ့ရာတွင် ယင်းဆွေးနွေးမှုများ ပြန်လည်အသက်ဝင်လာစေရေး သည် နှစ်နိုင်ငံစလုံးအတွက် စီးပွားရေးအကျိုးအမြတ်များပိုမိုရရှိစေရန် အရေးကြီးသော ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း Esti က အလေးပေးပြောကြားခဲ့ပါသည်။ ဆွေးနွေးမှုများတွင် လက်တွေ့ ကျသော အချိန်ဇယားတစ်ရပ်သတ်မှတ်ခြင်း၊ လက်ရှိရေးဆွဲထားသည့် သဘောတူညီချက်မူကြမ်း များအပေါ်အခြေခံ၍ ဆွေးနွေးမှုများဆက်လက်ပြုလုပ်ခြင်းနှင့် နှစ်နိုင်ငံစလုံးအတွက် မျှတပြီး အပြန်အလှန်အကျိုးရှိစေမည့် ဈေးကွက်ဝင်ရောက်ခွင့်ရည်မှန်းချက်များ သတ်မှတ်ခြင်းတို့ကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။ မော်ရိုကိုနိုင်ငံသည် အင်ဒိုနီးရှားထုတ်ကုန် များ အာဖရိက၊ ဥရောပနှင့် မြေထဲပင်လယ်ဒေသဈေးကွက်များသို့ ဝင်ရောက်နိုင်ရေးအတွက် မဟာဗျူဟာမြောက်တံခါးပေါက်တစ်ခုအဖြစ် အရေးပါကြောင်း သိရပါသည်။ တစ်ဖက်တွင်လည်း အင်ဒိုနီးရှားသည် မော်ရိုကိုနိုင်ငံအတွက် အာဆီယံနှင့် အင်ဒို-ပစိဖိတ်ဒေသဈေးကွက်များသို့ ဝင်ရောက်နိုင်ရန် တံခါးပေါက်တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနှင့် မော်ရိုကိုနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၅ သန်းရှိခဲ့ပြီး ယခင်နှစ်ထက် ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ အဆိုပါတိုးတက်မှုလမ်းကြောင်းသည် ၂၀၂၆ ခုနှစ် ပထမငါးလအတွင်းလည်း ဆက်လက် ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၃၇ ရာခိုင်နှုန်းတိုးတက်ကာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၀ သန်းအထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှား၏ မော်ရိုကိုနိုင်ငံသို့ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၅၄.၉ သန်းရှိခဲ့ပြီး ကော်ဖီ၊ လေဖိအားသုံးတာယာ၊ တိရစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်မှရရှိသည့် အဆီနှင့် ဆီများ၊ margarine နှင့် ပြုပြင်ပြီးအစားအစာများ၊ ကျောက်မီးသွေးတို့ကို အဓိကတင်ပို့ခဲ့ကြောင်း သိရပါ သည်။ အလားတူ ၂၀၂၅ ခုနှစ်တွင် မော်ရိုကိုနိုင်ငံမှ အင်ဒိုနီးရှားသို့ တင်သွင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၈၀.၁ သန်းရှိခဲ့ပြီး သတ္တုဓာတ် သို့မဟုတ် ဓာတုဗေဒဓာတ်မြေဩဇာများ၊ ဖော့စဖိတ်ဓာတ်မြေဩဇာများ၊ မပြုပြင်ရသေးသည့် အလူမီနီယမ်နှင့် အမျိုးသမီးဝတ်အဝတ် အထည်များကို အဓိကတင်သွင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အင်ဒိုနီးရှား၏ မော်ရိုကိုနိုင်ငံသို့ပို့ကုန်များသည် ပျမ်းမျှ ၄.၉၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး မော်ရိုကို နိုင်ငံသည် အင်ဒိုနီးရှား၏ ၇၄ ခုမြောက် အကြီးဆုံးပို့ကုန်ဈေးကွက်အဖြစ် ရပ်တည်နေကြောင်း သိရပါသည်။

DOCA (ရန်ကုန်)