Main menu

ကုန်သွယ်ရေးသဘောတူညီချက်များကို အသုံးချရန်ကုန်ထုတ်လုပ်ငန်းများကို တိုက်တွန်းခဲ့သည့် အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး

Powered by Drupal

         အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso က အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများအပါအဝင် ကုန်ထုတ်လုပ်ငန်းများအနေဖြင့် နိုင်ငံ၏ မိတ်ဖက်နိုင်ငံများနှင့် ချုပ်ဆိုထားသည့် ကုန်သွယ်ရေးသဘောတူညီချက်များကို အပြည့်အဝအသုံးချရန် ဆက်လက် တိုက်တွန်းလျက်ရှိကြောင်း သိရပါသည်။ ကုန်သွယ်ရေးသဘောတူညီချက်များကို အသုံးချခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပဈေးကွက်ဝင်ရောက်ခွင့် ပိုမိုချဲ့ထွင်နိုင်ပြီး ထုတ်ကုန်တင်ပို့မှုကိုလည်း တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ Santoso က စီးပွားရေးလုပ်ငန်းများအနေဖြင့် ပို့ကုန်ဈေးကွက်များတွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အကောက် ခွန်နှုန်းထား အထူးအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိအချိန်အထိ ကုန်သွယ်ရေးသဘောတူညီချက် ၂၀ ခုကို အကောင်အထည်ဖော်ထားပြီး သဘော တူညီချက် ၁၅ ခုမှာ အတည်ပြုရေးလုပ်ငန်းစဉ်တွင်ရှိနေသကဲ့သို့ ၁၁ ခုမှာလည်း ဆွေးနွေးညှိနှိုင်း နေဆဲဖြစ်ကြောင်း ဇူလိုင် ၁၈ ရက်တွင်ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထားပါသည်။ ဝန်ကြီး Santoso  သည် ဇူလိုင် ၁၆ ရက်က ကုန်သွယ်ရေးဝန်ကြီးဌာနတွင် Denso Global နှင့် Denso Group Indonesia မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် အင်ဒိုနီးရှားနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်ရေးအတွက် အကြံပြုချက်များကို လက်ခံဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အဆိုပါ အကြံပြုချက်များတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမိုရိုးရှင်းလွယ်ကူစေရေးနှင့် ပို့ကုန်လုပ်ငန်းများချောမွေ့စေရန် အခြေခံအဆောက်အအုံများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးတို့ပါဝင်ကြောင်း သိရပါသည်။ ဝန်ကြီးက ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် အီလက်ထရွန်နစ် မူရင်းနိုင်ငံအသိအမှတ်ပြုလက်မှတ် (e-SKA) စနစ်ကို ဖော်ဆောင်ခြင်းဖြင့် ဦးစားပေးအကောက်ခွန် ခံစားခွင့်အတွက် မူရင်းနိုင်ငံအသိအမှတ်ပြုလက်မှတ် (SKA) အသုံးပြုမှုကို အလိုအလျောက် ဆောင်ရွက်နိုင်ရန်စီစဉ်ထားပြီး ကုန်သွယ်ရေးဆိုင်ရာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ရိုးရှင်းလွယ်ကူစေရန် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါစနစ် မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ချုပ်ဆိုထားသည့် နိုင်ငံများ သို့ ကုန်ပစ္စည်းတင်ပို့သည့် စီးပွားရေးလုပ်ငန်းများအား ဦးစားပေးအကောက်ခွန်နှုန်းထား အထူးအခွင့်အရေးများကို အသုံးပြုနိုင်ရန် အလိုအလျောက်လမ်းညွှန်ပေးသွားမည်ဖြစ်ကြောင်း သိရပါ သည်။ လက်ရှိတွင် အဆိုပါ SKA အလိုအလျောက်စနစ်ကို အာရပ်စော်ဘွားများပြည်ထောင်စု၊ ဟောင်ကောင်၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် ပါကစ္စတန်နိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ကျင့်သုံးလျက်ရှိကြောင်း သိရပါသည်။ ဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံ၏ SKA စနစ်ကို အလိုအလျောက်စနစ်အဖြစ် ပြောင်းလဲထားပြီးဖြစ်ကြောင်း၊ အင်ဒိုနီးရှားနှင့် ကုန်သွယ်ရေးသဘောတူညီချက်ချုပ်ဆိုထားသည့်နိုင်ငံများသို့ ကုန်ပစ္စည်းတင်ပို့သည့်အခါ စနစ်က ဦးစားပေးအကောက်ခွန်အထူးအခွင့်အရေးများကိုအသုံးပြုနိုင်ရန် တိုက်ရိုက်လမ်းညွှန်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ အထူးသဖြင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာပြဿနာများကိုဖြေရှင်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများနှင့် ဆက်လက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပို့ကုန်လုပ်ငန်းများချောမွေ့စေရန်နှင့် စီးပွားရေးလုပ်ကိုင်ရန် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရေးအတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများကို ဆက်လက်ပံ့ပိုးဆောင်ရွက်သွားရန် ၎င်းတို့ ကတိပြုထားကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)