
အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အကောင်အထည်ဖော်နိုင်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ရူပီး ၁,၀၁၀.၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၆.၁ ဘီလီယံ) ရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလထက် ၇.၂ ရာခိုင်နှုန်း တိုးတက်လာကာ ယခုနှစ်အတွက် သတ်မှတ် ထားသည့် ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်၏ ထက်ဝက်နီးပါးကိုပြည့်မီခဲ့သည့်အပြင် အလုပ်အကိုင် ၁.၄၄ သန်း ဖန်တီးပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေးဝန်ကြီး Rosan Roeslani က ပြောကြားခဲ့ပါသည်။ ဇူလိုင် ၁၇ ရက်က ထုတ်ပြန်သည့် သတင်းထုတ်ပြန် ချက်အရ အဆိုပါရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အစိုးရက ၂၀၂၆ ခုနှစ်အတွက် သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက် ရူပီး ၂,၀၄၁.၃ ထရီလီယံ၏ ၄၉.၅ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရ ပါသည်။ ဝန်ကြီး Rosan Roeslani က ပထမနှစ်ဝက်အတွင်း ရရှိခဲ့သည့် ရလဒ်များကြောင့် အင်ဒိုနီးရှားအနေဖြင့် ယခုနှစ်အတွက်ချမှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်ကို ပြည့်မီနိုင်မည့်လမ်းကြောင်းပေါ်တွင် ဆက်လက်ရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင် ၁.၄၄ သန်း ဖန်တီးပေးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ နှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံလိုသည့် ရင်းနှီးမြှုပ်နှံသူများ၏ကတိကဝတ်သည် ၂၀၂၆ ခုနှစ် အတွက် သတ်မှတ်ထားသည့် ရည်မှန်းချက်နှင့်အညီ ဆက်လက်တည်ရှိနေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ဂျာဗားကျွန်းပြင်ပဒေသများသို့ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဂျာဗားကျွန်းအတွင်းဝင်ရောက်လာသည့်ပမာဏထက် အနည်းငယ်ပိုမိုများပြားခဲ့ပြီး ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုကိုမျှတစေရန် အစိုးရ၏မူဝါဒကို အထောက်အကူပြုခဲ့ကြောင်း သိရပါသည်။ ဂျာဗားကျွန်းတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီး ၅၀၂.၈ ထရီလီယံ ရရှိခဲ့ပြီး စုစုပေါင်း၏ ၄၉.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရပါသည်။ ဂျာဗားကျွန်းပြင်ပဒေသများတွင်မူ ရူပီး ၅၀၇.၈ ထရီလီယံ ရရှိခဲ့ပြီး စုစုပေါင်း၏ ၅၀.၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ကာလအတွင်း ပြည်တွင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုတို့မှာလည်း မျှတစွာဆက်လက်ရှိနေခဲ့ကြောင်း ဝန်ကြီးကပြောကြားခဲ့ပါသည်။ ပြည်တွင်း တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ရူပီး ၅၀၂.၉ ထရီလီယံရှိပြီး စုစုပေါင်း၏ ၄၉.၈ ရာခိုင်နှုန်းရှိကာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ရူပီး ၅၀၇.၆ ထရီလီယံရှိပြီး စုစုပေါင်း၏ ၅၀.၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့်နိုင်ငံမှာ စင်ကာပူဖြစ်ပြီး အမေရိကန် ဒေါ်လာ ၈.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရပါသည်။ ထို့နောက် ဟောင်ကောင်က အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ၊ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ၊ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံနှင့် အမေရိကန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ အသီးသီး ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း သိရပါသည်။ အဆိုပါနိုင်ငံနှင့်ဒေသငါးခုမှ ရင်းနှီးမြှုပ်နှံမှု သည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၇၇.၈ ရာခိုင်နှုန်းခန့် ရှိခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးက ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးမရေရာမှုများဆက်လက်ဖြစ်ပေါ်နေသော်လည်း အင်ဒိုနီးရှားနိုင်ငံ အပေါ် ရင်းနှီးမြှုပ်နှံသူများ၏ယုံကြည်မှုမှာ ခိုင်မာနေဆဲဖြစ်သည်ကို အဆိုပါ ကိန်းဂဏန်းများက ဖော်ပြနေကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
