
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၁၉-၅-၂၀၂၆ ရက်နေ့တွင် အုတ်ကျင်းရပ်ကွက်ရှိ ရတနာထွန်း (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ CARTOON အမှတ်တံဆိပ်ပါ နို့စိမ်းကိတ်ခြောက်သည် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြ ထားမှုမရှိသော ကုန်ပစ္စည်းများကို ဝယ်ယူဖြန့်ဖြူး ရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမား အတုအပအမှတ် တံဆိပ်များ ရောင်းဝယ်ခြင်းမပြုလုပ်ကြရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
