
ကောက်ရိုးမှိုသည် မြန်မာလူမျိူးတို့နှစ်သက်သော အစားအစာတစ်မျိူးဖြစ်သည်။ ကန်စွန်းရွက် နှင့်ကြော်စား၍လည်းရသလို အသားနှင့်လဲ ချက်ပြုတ်စားသောက်ကြသည်။ ကောက်ရိုးမှိုသည် သဘာဝအလျှောက် ကောက်ရိုးပုံများ၊ ရိုးပြတ်ပုံများမှ အလိုအလျှောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာသည်ကိုလည်း တွေ့ရှိရသည်။ ကျေးလက်ဒေသများတွင် ကောက်ရိုးများကို မှိုဆေးများ သုံးပြီး ရေလောင်း၍ တစ်နိူင်တစ်ပိုင်စီးပွားဖြစ် စိုက်ပျိူး ကြသည်။ ဇီးကုန်းမြို့တွင်တစ်နိူင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိူးသူပြောပြချက်အရ မှိုစိုက်ပျိူးရာတွင် အခြေခံ ကုန်ကြမ်းများဖြစ်သည့် ရိုးပြတ်များ ကောက်ရိုးများဂျပ်စက္ကူများကို နွားချေး၊ မြေဆွေး၊ မှိုမျိူးဆေးနှင့် ရောစပ်ပြီး ရိုးပြတ်များကိုရေစွတ်၍ အလျား(၁၀)ပေ၊ အနံ(၃)ပေ၊ မှိုပုံများပြုလုပ် စိုက်ပျိူးကြသည်။ မှိုတစ်ပုံလျှင်သွင်းအားစု အနေဖြင့်(၅၀၀၀၀)ခန့်ကုန်ကြပြီး စိုက်ပျိူးပြီး(၂၀)ရက်ခန့်တွင် ခူးဆွတ်ရကြောင်း ကောက်ရိုးမှိုတစ်ပုံလျှင် (၁၀) ပိဿာခန့်ထိ ခူဆွတ်ရကြောင်း ဈေးကွက်တွင် ကောက်ရိုးမှို တစ်ပိဿာလျှင် (၇၀၀၀) ခန့် ရောင်းချရသောကြောင့် စိုက်ပျိူးသူတောင်သူများ အနေဖြင့် ထိုက်သင့်သည့် အကျိူးအမြတ်ရရှိကြောင်း စုံစမ်းမေးမြန်းသိရှိခဲ့ရပါသည်။
DOCA( ပဲခူး)
