
အင်ဒိုနီးရှားနိုင်ငံအခြေခံအဆောက်အအုံနှင့် စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Agus Harimurti Yudhoyono(AHY) သည် အင်ဒိုနီးရှားနှင့် ဆွစ်ဇာလန်အကြား စိမ်းလန်းသော၊ ထိရောက်မှုရှိသော၊ အလုံးစုံခြုံငုံမှုရှိသောအခြေခံအဆောက်အအုံတည်ထောင်ရေးတွင်ပူးပေါင်း ဆောင်ရွက်မှုနက်ရှိုင်းခြင်း၏ အရေးပါမှုကို ပြောကြားခဲ့ကြောင်း သိရပါသည်။ ဆွစ်ဇာလန်နိုင်ငံ စီးပွားရေးရာ၊ ပညာရေးနှင့် သုတေသနဖက်ဒရယ်ဝန်ကြီး H.E. Guy Parmelin နှင့် ဂျကာတာမြို့ တွင် အောက်တိုဘာလ ၂ ရက်နေ့က အပြန်အလှန်အစည်းအဝေးအတွင်း AHY ကအခြေခံ အဆောက်အအုံကဏ္ဍတွင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုအလားအလာ သိသာထင်ရှားမှုကို အသားပေးပြောကြားခဲ့ပြီး ဆွစ်ဇာလန်၏ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များ၊ သန့်စင် သောစွမ်းအင်၊ ဟိုက်ဒရိုပါဝါအသုံးပြုခြင်းနှင့် ခေတ်မီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတို့တွင် ကာလ ကြာရှည်အတွ့အကြုံရှိမှုသည် အင်ဒိုနီးရှား၏ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် တန်ဖိုးရှိသော ကိုးကားမှီငြမ်းချက်များဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလောနှစ်များအတွင်း ဂျကာတာရှိ ဆွစ်ဇာလန်စီးပွားရေးစင်တာသည် ဆွစ်ဇာလန်-အင်ဒိုနီးရှား ဟိုက်ဒရိုပါဝါကွန့်ဖရန့် ကျင်းပခြင်းပါဝင်သော ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာဆောင်ရွက်လျှက်ရှိကြောင်း သိရ ပါသည်။ AHY က အခြေခံအဆောက်အအုံဘဏ္ဍာရေးနှင့် သန့်စင်သောစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး တို့တွင် ပူးပေါင်းဆောင်ရွက်မှုဆက်လက်အားကောင်းရန်အတွက် ခိုင်မာသောခြေလှမ်းများလိုအပ် ကြောင်း ပြောကြားခဲ့ပါသည်။ Parmelin ကအင်ဒိုနီးရှားနှင့်မိတ်ဖက်ဖွဲ့မှုတိုးမြှင့်မည့် ဆွစ်ဇာလန် ၏ ကတိကဝတ်ပြုမှုကို ပြန်လည်အတည်ပြုခဲ့ပြီး လတ်တလောတွင် ဆွစ်ဇာလန်ကုမ္ပဏီ ၁၅၀ ကျော်သည် အင်ဒိုနီးရှား၌လည်ပတ်နေပြီး အရည်အသွေးမြင့်အလုပ်အကိုင်ထောင်ပေါင်းများစွာ ဖန်တီးပေးကာ ဆန်းသစ်တီထွင်မှုအရှိန်မြှင့်တင်နေကြောင်း ပြောကြားခဲ့ပါသည်။ Team Switzerland Infrastructure initiative မှတစ်ဆင့် ဆွစ်ဇာလန်သည် အင်ဒိုနီးရှား၏ ကြံကြံခံနိုင် ပြီး တည်ငြိမ်သောအခြေခံအဆောက်အအုံတည်ဆောက်ရန် ရည်မှန်းချက်ကို ပံ့ပိုးပေးရန် အဆင် သင့်ဖြစ်နေကြောင်း Parmelin ကပြောကြားခဲ့ပါသည်။ အစည်းအဝေး၏တစ်စိတ်တစ်ပိုင်းအနေ ဖြင့် ဆွစ်ဇာလန်စက်မှုလုပ်ငန်းအသင်းနှင့် အင်ဒိုနီးရှားလျှပ်စစ်အသင်းတို့သည် စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍတွင် စီးပွားရေးအခွင့်အလမ်းများရှာဖွေရန်နှင့် နည်းစနစ်ဖလှယ်မှုအရှိန်မြှင့်တင်ရန် အတွက် MoU လက်မှတ်ရေးထိုခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)
