Main menu

တီလားပီးယားငါးကို မဟာဗျူဟာမြောက် ပို့ကုန်အဖြစ် တင်ပို့နိုင်ရေး ဗီယက်နမ် ကြိုးပမ်း

Powered by Drupal

    တီလားပီးယားငါးသည် ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုလုပ်ငန်းကို အထောက် အပံ့ ပေးနိုင်သည့် မဟာဗျူဟာမြောက် ပို့ကုန်အမယ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း Vietnam News သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

    ဗီယက်နမ်နိုင်ငံ အနေဖြင့် ဈေးကွက်အခွင့်အလမ်းများနှင့် နည်းပညာစွမ်းဆောင်ရည်တို့နှင့် လိုက်လျောညီထွေစွာ တီလားပီးယားငါးကို အဓိကပို့ကုန်အဖြစ် ထူထောင်ရန်နှင့် တန်ဖိုးမြှင့် ထုတ်ကုန်တစ်ခု အဖြစ်ဖန်တီးရန် အခွင့်အလမ်းများစွာရှိကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနက ဖော်ပြထားသည်။

  အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ယခုအခါ တီလားပီးယားငါး သည် နိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ငါးမွေးမြူရေး နယ်မြေဧရိယာများတွင် အရေးပါသည့် ရေထွက်ကုန်တစ်ခုအဖြစ် ထွက်ပေါ်လာပြီဖြစ်ကြောင်း၊ ယခင်နှစ်၌ တီလားပီးယားငါး မွေးမြူရေး ဧရိယာ ဟက်တာ ၄၂,၀၀၀ မှ တန်ချိန် ၃၁၆,၀၀၀ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၂၀၂၀ စီမံကိန်းနှင့် နှိုင်းယှဉ်လျှင် ပြီးခဲ့သည့်နှစ်တွင် တီလားပီးယား မွေးမြူရေးဧရိယာ ၁၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊ ထုတ်လုပ်မှုအားဖြင့် ၁၁.၀၅ ရာခိုင်နှုန်း တိုးတက်လျက်  ဒေါ်လာသန်း ၄၀ ပို့ကုန်ဝင်‌ငွေ ရှာဖွေနိုင်ခဲ့ ကြောင်း သိရှိရပါသည်။

  တီလားပီးယားငါး မွေးမြူခြင်းနှင့် စားသုံးခြင်းတို့ကို မြှင့်တင်ရန်အတွက် ဗီယက်နမ် ငါးလုပ်ငန်းဦးစီးဌာနသည် လုပ်ငန်းစဉ်အုပ်စု ၈ ရပ်ကို အဆိုပြုထားသည်။ စီးပွားရေး‌ ဂေဟစနစ် အခြေအနေများအပေါ် အခြေခံပြီး ငါးမွေးမြူရေးနေရာများကို ပြန်လည်နေရာချခြင်းနှင့် ပြန်လည် သုံးသပ်ခြင်း၊ မွေးမြူရေးနှင့် သားဖောက်နေရာများအတွက် အခြေခံအဆောက်အအုံများ၌ ရင်းနှီး မြှုပ်နှံခြင်း၊ အရည်အသွေးမြင့် သားဖောက်စနစ်အား ပြီးစီးအောင် ဖော်ဆောင်ခြင်းနှင့် ဒေသတွင်း သားဖောက်စင်တာများ၌  ခြေရာခံခြင်းဆောင်ရွက်နိုင်အောင် စီစဉ်ထားရှိခြင်း၊ အခြားငါးမျိုးစိတ် များနှင့် မျိုးစပ်ခြင်းကို တားဆီးခြင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများ၊ အသိအမှတ်ပြုလက်မှတ်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်ရန် ဖော်ပြထားပါသည်။

  တစ်ချိန်တည်းမှာပင် အဆင်မြင့်မွေးမြူရေး နည်းပညာများကို အသုံးပြုခြင်း၊ သဘာဝ‌ ရောဂါဘေးဒဏ် စီမံခန့်ခွဲမှုကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ အရည်အသွေးမြင့် ကုန်ကြမ်းငါးစာ များအားကျွေးခြင်း စသည်တို့ကို ဆောင်ရွက်ရန်လိုအပ်ပါကြောင်း သိရှိရပါသည်။

  ပြည်တွင်းစားသုံးမှုတိုးချဲ့ခြင်း၊ ခြေရာခံခြင်းအတွက် မွေးမြူရေးမှတ်ပုံတင်ခြင်း၊ တန်ဖိုးမြှင့် ကွင်းဆက်ပုံစံများဖန်တီးခြင်း၊ ထုတ်လုပ်သူ-အဆင့်ဆင့်ပြုပြင်သူ-စားသုံးသူပုံစံများ တည်ဆောက် ခြင်း စသည်တို့ကိုထောက်ပံ့ပေးရန်လိုအပ်ကြောင်း အဆိုပါဌာနက အဆိုပြုထားသည်။

 ထုတ်လုပ်မှုနည်းပညာတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ASC ၊ BAP သို့မဟုတ်  VietGAP ကဲ့သို့သော အသိအမှတ်ပြုလက်မှတ်များနှင့် ချိတ်ဆက်ထားသည့် ဗီယက်နမ်တီလားပီးယား အမှတ်တံဆိပ် ကို တည်ဆောက်ခြင်း၊ ပို့ကုန်ဈေးကွက်များကို ခွဲခြားစိတ်ဖြာခြင်း စသည်တို့ကိုဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။

  မူဝါဒနှင့် သိပ္ပံနည်းပညာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ထုတ်လုပ်မှုဆိုင်ရာချိတ်ဆက်မှုများ နှင့် ထောက်ပံ့မှုအတွက် မူဝါဒများ ချမှတ်ခြင်း၊ ငါးမွေးမြူရေးစီမံခန့်ခွဲမှုအတွက် သင်တန်းပေးခြင်း၊ ခြေရာခံခြင်း၊ သားဖောက်ခြင်း၊ အစာကျွေးခြင်း၊ ရေအရည်အသွေးထိန်းသိမ်းခြင်း စသည်တို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း သိရှိရပါသည်။

  အရည်အသွေးစီမံခန့်ခွဲမှုနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမှုလုပ်ငန်းစဉ်တွင် ပို့ကုန် ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ချိတ်ဆက်ထားသည့် စီးပွားဖြစ်ငါးမွေးကန်များအား VietGAP ၊ ASC နှင့် BAP ကဲ့သို့သော အသိအမှတ်ပြုလက်မှတ်များရရှိအောင် အကောင်အထည်ဖော်ဆောင်ခြင်း၊ အရည်အသွေးစီမံခန့်ခွဲမှုနှင့် ခြေရာခံမှုစနစ်များကို တည်ထောင်ခြင်း၊ နိုင်ငံအဆင့် အသိအမှတ်ပြု လက်မှတ်များထုတ်ပေးနိုင်ရေးအတွက် တောင်သူများနှင့် လုပ်ငန်းရှင်အစုအဖွဲ့များအား ထောက်ပံ့ပေးခြင်း စသည်တို့ကို ပါဝင်ပါသည်။

  တီလားပီးယားငါး မွေးမြူရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ဈေးကွက်၏ ဦးတည်ရာ၊ ဈေးကွက် အလားအလာနှင့် အခွင့်အလမ်းများအား အကဲဖြတ်ခြင်းကို လုပ်ဆောင်ရန် လုပ်ငန်းရှင်များက သဘောတူညီထားကြောင်း၊ အစိုးရအနေဖြင့် တောင်သူများအား ငါးဖမ်းနည်းအသစ်များ ကျင့်သုံးအောင် အားပေးသည့်အနေဖြင့် ဘဏ်ချေးငွေများရရှိအောင်ဆောင်ရွက်ပေးရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် မွေးမြူရေးနည်းပညာအတွက် Green Development Fund ရန်ပုံငွေ တည်ထောင်ခြင်းကိုအဆိုပြုပေးရန်နှင့် အရည်အသွေးမြင့်သားဖောက်မှုမျိူးစိပ်များရရှိအောင် ထောက်ပံ့ပေးရန် စသည်တို့ကို  ၎င်းတို့က အကြံပြုထားကြောင်းသိရှိရပါသည်။

Source : Vietnam News, Oct 20, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)